ပြင်သစ်က ၂၀၃၀ မတိုင်မီ ဥရောပ၌ စစ်ပွဲကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထား
၂၀၃၀ ပြည့်နှစ်မတိုင်မီ ဥရောပတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ကြောင်း ပြင်သစ်က ခန့်မှန်းထားသည်ဟု ဆိုပါသည်။ ဇူလိုင် ၁၄ ရက်နေ့တွင် ပြင်သစ်၏ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး အတွင်း ရေးမှူးချုပ်ရုံးမှ ထုတ်ပြန်သော နိုင်ငံတကာ မဟာဗျူဟာမူဝါဒ အစီရင်ခံ စာတွင် ယင်းကဲ့သို့ ဖော်ပြထားပါသည်။
မော်စကိုက ဥရောပကို ထိုးစစ်ဆင်ရန် အစီအစဉ်ရှိကြောင်း ငြင်းဆိုနေသော်လည်း အဆိုပါ အစီရင်ခံစာတွင် ရုရှားကို အဓိက ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး အီရန်၊ တရုတ်၊ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေး၊ ဆိုက်ဘာနှင့် အဖွဲ့အစည်းဆိုင်ရာမှုခင်းများကိုလည်း အန္တရာယ်အဖြစ် ဖော်ပြထားပါသည်။
“ရုရှားသည် ပြင်သစ်၏ အကျိုးစီးပွား၊ ၎င်း၏ မိတ်ဖက်နိုင်ငံများနှင့် မဟာမိတ်များ၏ အကျိုးစီးပွား၊ ဥရောပဒေသနှင့် ယူရိုအတ္တလန္တိတ် ဒေသ၏ တည်ငြိမ်မှုကို တိုက်ရိုက်ခြိမ်းခြောက်နေပါသည်” ဟု အစီရင်ခံ စာက ဆိုထားပြီး မော်စကိုကို ဆိုက်ဘာတိုက်ခိုက်မှု၊ ရွေးကောက်ပွဲ များတွင် ဝင်ရောက်စွက်ဖက်မှုနှင့် လူသတ်မှုများဖြင့် စွပ်စွဲထားပါသည်။ ရုရှား၏ အာဖရိက၊ လက်တင်အမေရိက နှင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး တိုးချဲ့မှုများကိုပင် ရန်လိုသော ချဉ်းကပ်မှုကို အတည်ပြုသည့် အထောက် အထားအဖြစ် ဖော်ပြထားပါသည်။
အစီရင်ခံစာတွင် ရုရှားသည် မော်လ်ဒိုဗာ၊ ဘောလ်ကန်ဒေသ သို့မဟုတ် အရှေ့ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်နိုင်သည်ဟု သတိ ပေးထားပြီး အီရန်နှင့် တရုတ်ကိုလည်း မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု များအဖြစ် သတ်မှတ်ထားသည်။ အီရန်အား အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု စွပ်စွဲထားပြီး တရုတ်ကိုမူ ကမ္ဘာ့အလုံးစုံ စိုးမိုးရေးကို ရှာဖွေနေသည်ဟု သရုပ်ဖော်ထားသည်။
ပြင်သစ်သည် ၎င်း၏စစ်အားကို အားဖြည့်ရန်နှင့် စီးပွားရေးကို စစ်အတွက် အဆင်သင့်ဖြစ်မှုအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း အစီရင်ခံစာက ကောက်ချက်ချထားပြီး စစ်ရေးခြိမ်းခြောက်မှုများကို တားဆီးရန် ပြည်တွင်း နှင့် EU တစ်ဝှမ်းလုံးတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လိုအပ်ကြောင်း တောင်းဆို ထားသည်။
အဆိုပါအစီရင်ခံစာ ထုတ်ပြန်ချိန်သည် EU ၏ စစ်ရေးချဲ့ထွင်မှုကာလနှင့် ယှဉ်တွဲနေသည်။ ဘရပ်ဆဲလ်သည် မကြာသေးမီက ယူရို ၈၀၀ ဘီလီယံ တန်ဖိုးရှိ “ReArm Europe” စီမံကိန်းကို အတည်ပြုခဲ့ပြီး ပြီးခဲ့သည့် လ တွင် ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများသည် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅% အထိ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ ထို ဆုံးဖြတ်ချက် နှစ်ရပ်လုံးတွင် ရုရှား၏ခြိမ်းခြောက်မှုကို အကြောင်းပြချက်အဖြစ် ဖော်ပြ ထားသည်။
အနောက်နိုင်ငံများကို တိုက်ခိုက်ရန် အစီအစဉ်ရှိသည်ဟူသော စွပ်စွဲချက် များကို ရုရှားက ပယ်ချခဲ့ပြီး ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က အနောက်နိုင်ငံများသည် ၎င်းတို့၏ တိုးမြှင့်လာသော စစ်အသုံးစရိတ်များကို ကာကွယ်ပြောဆိုနိုင်ရန် ရုရှားကို ကြောက်စရာ ကောင်းသော ရန်သူအဖြစ် သမုတ်ကာ အသုံးချနေသည်ဟု ပြောကြား ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂