NATO ၏ စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် "ကပ်ဘေးဆိုက်စေမည့်" အခြေအနေသို့ ရောက်ရှိစေမည်ဟု လာဗရော့ဆို

News Image

  • NATO ၏ စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုသည် "ကပ်ဘေးဆိုက်စေမည့်" အခြေအနေသို့ ရောက်ရှိစေမည်ဟု လာဗရော့ဆို

NATO နိုင်ငံများ၏ စစ်ရေး အသုံးစရိတ် မြင့်တက်လာမှုသည် "ကပ်ဘေးဆိုက်စေမည့်" အခြေအနေကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် ထိုမဟာမိတ် အဖွဲ့ကြီး ပြိုကွဲသွားစေနိုင်ကြောင်း ရုရှား၏ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့က တနင်္လာနေ့ (ဇွန် ၃၀) တွင် သတိပေးပြောကြားခဲ့သည်။

လွန်ခဲ့သောလက သည်ဟိတ်မြို့တွင် ကျင်းပခဲ့သည့် NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ GDP ၏ ၅ ရာခိုင်နှုန်းကို စစ်ရေးအတွက် အသုံးပြုရန် သဘောတူညီခဲ့ကြသည်။ ယခင်က သတ်မှတ်ထားသည့် ၂ ရာခိုင်နှုန်းမှ သိသိသာသာ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယူကရိန်း စစ်ပွဲ၏ နောက်ဆက်တွဲ အခြေအနေများကြောင့် ပိုလန်နိုင်ငံက အဆိုပါ တိုးမြှင့်မှုကို အထူးထောက်ခံခဲ့သည်။

ပိုလန်၏ နိုင်ငံခြားရေးဝန်ကြီး ရာဒိုးစလော့ ဆီကိုစ်ကီးက "ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့ရသည့် အကြောင်းရင်းမှာ လက်နက်တပ်ဆင်မှုအတွက် အလွန်အကျွံ ငွေကြေးသုံးစွဲခဲ့သောကြောင့်ဖြစ်သည်" ဟူသော ဗလာဒီမာ ပူတင်ကိုယ်တိုင်၏ အဆိုကို ကိုးကားပြီး "ယခုအခါ ၎င်းကိုယ်တိုင် ထိုကဲ့သို့သော အမှားကို ပြုလုပ်နေသည်" ဟု ဝေဖန်ခဲ့သည်။

သို့သော် လာဗရော့က "ဆီကိုစ်ကီး၏ ထိုကြိုတင်ခန့်မှန်းချက်သည် NATO ၏ ဘတ်ဂျက် အလွန်အမင်း တိုးမြှင့်မှုကြောင့် နောက်ဆုံးတွင် ထိုအဖွဲ့ကြီး ပြိုကွဲသွားနိုင်ကြောင်း ညွှန်းဆိုနေသည်" ဟု ပြန်လည်ချေပခဲ့သည်။

ထို့အပြင် လာဗရော့က ရုရှားနိုင်ငံသည် လက်ရှိ GDP ၏ ၆.၃ ရာခိုင်နှုန်း ရှိသော စစ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်း၊ "NATO အဖွဲ့ဝင်နိုင်ငံများကဲ့သို့ ဖန်တီးထားသော ခြိမ်းခြောက်မှုများကို အခြေခံခြင်းမဟုတ်ဘဲ ဆင်ခြင်တုံတရားနှင့်အညီ ဆောင်ရွက်သွားမည်" ဟု ထပ်လောင်း ရှင်းလင်းပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂