ထရမ့်က ဂျပန်သည် အမေရိကန်ဆန်ကို ဝယ်ယူရန် ဆန္ဒမရှိဟု ပြောဆို
အမေရိကန်သမ္မတက ဂျပန်ပို့ကုန်များကို အကောက်ခွန် ပိုမို ကောက်ခံ မည်ဟု ခြိမ်းခြောက်လိုက်ပြီး အကြောင်းမှာ ဂျပန်ဘက်က "အမေရိကန် မှ စိုက်ပျိုးသော ဆန်ကို ဝယ်ယူလိုစိတ်မရှိ"သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ "ဂျပန်နိုင်ငံသည် ဆန်အလွန်ရှားပါးနေချိန်တွင် အမေရိကန်မှ ဆန်များကို ဝယ်ယူခြင်း မရှိပါ ၊ ထို့အတွက် မိမိတို့သည် ၎င်းတို့ထံ စာ တစ်စောင်ပို့ပါမည်၊ နှစ်ပေါင်းများစွာ ကုန်သွယ်ရေး လုပ်ဖော်ကိုင်ဖက် အဖြစ် ဆက်လက်ရှိနေမည်ကိုလည်း အထူးတန်ဖိုးထားပါမည်" ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၃၀ ရက်နေ့တွင် Truth Social တွင် ရေးသားခဲ့သည်။
အမေရိကန်မှ စိုက်ပျိုးသော ဆန်ကို ဂျပန်က ဝယ်ယူရန် မလိုလားခြင်း အား "နိုင်ငံများသည် အမေရိကန်၏ အကူအညီကို အလွယ်တကူ ရယူ နေကျ ဖြစ်ခြင်း၏ လက္ခဏာတစ်ရပ်အဖြစ်” ထရမ့်က ရှုမြင်ခဲ့သည်။ သမ္မတထရမ့်က ပြီးခဲ့သည့်သီတင်းပတ်က ဧပြီလတွင် သတ်မှတ်ခဲ့သည့် ပြန်လည်ကောက်ခံမည့် အကောက်ခွန်များကို ဇူလိုင် ၉ ရက်နေ့ (သတ်မှတ်ထားသော နောက်ဆုံးရက်) မတိုင်မီ အချို့နိုင်ငံများထံ အကောက်ခွန် မြှင့်တင်မည့်အကြောင်းကြားစာများ ပေးပို့မည်ဟု ပြောကြားခဲ့သည်။
ဇွန် ၂၉ ရက်တွင် Fox News နှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းမှု တစ်ခုတွင် ထရမ့်က ဂျပန်သည် "အဆိုပါစာကို လက်ခံရမည့် နိုင်ငံတွေ ထဲက တစ်နိုင်ငံဖြစ်နိုင်သည်" ဟု ဆိုခဲ့သည်။
ထရမ့်၏ သတိပေးချက်ကို တုံ့ပြန်သည့်အနေဖြင့် ဂျပန် စီးပွားရေးပါရဂူ Ryosei Akazawa က ဂျပန်နိုင်ငံသည် အမေရိကန်နှင့် အကောက်ခွန် ညှိနှိုင်းရာတွင် "စိုက်ပျိုးရေးကဏ္ဍကို စတေးမည်မဟုတ်"ဟု ပြောကြား ခဲ့သည်။ "စိုက်ပျိုးရေးသည် ဂျပန်၏ အမျိုးသားအုတ်မြစ်ဖြစ်ကြောင်း မိမိတို့ အထပ်ထပ်အခါခါ ထည့်သွင်းပြောဆိုခဲ့ပါသည်" ဟု Akazawa က ဇူလိုင် ၁ တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ "အမေရိကန်နှင့် ညှိနှိုင်းရာတွင် မိမိတို့၏ ရပ်တည်ချက်မှာ မပြောင်းလဲပါ။ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်စေနိုင်သည့် ညှိနှိုင်းမှုမျိုးကို မိမိတို့ လုပ်ဆောင်မည်မဟုတ်ပါ" ဟု ဆိုသည်။
Akazawa က ဂျပန်နိုင်ငံသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်နှင့် ဆက်လက်ညှိနှိုင်းသွားမည်ဟု ဆိုသော်လည်း အမေရိကန်မှ ဆန်တင်သွင်းရေး ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည့်အခြေအနေကို မှတ်ချက်မပြုခဲ့ပေ။
အမှန်တွင်မူ အမေရိကန်သန်းခေါင်စာရင်းဌာန၏ ကုန်သွယ်ရေး အချက် အလက်များအရ ဂျပန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်မှ ဒေါ်လာ ၂၉၈ သန်းတန် ဆန်များ တင်သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ လေးလ အတွင်း တိုကျိုမှ ဒေါ်လာ ၁၁၄ သန်းတန် ဆန်များ ဝယ်ယူခဲ့ကာ သမိုင်း တစ်လျှောက် အမြင့်ဆုံး စံချိန်တင်ဝယ်ယူမှုဖြစ်ခဲ့သည်။
ဂျပန်နိုင်ငံသည် ဆန်အကျပ်အတည်းကို ရင်ဆိုင်နေရပြီး မကြာသေးမီ နှစ်များအတွင်း ကိုယ်စားလှယ်အဖွဲ့များမှတစ်ဆင့် ပြည်တွင်းဆန် ထုတ်လုပ်မှုကို သွယ်ဝိုက်ထိန်းချုပ်သည့် မူဝါဒကြောင့် လွန်ခဲ့သည့်နှစ် မှစ၍ မြင့်တက်လာသော ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ ဆန် ဈေးနှုန်းများ နှစ်ဆတက်လာခဲ့သည်။ ၅ ကီလိုဂရမ်အတွက် ယခင်နှစ်က ၂၀၀၀ ယန်း (အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ) မှ ယခုအခါ ၄၀၀၀ ယန်း (အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာနီးပါး) အထိ မြင့်တက်သွားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂