အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီသည် အစ္စရေးနှင့် ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အများမြင်ကွင်းတွင် ထွက်ပေါ်လာ

News Image

  • အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီသည် အစ္စရေးနှင့် ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် အများမြင်ကွင်းတွင် ထွက်ပေါ်လာ

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီသည် အစ္စရေးနှင့် စစ်ပွဲ စတင်ဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ဇူလိုင် ၅ ရက်နေ့တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီသည် တီဟီရန်မြို့လယ်ရှိ အီမာမ် ခိုမေနီ ဗလီ၌ ရှီးယိုက်မွတ်စလင်များ၏ အထွတ်အမြတ်နေ့ဖြစ်သော အာရှူရာနေ့ အခမ်းအနားကို ဂုဏ်ပြုသည့် အနေဖြင့် တက်ရောက်ခဲ့ပြီး ဝတ်ပြုသူများအား လက်ဝှေ့ယမ်းကာ ပြန်လည် နှုတ်ဆက်နေသည်ကို တွေ့ရှိရသည်။

အသက် ၈၆ နှစ်ရှိပြီဖြစ်သော ခါမေနီသည် အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ စင်မြင့်ပေါ်သို့ တက်ရောက်လာချိန်တွင် ပရိတ်သတ်က လက်သီးလက်မောင်းတန်းကာ “မိမိတို့သွေးအသက်သည် ခေါင်းဆောင် အတွက်ဖြစ်သည်” ဟု သံပြိုင်အော်ဟစ်ခဲ့ကြသည်။ အီမာမ် ခိုမေနီ ဗလီ သည် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ တည်ထောင်သူအမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ အာဏာရယူထားသော ခါမေနီသည် လွန်ခဲ့သည့် သီတင်းပတ်က ဗီဒီယိုမှတစ်ဆင့် ကြိုတင်ရိုက်ကူးထားသော မိန့်ခွန်းကို ပြောကြားခဲ့ပြီး ဇွန် ၁၃ ရက်တွင် အစ္စရေးက အီရန်ကို တိုက်ခိုက်မှု စတင်ပြီးနောက်ပိုင်း လူမြင်ကွင်း၌ မတွေ့ရတော့ပေ။ ၎င်း၏ နောက်ဆုံး အများပြည်သူရှေ့မှောက် ပေါ်ထွက်မှုမှာ ဇွန် ၁၁ ရက်က လွှတ်တော် အမတ်များနှင့် တွေ့ဆုံစဉ်ကဖြစ်သည်။

တဲလ်အဗစ်သည် အီရန်၏ အဆင့်မြင့်စစ်ဗိုလ်ချုပ်များနှင့် နျူကလီးယား သိပ္ပံပညာရှင်များစွာကို သတ်ဖြတ်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်က အယ်လီ ခါမေနီအား လုပ်ကြံသတ်ဖြတ်ရန် အလားအလာကိုပင် ဖော်ပြခဲ့သည်။

စစ်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သည် လုံခြုံရာနေရာတွင် ရှိနေသည်ဟု ယုံကြည်ရသည်။ စစ်ပြေငြိမ်းရေး စတင်အသက်ဝင်ပြီး ရက်အနည်းငယ်အကြာတွင် ခါမေနီက အီရန်သည် အစ္စရေးနှင့် အမေရိကန်နှစ်ခုလုံးကို အနိုင်ရခဲ့ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အီရန်သည် အမေရိကန်ကို အညံ့ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂