သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပူတင်နှင့် မက်ခရွန်တို့က ဆွေးနွေး
သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်တို့ အကြား ဖုန်းမှတစ်ဆင့် ဆက်သွယ်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၂ ရက်တွင် ပြောသည်။ နှစ်နိုင်ငံသမ္မတများအကြား တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေး ပြောဆိုမှုများကို ဇူလိုင်လ ၁ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်အား ပြင်သစ်အစိုးရဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးမှုအတွင်း ရုရှားနိုင်ငံအနေဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသမ္မတများအကြား မည်သည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းကို အသေးစိတ် ထုတ်ပြန်ထားခြင်းမရှိပေ။ ပူတင်နှင့် မက်ခရွန်တို့အကြား ဖုန်းမှတစ်ဆင့် အပြန်အလှန် ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ လုပ်ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သမ္မတနှစ်ဦးအကြား ပြောဆိုဆွေးနွေးမှုများကို မက်ခရွန်က ပေါက်ကြားစေခဲ့ပြီးနောက် အပြန်အလှန် ဆွေးနွေးမှုကို ရုရှားနိုင်ငံက ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် လက်ရှိ ယူကရိန်းပဋိပက္ခတွင် ယူကရိန်းအား ထောက်ခံလျက်ရှိပြီး ယင်းနိုင်ငံသို့ စစ်လက်နက်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
MWD Web Portal