အစ္စရေးက မိမိအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်ဟု အီရန် သမ္မတ ပြောကြား
အီရန်သမ္မတ Masoud Pezeshkian က လွန်ခဲ့သောလက ၁၂ ရက်ကြာ ဖြစ်ပွားသော အီရန်-အစ္စရေးစစ်ပွဲအတွင်း မိမိအား အစ္စရေးက လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း ဇူလိုင် ၇ ရက် တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားလိုက်ပါသည်။
အမေရိကန် နာမည်ကြီးသတင်းထောက် Tucker Carlson က အီရန် သမ္မတ အား မေးမြန်းရာတွင် “သူတို့(အစ္စရေး)တွေ မိမိကို လုပ်ကြံရန် ကြိုးစားခဲ့ကြပါသည်၊ အမေရိကန်တွေ မဟုတ်ပါ၊ အစ္စရေးဘက်ကပြုလုပ်ခဲ့တာပါ၊ မိမိ အစည်းအဝေးတစ်ခုမှာ ရှိနေတုန်း ၎င်းတို့က အစည်းအဝေးပြုလုပ်နေသည့်နေရာကို ဗုံးကြဲရန် ကြိုးစားခဲ့ပါသည်” ဟု အီရန်သမ္မတက ပါရှန်ဘာသာဖြင့် ဖြေကြားသွားပါသည်။
ထိုပြောကြားချက်မှာ ဇွန်လ ၁၃ ရက်က အီရန်အပေါ် အစ္စရေးက မကြုံစဖူး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်၍ အီရန်စစ်ခေါင်းဆောင်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များ သေဆုံးရသည့်ဖြစ်စဉ် ဖြစ်ပွားပြီး လေးပတ် မပြည့်မီ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
အီရန်-အစ္စရေးပဋိပက္ခတွင် အီရန်နိုင်ငံအတွင်း လူပေါင်း ၉၀၀ ကျော် သေဆုံးသွားကြောင်း အီရန်တရားရေးဌာနက ဖော်ပြခဲ့ပြီး အီရန် တိုက်ခိုက်မှုကြောင့် အစ္စရေးအတွင်း လူ ၂၈ ဦး သေဆုံးသွားရကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားထားပါသည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃