ပြည်ပဝယ်လက် မရှိ၍ ကြက်သွန်နီဈေးကွက်အေးနေ

News Image

  • ပြည်ပဝယ်လက် မရှိ၍ ကြက်သွန်နီဈေးကွက်အေးနေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်နီများကို ယခုနှစ်တွင် ပြည်ပအဝယ်မရှိသဖြင့် ဈေးကွက်အေးနေကြောင်း ကြက်သွန်ပွဲရုံများမှ စုံစမ်းသိရှိရသည်။

နယ်ဘက်ရှိ ကြက်သွန်နီဈေးကွက်မှာ အရောင်းအဝယ်အေးနေသော်လည်း ရန်ကုန်ရှိကြက်သွန်နီဈေးကွက်သည် သယ်ယူပို့ဆောင်ရေးစရိတ်များကြောင့် ဈေးအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

” ပုံမှန်ဆိုရင် ပြည်ပက တိုက်ရိုက်လာဆင်းဝယ်ကြတယ်။ အခုကျတော့ နယ်မြေအခြေအနေရရော ရေကြီးနေတာရော မလာကြဘူး။ ဒီဘက် နယ်ဈေးကွက်မှာ အရောင်းအဝယ်အေးတယ်။ ရန်ကုန်ကျတော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေကြောင့် ဈေးတတ်တာ” ဟု မုံရွာမြို့ရှိ အောင်ပြည့်စုံကြက်သွန်ပွဲရုံမှ ပွဲရုံပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် မုံရွာ မှ ရန်ကုန်သို့ ကြက်သွန်နီ တစ်ပိဿာ တန်ဆာခ ကျပ် (၂၈၀) မှ (၃၀၀) ထိ ပေးရပြီး တန်ဆာခဈေးအနည်းငယ်မြင့်တက်သလို၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကားခေါ်ရခက်ခဲကြောင်း သိရသည်။

ကြက်သွန်နီ အဓိက တင်ပို့နေသည့် တရုတ်နိုင်ငံသည်လည်း လတ်တလောတွင် ရေကြီးမှုဖြစ်ပေါ်နေသလို တင်ပို့ရန်လမ်းစရိတ်မကိုက်သည့် အခြေအနေများဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်တွင်း၌ ကြက်သွန်ကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြပြီး ဆောင်းသီးနှံကို ပြည်ပဈေးကွက်ရောင်းတန်းဝင်အဆင့်အတွက် အဓိက စိုက်ပျိုးထုတ်လုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

Popular Myanmar