ပေထုန်တန်သည် ဝန်ကြီးချုပ်နှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် အစိုးရအဖွဲ့သစ်တွင် တာဝန်ထမ်းဆောင်မည်
ပေထုန်တန် ရှင်နာဝပ်ထရာသည် အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်နှင့် ယဉ်ကျေးမှုဝန်ကြီးတာဝန်နှစ်ရပ်ကို တစ်ပြိုင်နက် ထမ်းဆောင်မည် ဖြစ်ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁) က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ပြန်တမ်းတွင် ကြေညာ ခဲ့သည်။ အစိုးရအဖွဲ့သစ်ဖွဲ့စည်းပုံကို ဘုရင်မင်းမြတ်က အတည်ပြုခဲ့ပြီး ကတိသစ္စာပြုခြင်းအခမ်းအနားကို ကြာသပတေးနေ့ (ဇူလိုင် ၃) တွင် ကျင်းပမည်ဖြစ်သည်။
တနင်္လာနေ့ (ဇွန် ၃၀) တွင် ဆုံးဖြတ်ခဲ့ပြီး အင်္ဂါနေ့ (ဇူလိုင် ၁) တွင် ထုတ်ပြန် ခဲ့သည့် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည့်အတိုင်း ပေထုန်တန် သည် ဝန်ကြီးချုပ်တာဝန်ကို ဆက်လက်ထမ်းဆောင်ကာ ယဉ်ကျေးမှု ဝန်ကြီးဌာနကိုပါ တာဝန်ယူမည်ဖြစ်သည်။
နိုင်ငံရေးလေ့လာသူများက ယခုလုပ်ဆောင်မှုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရားရုံးက အင်္ဂါနေ့ (ဇူလိုင် ၁) နှောင်းပိုင်းတွင် ချမှတ်မည့် ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်စဲခံရပါက အစိုးရ အဖွဲ့ အတွင်း ရာထူးဆက်လက်ရယူနိုင်ရန် နည်းဗျူဟာတစ်ရပ်အဖြစ် သုံးသပ် ကြသည်။
လွန်ခဲ့သည့်လက ပေါက်ကြားခဲ့သော ကမ္ဘောဒီးယားဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန် နှင့် ပြောဆိုခဲ့သော ဖုန်းစကားပြောဆိုမှု အသံဖိုင်တွင် ကျင့်ဝတ်ဆိုင်ရာ ပြင်းထန်စွာချိုးဖောက်မှုများ ပါဝင်သည်ဟု စွပ်စွဲထားသော လျှောက်ထားချက် အား တရားရုံးက လက်ခံ/မခံ ကို ဆုံးဖြတ်ရန် ရှိသည်။
ပေထုန်တန် ရှင်နာဝပ်ထရာသည် ထိုယူဆချက်များကို ငြင်းဆိုခဲ့ပြီး သူမ၏ ထပ်ဆောင်းတာဝန်ယူမှုသည် အစိုးရ၏ Soft Power မူဝါဒကို တိုက်ရိုက်ကြီးကြပ်လိုသည့် ဆန္ဒကို ထင်ဟပ်စေကြောင်း ပြောကြား ခဲ့သည်။
အစိုးရအဖွဲ့သစ်တွင် အဓိကပြောင်းလဲမှုများမှာ ဖူထမ် ဝိဂျရာချိုင် (Phumtham Wejayachai) သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်လာခြင်းဖြစ်သည်။ ၎င်း၏ ယခင်ကာကွယ်ရေး ဝန်ကြီး ရာထူး ကိုမူ လစ်လပ်ထားခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖီချိုင် နာရီပတာဖန် (Pichai Naripthaphan) အစား သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အမြဲတမ်း အတွင်းဝန် ရတပွန်ဘရွတ်စပတ် (Jatuporn Buruspat) က အစားထိုး တာဝန်ယူမည်ဖြစ်ပြီး အတွေ့အကြုံရင့် ဆူခတ် တန်ချာရွန် (Suchart Tanchareon) သည် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ပြန်လည် ရောက်ရှိ လာသည်။
ပေထုန်တန်က ထပ်ဆောင်းတာဝန်ယူခဲ့သည့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဆူဒဝမ် ဝမ်ဆုဖတ်ဂျိုဆော (Sudawan Wangsuphakijkosol) သည် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် နည်းပညာ ဆန်းသစ်တီထွင်ရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
နာရူမွန် ပင်ယိုဆင်ဝပ် (Narumon Pinyosinwat) သည် စိုက်ပျိုးရေး နှင့်သမဝါယမဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်မည်။
ဖီချိုင် ချွန်ဟဗာရိယ (Pichai Chunhavajira) သည် ဘဏ္ဍာရေး ဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်မည် ဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂