ဂါဇာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အထောက်အပံ့ရှာဖွေစဉ် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

News Image

  • ဂါဇာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အထောက်အပံ့ရှာဖွေစဉ် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂါဇာတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အထောက်အပံ့ရှာဖွေစဉ် အနည်းဆုံး လူ ၃၄ ဦး သေဆုံးခဲ့ပြီး ၆၄၄ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားရာနေရာနှင့် အကြောင်းရင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံဖော်ပြခြင်း မရှိသော်လည်း ဟားမက် ၏ Al-Aqsa TV က မြောက်ပိုင်းဂါဇာကမ်းမြောင်ဒေသတွင် အထောက်အပံ့ စောင့်ဆိုင်းနေစဉ် အင်္ဂါနေ့ (ဇူလိုင် ၂၂) က လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက မေလ ၂၇ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း အစားအစာရရှိရန် ကြိုးစားစဉ် ဂါဇာတွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်း လူမျိုး ၁,၀၅၄ ဦးအား သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

မေလ ၂၇ ရက်သည် အစ္စရေးနှင့် အမေရိကန်ပံ့ပိုးမှုဖြင့် အငြင်းပွားဖွယ်ရာ ဂါဇာလူသားချင်းစာနာထောက်ထားရေးဖောင်ဒေးရှင်း (GHF) စတင် လည်ပတ်သည့်နေ့ဖြစ်ပြီး GHF သည် ဂါဇာမြောက်ပိုင်းတွင် အထောက်အပံ့ ဖြန့်ဖြူးမှု မလုပ်ဆောင်သောကြောင့် Al-Aqsa TV ၏ ဖော်ပြချက်အရ သေဆုံးသူ ၂၂ ဦးသည် ၎င်း၏ ဖြန့်ဖြူးရေးနေရာအနီးတွင် ဖြစ်ပွားခြင်း မဟုတ်ဟု GHF က ဆိုသည်။ 

ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်က အစ္စရေးကိုတိုက်ခိုက်ပြီးနောက် အစ္စရေးက ပြန်လည်ကာ ထိုးစစ်ဆင်နွှဲခဲ့သည့် စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်တွင် အနည်းဆုံး လူ ၅၉,၂၁၉ ဦး သေဆုံးပြီး ၁၄၃,၀၄၅ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) က "ဟားမက်၏ စစ်ရေးစွမ်းရည်များ ကို ဖျက်သိမ်းရန် လုပ်ဆောင်နေသည်" ဟု ပြောကြားခဲ့ပြီး "အစ္စရေး နိုင်ငံသားများကို ဟားမက်၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုနှင့် ဆန့်ကျင်ဘက် အနေဖြင့် IDF သည် အပြည်ပြည်ဆိုင်ရာဥပဒေကို လိုက်နာပြီး ပြည်သူများ ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ခြင်း ဖြစ်သည်" ဟု ထုတ်ပြန်ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂