ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကျားဂဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့
ငပုတော ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကျားဂဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်းက ပြောပြ၍ သိရသည်။
ငပုတောမြို့နယ်မှရန်ကုန်ဈေးကွက်သို့ မေလအတွင်း ကျားကဏန်း ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီးဇွန်လအတွင်း ကျားဂဏန်း ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊အဆိုပါ ကျားဂဏန်းများကို ရန်ကုန်ဈေးကွက်ကအဝယ်လိုက်နေကြောင်း သိရသည်။
“ဒေသထွက် ရေထွက်ကုန်တွေ ဈေးကွက်ထဲကိုပုံမှန်တင်ပို့ရောင်းချနေပါတယ်။ ဇွန်လအတွင်း ကျားဂဏန်းပိဿာချိန် တော်တော်များများတင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ကျားဂဏန်းတွေက လတ်ဆတ်မှုနဲ့ အရွယ်အစား၊ အလေးချိန်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ လက်ရှိမှာ ကျားဂဏန်းတွေကို ရန်ကုန်ဈေးကွက်ကအဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ ကျားဂဏန်းတွေကို ဒေသဈေးကွက်အပြင်အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်” ဟု ငပုတောမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဝင်း က ပြောပြသည်။
ငပုတောမြို့နယ်မှတင်ပို့ရောင်းချခဲ့သည့် ကျားဂဏန်းတစ်ပိဿလျှင် ငွေကျပ် ၁၅၅၀၀ မှ ၃၃၅၀၀ ထိ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း၊ အဆိုပါ ကျားဂဏန်းများ တင်ပို့ရောင်းချနေရသည့်အတွက်ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံသတင်းစာ