ရုရှားနှင့် ပြင်သစ် သမ္မတတို့ ၃ နှစ်တာအတွင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်ပြီး သံတမန် နည်းဖြင့် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် ထောက်ခံအားပေး
ရုရှားသမ္မတ ပူတင်သည် ဇူလိုင် ၁ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ရာ နှစ်ဖက်လုံးက သံတမန်နည်းဖြင့် အီရန်နျူကလီးယားအရေးအား ဖြေရှင်းရန် ထောက်ခံအားပေးကြောင်း ဆိုကြသည်။ ယင်းသည် နှစ်နိုင်ငံသမ္မတ လတ်တလော ၃ နှစ်တာ အတွင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုဖြစ်သည်။
မက်ခရွန်နှင့် ပူတင်တို့သည် အချိန် ၂ နာရီကျော်ကြာ ဆွေးနွေးပြောဆိုခဲ့ကြောင်း ပြင်သစ် သမ္မတအိမ်တော် အီလီဇီးနန်းတော်က သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ရှေ့တစ်ကြိမ် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုမှာ ယူကရိန်း အကျပ်အတည်း အရှိန်မြင့်လာပြီး နှစ်ဝက်ကျော်အကြာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ဖြစ်ကြောင်း RIA Novosti သတင်းဌာနက ဖော်ပြထားသည်။
နှစ်နိုင်ငံခေါင်းဆောင်များက နိုင်ငံရေးသံတမန်နည်းလမ်းဖြင့်သာ အီရန်နျူကလီးယားအရေးနှင့် အရှေ့အလယ်ပိုင်းဒေသ အခြားသော ပဋိပက္ခများအားဖြေရှင်းရန် တစ်ပြေးညီထောက်ခံ အားပေးခဲ့ကြသည်ဟု ရုရှားသမ္မတအိမ်တော် ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် သတင်း အရသိရသည်။ အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုသည့် တရားဝင် အခွင့်အရေးအား လေးစားသင့်ကြောင်း၊ အီရန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် “နျူကလီးယားလက်နက် မပြန့်ပွားရေး ဆိုင်ရာသဘောတူစာချုပ်” အရ ၎င်းက တာဝန်ခံသင့်သည့် တာဝန်ဝတ္တရားများကို ဆက်လက် ထမ်းဆောင်သင့်ကြောင်း ၎င်းတို့က အလေးထား ပြောကြားခဲ့သည်။
ယူကရိန်း အကျပ်အတည်းနှင့်စပ်လျဉ်း၍ မက်ခရွန်က ယူကရိန်းနှင့် ရုရှားတို့သည် ခိုင်မြဲ၍ ရေရှည်ဖြစ်သော ဖြေရှင်းမှုနည်းလမ်း ရှာဖွေတွေ့ရှိရန်အတွက် ဆောလျင်စွာ အပစ်ရပ်ရေး သဘောတူညီချက်ရရှိပြီး ဆွေးနွေးညှိနှိုင်းမှုစတင်ရန် တိုက်တွန်းခဲ့ကြောင်း အီလီဇီးနန်းတော်က ပြောကြားခဲ့သည်။
ယူကရိန်းအကျပ်အတည်းသည် အနောက်တိုင်းနိုင်ငံများ မူဝါဒ၏ တိုက်ရိုက်အကျိုးဆက် ဖြစ်ကြောင်း၊ အနောက်နိုင်ငံများသည် နှစ်ပေါင်းများစွာ ရုရှားလုံခြုံမှုအကျိုးစီးပွားကို လျစ်လျူရှု ခဲ့ကြောင်း၊ လက်ရှိတွင် ယူကရိန်းအား ခေတ်မီလက်နက်မျိုးစုံ ပံ့ပိုးပေးခြင်းဖြင့် ရန်လိုသည့် လှုပ်ရှားမှုများကို ကြာရှည်အောင် လုပ်ဆောင်လျက်ရှိကြောင်း ကရင်မလင်နန်းတော်က ပူတင် ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
ယူကရိန်းအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းမှု အနာဂတ်အလားအလာနှင့်စပ်လျဉ်း၍ ပူတင်က ရုရှားအနေဖြင့် သဘောတူညီချက်ရရှိနိုင်သည့် အခြေခံရပ်တည်ချက်များကို လက်ကိုင် ထားကြောင်း၊ အဆိုပါသဘောတူညီချက်များသည် ယူကရိန်းအကျပ်အတည်း၏ အရင်းအမြစ် အားဖယ်ရှားရန် ရည်ရွယ်ပြီး ဘက်စုံထောင့်စုံဖြစ်၍ ရေရှည်ဖြစ်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ