ယခုနှစ် ဒူးရင်းသီးများအသီးလှိုင်ပြီး အရောင်းအဝယ်ကောင်းမွန်နေ
ယခုနှစ်တွင် ဈေးကွက်အတွင်း၌ ယမန်နှစ်ထက် ဒူးရင်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဒူးရင်းသီးရောင်းဝယ်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ်တွင် အသီးများလှိုင်လှိုင်ပေါ်ထွက်ပြီး ဈေးကောင်းရရှိသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်သည် အကုန်အကျပိုများကြောင်း သိရသည်။
” ဒီနှစ်ကတော့ အရင်နှစ်ကထက် အရောင်းအဝယ်ပိုကောင်းတယ်။ အသီးတွေလည်းကောင်းတယ်။ ဒီနှစ်ကပေါပေါစားရတာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာတစ်ခုပဲ” ဟု ကိုသန့်ဇင်နှင့်ညီကိုများဒူးရင်းသီးရောင်းဝယ်ရေးမှ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဒူးရင်းသီးဈေးနှုန်းမှာ အနိမ့်ဆုံး ၃,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိရှိပြီး ငွေကျပ် ၅၀,၀၀၀ ဖြင့် ဒူးရင်းသီးဘူဖေးစားသုံးနိုင်ကြောင်းလည်း သိရသည်။
” ဒူးရင်းသီးဘူဖေးကတော့ အသီးကားဝင်တဲ့နေ့ဆိုရင် ရတယ်။ ၅၀,၀၀၀ နဲ့အဝစား။ တနေ့ကို တစ်စီးတော့ ဝင်တယ်” ဟု အဆိုပါပွဲရုံမှ ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးသည့်အပြင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ထို့ပြင်ရန်ကုန်တိုင်း၊ ပဲခူးအရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။
Popular Myanmar