ရုရှားရေတပ်က ဇူလိုင်မုန်တိုင်းဟု အမည်ရသော အကြီးစား စစ်ရေး လေ့ကျင့်မှုများ လုပ်ဆောင်
ရုရှားရေတပ်က မြောက်ပိုင်း စစ်ရေယာဉ်စု၊ ပစိဖိတ်စစ်ရေယာဉ်စု၊ ဘောလ်တစ် စစ်ရေယာဉ်စုများနှင့် ကက်စပီယန် စစ်ရေယာဉ်စုတို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ဇူလိုင်မုန်တိုင်းဟု အမည်ရသော စစ်ဆင်ရေး ဆိုင်ရာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရုရှား ရေတပ်စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါး မွိုင်ဆီ ယက်ဗ်၏ ကွပ်ကဲမှုဖြင့် ပြုလုပ်သော အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ပစိဖိတ်သမုဒ္ဒရာ၊ အာတိတ်သမုဒ္ဒရာ၊ ဘောလ်တစ်ပင်လယ်နှင့် ကက်စပီယန် ပင်လယ် အပါအဝင် ပင်လယ်ရေကြောင်းဒေသ အများအပြားတွင် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အထိ ပြုလုပ်သွားမည်ဟု သိရသည်။
ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်သင်္ဘောနှင့် ထောက်ပံ့ပို့ဆောင်ရေး သင်္ဘော အစင်း ၁၅၀ ကျော်၊ လေယာဉ် အစင်း ၁၂၀၊ ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးလက်နက်စနစ် ၁၀ ခု၊ စစ်လက်နက်နှင့် အထူးကိရိယာ ယူနစ် ၉၅၀ ခန့်နှင့် တပ်ဖွဲ့ဝင်အင်အာား ၁၅,၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
ပုံမှန်မဟုတ်သော စစ်ဆင်ရေး အခြေအနေများအပေါ် တုံ့ပြန်ရာတွင် ရေတပ်အင်အားစုများ၏ အသင့်ရှိမှု၊ ပစ်မှတ်အတိအကျ ချေမှုန်းရေး တာဝေးပစ်လက်နက်များအား ပေါင်းစပ်အသုံးပြုမှု၊ လူထိန်းချုပ်ရန် မလိုသည့် အလိုအလျောက်စနစ်များနှင့် အခြားအဆင့်မြင့် စစ်ဘက် နည်းပညာများကို စမ်းသပ်ရန် ထိုစစ်ရေးလေ့ကျင့်မှုအား ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
စစ်ရေးလေ့ကျင့်မှု အစီအစဉ်များတွင် သတ်မှတ်ထားသော တိုက်ပွဲဇုန် များသို့ တပ်ဖြန့်ခြင်း၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး များနှင့် ရေတပ်စခန်းများ၊ အဓိက ရေကြောင်းစီးပွားရေးဇုန်များအား ကာကွယ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ကိုးကား- Xinhua