တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှု ဖြစ်ပေါ်
ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ ဆန်ဆိုင်း (က) နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက် တို့ရှိ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများလျှံတက်နေကြောင်း တွေ့ရှိရသည်။
“လောလောဆယ် လမ်းတွေပေါ်ကို ရေလျှံတက်နေပြီ၊ အချို့အိမ်တွေလည်းရေနည်းနည်းဝင်နေပြီပြောသံကြားတယ်။ နောက်ထပ်လည်းတက်လာဖို့ရှိတယ်လို့ သိရတော့ ချောင်းနားကသူတွေ ကြိုတင်ပြင်ဆင်တာမျိုးတွေ ရှိနေတယ် အခြေအနေကိုတော့စောင့်ကြည့်နေတာပေါ့။ ပြောင်းတာရွှေ့တာကလည်း မလွယ်ဘူးလေ”ဟုဒေသခံတစ်ဦးက ပြောသည်။
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုနှင့်ပတ်သက်၍ ဒေသတွင်း မိုး/ဇလဌာနတစ်ခုဖြစ်သည့် ပုန်းထွန်ဇလဗေဒတိုင်း တာရေးစခန်း၏ တိုင်းထွာချက်အရနောက် ၁၂နာရီ အတွင်း စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရေး အသိပေး ကြေငြာထားသည်။
Popular Myanmar