ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ် ထရမ့် လက်မှတ်ရေးထိုး
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်သည့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ထရမ့်က ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါအမိန့်အရ အမေရိကန်သည် ဆီးရီးယားသို့ တင်ပို့သော အချို့ကုန်စည်ပစ္စည်းများ၏ စီမံထိန်းချုပ်မှုကို ဖြေလျှော့မည်ဖြစ်ပြီး ပြည်ပအကူအညီအချို့ ဆီးရီးယားလက်ခံနိုင်သည့် ကန့်သတ်ချက်ကို ပယ်ဖျက်ပေးမည် ဖြစ်ကြောင်းသိရသည်။ ထိုမတိုင်မီ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆီးရီးယားအာဏာပိုင်၊ ဆီးရီးယားဗဟိုဘဏ်နှင့် နိုင်ငံပိုင်လုပ်ငန်းများနှင့် ဆက်စပ်သော သွားလာဆောင်ရွက်ခွင့်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရက်ပေါင်း ၁၈၀ ကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ကို ထုတ်ပြန်ခဲ့သည်။
အမေရိကန်အနေဖြင့် ဆီးရီးယားတည်ငြိမ်ရေးနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ထောက်ခံ အားပေးကြောင်း၊ ဆီးရီးယား၏ “အရေးကြီး ဦးစားပေးကိစ္စရပ်များ”၏ တိုးတက်မှုကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်အနေဖြင့် ISIS အစွန်းရောက်အဖွဲ့နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများ၊ “အီရန် ပရောက်စီ” များကို ဆက်လက်ပိတ်ဆို့အရေးယူသွားမည်ဖြစ်ပြီး “အကြမ်းဖက်ဝါဒ အားပေး နိုင်ငံများ” စာရင်းတွင် ဆီးရီးယားကို ဆက်လက်ထည့်သွင်းရမည်၊ မရမည် အပေါ် သုံးသပ် သွားမည်ဖြစ်ပြီး ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရန် ကုလသမဂ္ဂအား တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာလက ဆီးရီးယားအခြေအနေ ရုတ်ခြည်းပြောင်းလဲခဲ့သည်။ အမေရိကန်က လက်ရှိတွင် ဆီးရီးယား အာဏာပိုင်အကြီးအကဲ Ahmed al-Sharaa ကို “နိုင်ငံတကာ အကြမ်းဖက်သမား” အမည်စာရင်းတွင် ထည့်သွင်းထားဆဲဖြစ်ပြီး ၎င်းဦးဆောင်သည့် ဆီးရီးယား Hayat Tahrir al-Sham လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ ၎င်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်ရန် အမေရိကန်သမ္မတ ထရမ့်က အမိန့်ကြေညာချက်တွင် ညွှန်ကြားထားကြောင်း အိမ်ဖြူတော်၏ ဇွန် ၃၀ ရက် ကြေညာချက်၌ ဖော်ပြထားပါသည်။
ကိုးကား- ဆင်ဟွာ