ဇူလိုင် ၁၄ တွင် ရုရှားနှင့်ပတ်သက်ပြီး အရေးကြီးကြေညာချက် ထုတ်ပြန်မည် ဟု ထရမ့်ပြောကြား
လာမည့်ဇူလိုင်လ ၁၄ ရက်တွင် ရုရှားနိုင်ငံနှင့်ပတ်သက်ပြီး အရေးကြီးသော ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က NBC News နှင့် အင်တာဗျူးပြုလုပ်စဉ် ပြောကြားလိုက် ပါသည်။
“လာမည့် တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ရုရှားနှင့် ပတ်သက်ပြီး အရေးကြီး ကြေညာချက် ထုတ်ပြန်ဖို့ ရှိမှာပါ။ မိမိအနေဖြင့် ရုရှားနိုင်ငံ အပေါ် အလွန်စိတ်ပျက်မိပါသည်။ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဘာတွေဖြစ်လာနိုင်မည် ဆိုသည်ကို စောင့်ကြည့်ရမှာပေါ့” ဟု ထရမ့်က ဖြည့်စွက်ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်သည် NBC News အင်တာဗျူးတွင် ရုရှားအပေါ် လွန်စွာ ကြီးမားသည့် ပိတ်ဆို့အရေးယူ ပြုလုပ်ရန် ကွန်ဂရက်လွှတ်တော်၌အတည်ပြုရန် ရည်ရွယ်ထားသော ဥပဒေကြမ်းကို ကျင့်သုံးရန် ဆုံးဖြတ်ချက်မှာ မိမိလက်ထဲတွင် ရှိကြောင်း ပြောကြားထားပါသည်။ ထိုဥပဒေကြမ်းကို ရီပတ်ပလီကန်အမတ်တစ်ဦးနှင့် ဒီမိုကရက်တစ်အမတ်တစ်ဦးတို့ ဦးဆောင်၍ ပါတီ ၂ ခုပူးပေါင်းအဖွဲ့က မိတ်ဆက်ခဲ့ ကြသည်။ ထိုဥပဒေကြမ်းတွင် ရုရှားကုန်သွယ်ဖက်နိုင်ငံများအပေါ် ထပ်ဆင့် ပိတ်ဆို့မှုများ (ဥပမာ၊ ရုရှားမှ ရေနံ၊ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြား ကုန်ပစ္စည်းများ ဝယ်ယူသည့်နိုင်ငံများမှ အမေရိကန်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၅၀၀ % အထိ စည်းကြပ်ခြင်း) အရေးယူမှုများ ပါဝင်နေပါသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ဇူလိုင် ၂ ရက်က အမေရိကန်အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့ အရေး ယူမှုများမှာ အလုပ်မဖြစ်ဘဲ ၎င်းတို့ကို အားပေးထောက်ခံသည့် နိုင်ငံ များအပေါ်တွင်သာ ဆိုးကျိုးသက်ရောက်စေမှာ ဖြစ်သည်ကို နားလည် သင့်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။
ကိုးကား- TASS
Photo: Report.az
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃