အီလွန်မက် ရရှိထားသည့် အစိုးရထောက်ပံ့ကြေးငွေများအား စုံစမ်း စစ်ဆေးမည်ဟု ထရမ့် ခြိမ်းခြောက်
ဘီလီယံနာ အီလွန်မက်က ဇွန် ၃၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်ဒါဇင်ချီတင်၍ “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတ ထရမ့်က အီလွန်မက် “ရရှိထားသည့် (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်းတစ်လျှောက် မည်သူ့ထက်မဆို များပါသည်”၊ အမေရိကန်အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) အနေဖြင့် အီလွန်မက် ကုမ္ပဏီက အစိုးရထောက်ပံ့ ကြေးငွေရရှိထားမှု အခြေအနေအား ကောင်းကောင်း စုံစမ်းစစ်ဆေးသင့်ကြောင်း ဇူလိုင် ၁ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ တုံ့ပြန်ပြောကြားခဲ့သည်။
ထရမ့်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ပို့စ်တင်၍ ၎င်းအနေဖြင့် လျှပ်စစ်ကားနှင့်စပ်လျဉ်း၍ အတင်းအဓမ္မ လုပ်ဆောင်ချက်မူဝါဒအား ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ကို အီလွန်မက်က ၎င်းသမ္မတအဖြစ် ရွေးကောက်မှုအတွက် အင်တိုက်အားတိုက် မပံ့ပိုးခင်ကတည်းက ရှင်းလင်းစွာ သိရှိထားပြီးဖြစ်ကြောင်း၊ “လျှပ်စစ်ကားက အရမ်းကောင်း ပါသည်။ သို့သော် လူတိုင်းတစ်စီးပိုင်ဆိုင်မှဖြစ်မည်ဟု အကျပ်မကိုင်သင့်ဘူး” ဟု ပြောကြား ခဲ့သည်။
“လက်ရှိအထိ အီလွန်မက် ရရှိထားသည့် (အမေရိကန်အစိုးရ) ထောက်ပံ့ကြေးငွေက သမိုင်း တစ်လျှောက် မည်သူ့ထက်မဆိုများပါသည်။ အဆိုပါထောက်ပံ့ကြေးငွေတွေသာမရှိခဲ့လျှင် ၎င်းအနေဖြင့် ကုမ္ပဏီပိတ်ပြီး တောင်အာဖရိက က ဇာတိမြေကို ပြန်ရပါလိမ့်မည်” ဟု ထရမ့်က ဆိုသည်။
ထရမ့်က နောက်ဆုံး၌ “ဒုံးကျည်တွေပစ်လွှတ်တာ၊ ဂြိုဟ်တု ဒါမှမဟုတ် လျှပ်စစ်ကား ထုတ်လုပ်တာတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံက အရင်းအနှီးငွေ အများအပြား ချွေတာနိုင်မှာပါ။ ကျွန်တော်တို့က အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို အဆိုပါ ကိစ္စအကြောင်း ကောင်းကောင်း သေသေချာချာ စုံစမ်းစစ်ဆေးခိုင်းသင့်ပါသည်။ ငွေအများကြီး ချွေတာနိုင်မှာပါ” ဟု ရေးသားခဲ့သည်။
အီလွန်မက်က ဒေသစံတော်ချိန် ဇွန် ၃၀ ရက်တွင် ထရမ့်က အင်တိုက်အားတိုက် ဖော်ဆောင် သည့် “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” စည်းကြပ်ခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ ၎င်းက ပို့စ်ပေါင်း ဒါဇင်ချီ ဆက်တိုက်တင်၍ အဆိုပါဥပဒေကြမ်းအား ထောက်ခံသည့် လွှတ်တော်အမတ်များအနေဖြင့် အရှက်ရသင့်ကြောင်း၊ ဥပဒေကြမ်းအတည်ပြုပါက ဒုတိယနေ့တွင်ပင် “အမေရိကန်ပါတီ” ထူထောင်သွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
အီလွန်မက်က ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီကြီးနှစ်ရပ်ကို စော်ကားသည့် စကားလုံးများဖြင့် ပြောကြားခဲ့ပြီး “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်းသည် ကြွေးမြီအများဆုံး ပမာဏကို အမေရိကန်ဒေါ်လာ ၅ ထရီလီယံအထိ စံချိန်တင် တိုးမြှင့်လိုက်မည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။
ထရမ့်အစိုးရတက်လာပြီးနောက် အီလွန်မက် သည် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးက “ကြီးမြတ်၍ တင့်တယ်လှပမှု (One Big Beautiful Bill)” ဥပဒေမူကြမ်း စသည်တို့ကြောင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။ ထရမ့်က အီလွန်မက်ကို “ရူးနေပြီ” ဟု ဆိုခဲ့ဖူးပြီး အီလွန်မက် ကမူ ထရမ့်သည် “ကျေးဇူးကန်းသည်” ဟု ဆိုခဲ့သည်။
ကိုးကား- ဆင်ဟွာ