ဟူသီတို့ထံ ပို့လိုက်သည့် လက်နက် တန်ချိန် ၇၅၀ ကို ယီမင်တပ်ဖွဲ့ များက သိမ်းဆည်း

News Image

  • ဟူသီတို့ထံ ပို့လိုက်သည့် လက်နက် တန်ချိန် ၇၅၀ ကို ယီမင်တပ်ဖွဲ့ များက သိမ်းဆည်း

ယီမင်ရှိ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရနှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင် အမျိုးသားတော်လှန်ရေးတပ်ဖွဲ့ (NRF)က ဇူလိုင် ၁၆ ရက်တွင် အီရန်က ၎င်း၏မဟာမိတ် ယီမင်ရှိ ဟူသီလက်နက်ကိုင် အဖွဲ့ ထံသို့ ပို့ဆောင်စဉ် ဒုံးကျည်မျိုးစုံအပါအဝင် လက်နက်မျိုးစုံ တန်ချိန် ၇၅၀ ခန့်ကို သိမ်းဆည်းလိုက်ကြောင်း ကြေညာခဲ့သည်။

NRF က တန်ချိန် ၇၅၀ ရှိသည့် ထိုလက်နက်များကို ဇွန်လကုန်ပိုင်းတွင် သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆိုပါအဖွဲ့၏ ဗီဒီယိုတွင် သင်္ဘော ဖျက်ဒုံးကျည်များစွာအပြင် အီရန်က အဆင့်မြှင်တင်ထားခဲ့သည့် 358 (သို့) Saqr-1 လေယာဉ်ပစ်ဒုံးကျည်များကို တွေ့ရှိရသည်။ ထိုလက်နက် ကို ခရူးဇ်ဒုံးကျည်အဖြစ် ဖော်ပြထားပြီး သတ်မှတ်ဧရိယာတစ်ခုအတွင်း ပစ်မှတ်များကို ရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိသည်။

ဟူသီတပ်ဖွဲ့များက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အမေရိကန်၏ MQ-9 လူမဲ့ယာဉ် ၂၆ စီးကို 358 ဒုံးကျည်များဖြင့် ပစ်ချခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ အဆိုပါဆုံးရှုံးမှုအများစုကို အမေရိကန်စစ်တပ်က အတည်ပြုခဲ့သည်။

အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က သိမ်းဆည်းရမိသည့် လက်နက်များတွင် ခရူးဇ်ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးကျည်များ၊လေယာဉ်ပစ်ဒုံးကျည်များ၊ ထိပ်ဖူးများ၊ ပစ်မှတ်ရှာဖွေရေးစနစ်များ၊ အခြား အစိတ်အပိုင်းများအပြင် ဒရုန်းအင်ဂျင်ရာပေါင်းများစွာ၊ လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများ၊ ရေဒါစနစ်များနှင့် ဆက်သွယ်ရေးပစ္စည်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂