BRICS က အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမည့် နည်းလမ်းကို အကောင်အထည် ဖော်နေခြင်း မရှိဟု တရုတ်ပြော

News Image

  • BRICS က အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမည့် နည်းလမ်းကို အကောင်အထည် ဖော်နေခြင်း မရှိဟု တရုတ်ပြော

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ဖြင့် အဓိက ဖွဲ့စည်းထားသော BRICS အဖွဲ့သည် အမေရိကန်နိုင်ငံနှင့်  ထိပ်တိုက်တွေ့ဆုံမည့် နည်းလမ်းကို  အကောင်အထည်ဖော်နေခြင်း မရှိကြောင်း တရုတ်အစိုးရက ဇူလိုင်လ ၇ ရက်တွင် ပြောသည်။

BRICS အဖွဲ့နှင့် စိတ်တူကိုယ်တူရှိသော နိုင်ငံများကို သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကတိပြုမှု ထွက်ပေါ်လာအပြီးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

“သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံခြင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်မှု သဘောထားကို အကြိမ်ကြိမ်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ သွင်းကုန် အခွန်စစ်ပွဲတွေမှာ အနိုင်ရသူဆိုတာမရှိပါဘူး။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဆိုတာကလည်း ရှေ့ဆက်လျှောက်ဖို့လမ်း ကိုပိတ်ပင်တားဆီး ထားစေပါတယ်” ဟု မော်နင်းက ပြောသည်။

BRICS အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များက ဇူလိုင်လ ၆ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌တွေ့ဆုံ ဆွေးနွေးစဉ် ထရမ့်၏ လက်ရှိကျင့်သုံးနေသော သွင်းကုန်အခွန် တိုးမြှင့်ချမှတ်ခြင်း အပေါ် ဝေဖန်ထားသည်။

ထို့နောက် BRICS အဖွဲ့နှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိသူများသည် အမေရိကန်ကို ဆန့်ကျင်ရေးဝါဒီများ ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ထရမ့်က ပြောထားခြင်းဖြစ်သည်။

MWD Web Portal