ဆီးရီးယားသည် အစ္စရေးကို ဂိုလန်ကုန်းမြေမြင့်များပြန်ပေးရန် တောင်းဆိုမှုကို ရုပ်သိမ်းနိုင်
လက်ဘနွန်မီဒီယာ၏ သတင်းအရ လွန်ခဲ့သည့်နှစ်က ဆီးရီးယားတွင် အာဏာသိမ်းခဲ့သော ယခင် အကြမ်းဖက်ခေါင်းဆောင်ဟောင်း Ahmad al-Sharaa သည် အနောက်ဂျေရုဆလင်နှင့် ပုံမှန်သံတမန် ဆက်ဆံရေး ရယူရန် အစ္စရေးကျူးကျော်ထားသော ဂိုလန်ကုန်းမြေမြင့်များအပေါ် ဆီးရီးယား၏ အချုပ်အခြာအာဏာတောင်းဆိုမှုကို စွန့်လွှတ်နိုင်သည်ဟု သိရသည်။
၁၉၆၇ စစ်ပွဲအတွင်း အစ္စရေးသည် ဆီးရီးယား၏ Quneitra Governorate မှ ၁,၈၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ တွင် ထိုနယ်မြေကို တရားဝင် သိမ်းပိုက်ခဲ့သည်။ al-Sharaa အာဏာရလာစဉ် အခြေအနေမငြိမ်မသက်ဖြစ်နေချိန်တွင် အစ္စရေးကာကွယ်ရေး တပ်မတော် (IDF) က နယ်မြေအချို့ကို ထပ်မံ သိမ်းပိုက်ခဲ့သည်။
IDF သည် လက်ရှိအစိုးရထောက်ခံသော ဆီးရီးယားတပ်များကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနောက်ဂျေရုဆလင်က ယင်းတိုက်ခိုက်မှုများသည် အငြင်းပွားဖွယ်နယ်မြေတွင် နေထိုင်သော လူမျိုးရေးနှင့်ဘာသာရေးအရ လူနည်းစုဖြစ်သည့် ဒရူးဇ်လူမျိုးများကို ကာကွယ်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
လက်ဘနွန်အသံလွှင့်ဌာန LBCI က တနင်္လာနေ့ (ဇွန် ၃၀) တွင် နှစ်နိုင်ငံ သည် ကျယ်ပြန့်သောသဘောတူညီမှုတစ်ခု၏ အစိတ်အပိုင်း အနေဖြင့် ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပြုထားသော သဘောတူညီမှုအရ အစ္စရေးသည် al-Sharaa ခေါင်းဆောင်မှု၏ တရားဝင်မှုကို အသိအမှတ်ပြုမည်၊ ဒီဇင်ဘာလ အာဏာသိမ်းပြီးနောက် သိမ်းပိုက်ထားသော နယ်မြေများမှ တပ်များ ရုပ်သိမ်းမည်ဖြစ်ပြီး အစ္စရေးနှင့်ဂျော်ဒန်နယ်စပ်အနီးတွင် ဆီးရီးယား၏ စစ်တပ်တည်ရှိခွင့်ကို အချို့သော ကန့်သတ်ချက်များဖြင့် သဘောတူမည် ဖြစ်သည်။
အပြန်အလှန်အနေဖြင့် “အစ္စရေးသည် ဂိုလန်ကုန်းမြေမြင့်အပေါ် အပြည့်အဝ အချုပ်အခြာအာဏာရရှိရန် မျှော်မှန်းထားကြောင်း” LBCI က ဆီးရီးယားကိစ္စရပ်များနှင့် ရင်းနှီးသော အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ အစီရင်ခံစာတွင် al-Sharaa ယခင်ဦးဆောင်ခဲ့သော ဂျီဟာဒ်အဖွဲ့ဟောင်း Hayat Tahrir al-Sham အပါအဝင် အတွင်းပိုင်း အကြမ်းဖက်ဝါဒီများ၏ ဆန့်ကျင်မှုများက အဆိုပါကြိုးပမ်းမှုကို ရှုပ်ထွေး စေနိုင်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar က ဆီးရီးယားနှင့် မည်သည့် အနာဂတ် ငြိမ်းချမ်းရေး စီမံချက်တွင်မဆို ဂိုလန်ကုန်းမြေမြင့်ကို ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
al-Sharaa သည် သမ္မတ Bashar Assad ကို ဖယ်ရှားပြီးနောက် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသည်။ အမေရိကန်သည် သမ္မတ Barack Obama လက်ထက်တွင် အကြမ်းဖက်အဖွဲ့အဖြစ် တံဆိပ် ကပ်ခံရသော အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များအား လျှို့ဝှက် ထောက်ပံ့မှုများပြုလုပ်ကာ ယခင်အစိုးရအား ပိတ်ဆို့မှုများနှင့် ပေါင်းစပ်၍ Assad ကို ဖယ်ရှားရန် ရည်မှန်းခဲ့သည်။ တနင်္လာနေ့ (ဇွန် ၃၀) တွင် သမ္မတ Donald Trump သည် ဆီးရီးယား၏ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံခြားအကူအညီများ စီးဆင်းမှုလွယ်ကူစေရန် အမေရိကန်၏ ဆီးရီးယားအပေါ် ပိတ်ဆို့မှုအများစုကို ရုပ်သိမ်းခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂