အီရန်က ယူကရိန်း၏ မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက်၍ 'နောက်ဆက်တွဲအကျိုးဆက်များ' ရှိလာနိုင်ကြောင်း သတိပေး
တီဟီရန်မှ ယူကရိန်းဆိုင်ရာ ယာယီ သံအမတ်ကြီးကို ဆင့်ခေါ်၍ အမေရိကန် -အစ္စရေးတို့၏ မကြာသေးမီက အီရန်ကို ပစ်ခတ်မှုအား ယူကရိန်းအရာရှိများက ထောက်ခံသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ တရားဝင် ကန့်ကွက်ကြောင်း ကန့်ကွက်လွှာပေးအပ်ခဲ့ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့ (ဇွန် ၃၀) တွင် အဆိုပါလုပ်ဆောင်မှုကို ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ “အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းအရာရှိအချို့၏ ဘက်လိုက် ပြောဆိုချက်များ” ကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်ဟု ဖော်ပြထားသည်။
ပထမယူရေးရှားဌာနခွဲ၏ အကြီးအကဲ Shahram Farsai က ယူကရိန်း သံအမတ်အား “အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုကို ထောက်ခံခြင်းဖြင့်ယူကရိန်းအရာရှိများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ဂျီနီဗာ သဘောတူညီချက် လေးရပ်တို့၏ အခြေခံမူများကို လေးစားရန် ယူကရိန်း ၏ အပြည်ပြည်ဆိုင်ရာဥပဒေအရ တာဝန်များကို လျစ်လျူရှုခဲ့ကြောင်း” ပြောကြားခဲ့သည်။
ယူကရိန်းသံတမန်က အီရန်အရာရှိများအား ၎င်းတို့၏ ကန့်ကွက်ချက်ကို ကိယက်ဗ်သို့ အမြန်ဆုံးလွှဲအပ်မည်ဟု အာမခံခဲ့သည်ဟု သိရသည်။ အီရန်အာဏာပိုင်များက ကိယက်ဗ်မှဖော်ပြခဲ့သည့် “ရန်လိုသော စည်းရုံး လှုံ့ဆော်မှုဆိုင်ရာ လုပ်ရပ်များ” ဆက်လက်ပြုလုပ်ပါက နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအရာရှိအချို့၏ အမည်နှင့် ထုတ်ပြန်ချက်အသေးစိတ်ကို သီးသန့်ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ၁၂ ရက်ကြာ စစ်ပွဲအတွင်း ကာတာရှိ အမေရိကန် Al-Udeid လေတပ်စခန်းအား အီရန်၏ ဇွန်လ ၂၃ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုအပေါ် Kiev က တရားဝင် ရှုတ်ချခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက တီဟီရန်သည် မော်စကိုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး “အရှေ့ အလယ်ပိုင်းနှင့် ဥရောပကို မတည်ငြိမ်အောင်လုပ်ဆောင်နေသည်” ဟု စွပ်စွဲခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်က Sky News နှင့်အင်တာဗျူးတစ်ခုတွင် ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက ၎င်း၏နိုင်ငံနှင့် အီရန်တို့ဆက်ဆံရေး ကို “အလွန်ရှုပ်ထွေးသော” ဆက်ဆံရေးဟု ဖော်ပြခဲ့ပြီး အီရန်အား ရုရှား ကို ထောက်ခံသည်ဟု ဝေဖန်ခဲ့သည်။ ဇီလန်စကီးက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုကို ထောက်ခံခဲ့ပြီး ၎င်းကို “အားကောင်းပြီး မှန်ကန်သော လုပ်ရပ်’ ဟု မှတ်ချက်ပြုခဲ့သည်။
အီရန်နှင့် မော်စကိုတို့က ၎င်းတို့၏ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် တတိယပါတီများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို သေချာစေရန်နှင့် ၎င်းတို့၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း အကြိမ်ကြိမ်အလေးပေး ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂