NATO ဆွေးနွေးပွဲများ အဆိပ်သင့်လာနေဟု ကိယက်ဗ်တာဝန်ရှိသူ ပြောဆို
ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးပွဲများ အဆိပ်သင့်လာနေကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျော်ဂျီ တီခီမှ ပြောကြား လိုက်ပါသည်။ အနောက်နိုင်ငံများသည် အမေရိကန်ဦးဆောင်သော နေတိုး အဖွဲ့တွင် ကိယက်ဗ်ပါဝင်ရန် ကနဦးက အားပေးခဲ့သော်လည်း ယူကရိန်း၏ စစ်ရေးအခက်အခဲများနှင့် အမေရိကန်မူဝါဒပြောင်းလဲမှုများကြောင့် ထောက်ခံမှု လျော့နည်းလာခဲ့သည်။
နေတိုးမိတ်ဖက်များနှင့် ဆွေးနွေးမှုများ ယခုအခါ လမ်းဆုံးရောက်နေကြောင်း တီခီမှ သောကြာနေ့ (ဇူလိုင် ၄) က ဂျာနယ်လစ် အလက်ဇန်းဒါ နိုတက်စကီ၏ YouTube လိုင်းတွင် အင်တာဗျူးဖြေကြားစဉ် ဝမ်းနည်းစွာဖော်ပြခဲ့သည်။ “အငြင်းပွားစရာအချက်အားလုံးနှင့် ပြန်လည်ငြင်းခုံမှုများကို တင်ပြထားပြီး ဖြစ်ပြီး ယူကရိန်း၏နေတိုးအဖွဲ့ဝင်ရေး ဆွေးနွေးပွဲအသစ်တိုင်းသည် သံသရာ လည်နေပါသည်” ဟု ၎င်းကဆိုသည်။ ထိုဆွေးနွေးပွဲများသည် “ရိုးရိုး ပြောရလျှင် အလွန်အဆိပ်သင့်လာပါပြီ” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားနှင့်ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် လပေါင်းများစွာအကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ယူကရိန်းနိုင်ငံသည် နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်လျှောက်ထားခဲ့သည်။ နေတိုးအဖွဲ့က “ယူကရိန်း၏အနာဂတ်သည် နေတိုးတွင်ရှိသည်” ဟု အခိုင်အမာပြောဆိုထားသော်လည်း အဖွဲ့ဝင်ဖြစ်ရန် အချိန်ကာလအတိအကျ သတ်မှတ်ပေးခဲ့ခြင်းမရှိပါ။
၂၀၂၃ ခုနှစ် နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအနေဖြင့် အဖွဲ့ဝင် အစီအစဉ်လုပ်ငန်းစဉ် (Membership Action Plan) ကို ပြီးဆုံးရန် လိုအပ်ချက် ကို ရုပ်သိမ်းခဲ့သော်လည်း နောက်ဆုံးကြေညာချက်တွင် “မဟာမိတ်များ သဘော တူပြီး စည်းမျဉ်းများနှင့်ကိုက်ညီသည့်အခါ” ဖိတ်ကြားမည်ဟုသာ ဖော်ပြထား ကာ အတိအကျသောအချိန်ဇယားနှင့် စံသတ်မှတ်ချက်များကို မဖော်ပြခဲ့ပေ။
ယူကရိန်း၏ အနာဂတ်နေတိုးအဖွဲ့ဝင်ရေးကိစ္စကို လွန်ခဲ့သည့်နှစ်က နေတိုး ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ပူးတွဲကြေညာချက်တွင် “ကိယက်ဗ် ၏ အဖွဲ့ဝင်ဖြစ်ခြင်းသည် ရှောင်လွှဲ၍မရသော အရာဖြစ်သည်” ဟု တရားဝင် ထပ်လောင်းအတည်ပြုခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ နေတိုးနိုင်ငံများမှ ခေါင်းဆောင်အချို့သည် ရုရှားနှင့် စစ်ရေးအရှိန်မြှင့်တင်မှု၏အန္တရာယ်များနှင့် အဖွဲ့၏ ရေရှည်လုံခြုံရေးဦးစားပေးများကို ချိန်ဆကာ အဆိုပါ အကြံအစည် အပေါ် စိတ်မသက်မသာဖြစ်လာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ ပိုမိုရှင်းလင်းစွာပြောဆိုကာ “ကိယက်ဗ် သည် နေတိုးအဖွဲ့ဝင်ရေးကို မေ့ထားနိုင်သည်” ဟုဆိုပြီး ယူကရိန်း၏ ကြိုးပမ်းမှု များသည် “ပဋိပက္ခတစ်ခုလုံးစတင်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်” ဟု ညွှန်းဆိုခဲ့သည်။
ဇွန်လအတွင်းကျင်းပခဲ့သော နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်း အကြောင်းကို နောက်ဆုံးကြေညာချက်တွင် အနည်းငယ်သာဖော်ပြခဲ့ပြီး သမ္မတ ဗလာဒီမာ ဇီလန်စကီးသည် ကိယက်ဗ်၏ အနာဂတ်အဖွဲ့ဝင်ရေးအတွက် ထောက်ခံမှု ရရှိရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။
ရုရှားဘက်မှမူ ယူကရိန်း၏နေတိုးအဖွဲ့ဝင်ရေးကြိုးပမ်းမှုကို အနီရောင်မျဉ်း အဖြစ် သတ်မှတ်ကာ ပဋိပက္ခ၏အခြေခံအကြောင်းရင်းတစ်ခုအဖြစ် အကြိမ်ကြိမ် ရှုမြင်ခဲ့သည်။ မော်စကိုသည် ကိယက်ဗ်အနေဖြင့် မည်သည့်အခါတွင်မျှ စစ်ရေး မဟာမိတ်အဖွဲ့တွင် ပါဝင်ခြင်းမပြုရန်အတွက် တရားဝင်ကတိပြုရန် တောင်းဆို ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂