ဖိလစ်ပိုင်သမ္မတသည် ဒေါ်နယ်ထရမ့်နှင့် ယခုလအတွင်း ဝါရှင်တန်ဒီစီ၌ အကောက်ခွန်ဆိုင်ရာကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း အဆင့်မြင့် သံတမန်တစ်ဦးက ပြောကြား
မလေးရှားနိုင်ငံတွင် ကျင်းပသည့် ဒေသဆိုင်ရာ အဆင့်မြင့် အစည်းအဝေး အတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သရီဆာ လာဇာရို က ဇူလိုင် ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုးစ်ဂျူနီယာ နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ ဝါရှင်တန်ဒီစီ၌ ယခုလအတွင်း တွေ့ဆုံမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဤသည်မှာ ထရမ့်နှင့် မာကိုးစ်တို့၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်ပြီး ယခုနှစ် များအတွင်း ဖိလစ်ပိုင်-အမေရိကန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာတိုးမြင့်လာခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အကောက်ခွန် တိုးမြှင့်မှုဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်မည်ဟု မျှော်မှန်းရသည်။
“အကောက်ခွန်နှင့်ပတ်သက်သောကိစ္စကို အခြားအကြောင်းအရာများ နှင့်အတူ ဆွေးနွေးသွားမည် ၊ အကောက်ခွန်ကိစ္စသည် မိမိတို့အတွက် အလွန်အရေးကြီးပါသည်။ မိမိတို့သည် အဆိုပါကိစ္စကို ဆွေးနွေးရန် ညှိနှိုင်းသူများကို ကြိုတင်စေလွှတ်ထားပြီးဖြစ်သည်” ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သရီဆာ လာဇာရို က ဇူလိုင် ၁၁ ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့သည်။
အမေရိကန် အိမ်ဖြူတော်အရာရှိ တစ်ဦးကလည်း အဆိုပါတွေ့ဆုံမှုကို ဇူလိုင် ၂၂ ရက်နေ့တွင် စီစဉ်ထားကြောင်း Reuters သို့ ပြောကြားခဲ့သည်။ ထို့အတူ သမ္မတ မာကိုးစ်၏ ရုံးမှလည်း ၎င်းသည် ဇူလိုင် ၂၀ မှ ၂၂ ရက်နေ့ အထိ အမေရိကန်သို့ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မကြာသေးမီ က ကြေညာခဲ့သည့် ၂၀% အကောက်ခွန် (ဧပြီလက ၁၇% အဖြစ် ခြိမ်းခြောက်ထားခဲ့ပြီး ယခု ရှင်းလင်းချက်မပါဘဲ ၃% တိုး) နှုန်းကို စိုးရိမ် နေသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်၏ ဖိလစ်ပိုင်နှင့်ကုန်သွယ်ရေး လိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ အထိ မြင့်တက် လာခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၁.၈% တိုးလာခြင်းဖြစ်သည်။
ဖိလစ်ပိုင်အစိုးရက ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ဆက်လက် ညှိနှိုင်းမည် ဟု ကတိပြုထားပြီး လာမည့်သီတင်းပတ်တွင် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ဝါရှင်တန်သို့ စေလွှတ်မည် ဖြစ်သည်။
သမ္မတ ဖာဒီနန်မာကိုးစ်ဂျူနီယာ လက်ထက်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။ မာကိုးစ်သည်အမေရိကန်ဘက်သို့ ပိုမိုယိမ်းညွတ်လာကာ အမေရိကန် စစ်သည်များအား ဖိလစ်ပိုင်စစ်စခန်းများတွင် တပ်စွဲခွင့် ပိုမိုခွင့်ပြုခဲ့သည်။ အဆိုပါ အချက်များကြောင့် နှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။
အမေရိကန်၏ ကိုလိုနီဟောင်းသည် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ် တို့အပေါ် တရုတ်နိုင်ငံ၏ ဗိုလ်ကျလွှမ်းမိုးမှုကို တန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းအားထုတ်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် ဆယ်စုနှစ် ခုနစ်ခုကျော် သက်တမ်း ရှိသော အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားပြီး နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှု ဒါဇင်များစွာပါဝင်ကာ အမေရိကန် ၏ Typhon ဒုံးခွင်းဒုံးစနစ် စမ်းသပ်မှုများက တရုတ်နိုင်ငံကို အမျက် ဒေါသထွက်စေခဲ့သည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂