အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထား
အစ္စရေးက ဟားမတ်စ်အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ် တင်ပြထားကြောင်း အမေရိကန် မီဒီယာ Axios ကဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသအတွင်း အပစ်အခတ်ရပ်စဲရေးနှင့်ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသောကျန်ရှိနေသေးသည့် ဓားစာခံအချို့ကိုလွှတ်ပေးရန် အစ္စရေးက ဟားမတ်စ်တို့အား အဆိုပြုချက်အသစ်တစ်ခု ပေးအပ်ခဲ့ကြောင်း အမေရိကန်သတင်း ဝက်ဘ်ဆိုက် Axios က ဖော်ပြထားသည်။ ၎င်းတို့နှစ်ဘက်အကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုသည် လအတန်ကြာ ရပ်တန့်နေခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် သေဆုံးသူအရေအတွက်သည် ၄၄,၀၀၀ အထိ တိုးလာ ခဲ့သည်။ ဟားမတ်စ်အဖွဲ့က ဂါဇာတွင် ဓားစာခံ ၁၀၀ ခန့်ကို ဖမ်းဆီးထားဆဲ ဖြစ်သည်။
Axios သတင်းဌာနက ဒီဇင်ဘာ ၄ ရက်နေ့တွင် အစ္စရေး အစိုးရအရာရှိနှစ်ဦး၏ ပြောကြားချက်အား ကိုးကားပြီး အစ္စရေးနိုင်ငံသည် သဘောတူညီချက်တစ်ခုရရန် နောက်ဆုံးတင်ပြထားသော ၎င်းမူဘောင်အသစ်၏ အခြေခံမူများကို အီဂျစ်အကြီးတန်းထောက်လှမ်းရေး အရာရှိများထံ တင်ပြခဲ့ကြောင်း၊ ယခုသီတင်းပတ်အစောပိုင်းတွင် ကိုင်ရိုမြို့ရှိ ဟားမတ်စ်အဖွဲ့ ကိုယ်စားလှယ်များထံ ၎င်းအဆိုပြုချက်ကို အီဂျစ်အာဏာပိုင်များက တင်ပြခဲ့ကြောင်းသိရှိရသည်။
ရက်ပေါင်း ၄၂ ရက်မှ ၆၀ အထိ ကြာမြင့်မည့် အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းရန်ဆန္ဒရှိကြောင်း အစ္စရေးက ထုတ်ဖော်ပြောကြားခဲ့သည်။
အစ္စရေးက ဟားမတ်စ်တို့ဖမ်းဆီးထားသော အသက်ရှင်နေသည့် အမျိုးသမီး ဓားစာခံအားလုံးနှင့် အသက် ၅၀ ကျော် အမျိုးသား ဓားစားခံအားလုံးကို လွှတ်ပေးစေချင်သည်။
ဟားမတ်စ်အဖွဲ့အနေဖြင့် အလုံးစုံအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသည်ဟု ဖော်ပြထားသည်။
ကိုးကား- NHK World