မက္ကဆီကိုနယ်စပ်တွင် ကင်းလှည့်နေသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မက္ကဆီကန်ဂိုဏ်းသားများ ပစ်ခတ်မှု ဖြစ်ပွား

News Image

မက္ကဆီကိုနယ်စပ်တွင် ကင်းလှည့်နေသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့် မက္ကဆီကန်ဂိုဏ်းသားများ ပစ်ခတ်မှု ဖြစ်ပွား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ရန်ကြိုးပမ်းမှုအတွင်းမက္ကဆီကန်ဂိုဏ်းဝင်များဟု သံသယရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် လွန်ခဲ့သော သီတင်းပတ်က မက္ကဆီကိုနယ်စပ်တွင် အမျိုးသားအဆင့် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံအတွင်းရှိ သန်းနှင့်ချီသော တရားမဝင် ဝင်ရောက်နေထိုင်သူများကို နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် နယ်စပ်ဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားခဲ့သည်။

ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

News Image

ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

ဆားဘီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Novi Sad တွင် မကြာသေးမီက ပြန်လည်မွမ်းမံထားသော ရထားဘူတာရုံတစ်ခု၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က မငြိမ်မသက်ဖြစ်မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှစတင်ကာ ကျောင်းသားဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဆားဘီးယားနိုင်ငံ၌ လူ ၁၅ ဦး သေဆုံး ခဲ့ပါသည်။

ပြည်ထောင်စုအကျိုးနှင့် အမျိုးသားရေးစိတ်ဓာတ်

Posted_Date

Image

ပြည်ထောင်စုအကျိုးနှင့် အမျိုးသားရေးစိတ်ဓာတ်

Body

လူ၏ သဘောသဘာဝသည်ပင်လျှင် တစ်ဦးတည်း သီးခြားရပ်တည်နေထိုင်သည့် အမူအကျင့်မရှိဘဲ မိဘနှစ်ပါးမှ မွေးဖွားလာကတည်းက မိသားစုဘဝကိုရရှိခဲ့ကြသည်။ သွေးရင်းသားရင်းမိသားစုများမှ ဆွေမျိုးသားချင်းများဟူ၍ ဖြစ်လာကြပြီး ထိုမှတစ်ဆင့် ဆွေမျိုးစု၊ မျိုးနွယ်စုများအဖြစ် ပိုမိုကြီးမားသည့် လူ့အဖွဲ့အစည်းဖြစ်လာကာ လူမျိုးစုအထိ ကျယ်ပြန့်လာသည့်သဘောဖြစ်ပါသည်။

ထို့အပြင် လူဟူသည် အခြားသတ္တဝါများထက် ပို၍အသိဉာဏ်ရှိပြီး ဆည်းပူးလေ့လာသင်ယူနိုင်စွမ်းလည်းရှိကြသည်။ မိမိသင်ယူမှတ်သားထားသည်များကို အခြေခံကာ ဆင့်ပွားတွေးခေါ်ဆင်ခြင်နိုင်စွမ်းလည်းရှိပေသည်။ ထိုမှတစ်ဆင့် တီထွင်ဖန်တီးခြင်း၊ ပိုမိုကောင်းမွန်ဆန်းသစ်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်ကြပေသည်။ ထို့ပြင် ခံစားတတ်သည့် နှလုံးသားလည်းရှိသည်မို့ စိတ်ခံစားမှုအမျိုးမျိုးကို ကူးစက်ခံစားနိုင်ကြသည်။ ထိုမှ နားလည်စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်စသည့် အကောင်းမြင်စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတတ်သကဲ့သို့ မခံချင်စိတ်၊ ရန်လိုအမုန်းပွားစိတ်၊ နာကြည်းစိတ် စသည့်အဆိုးမြင် အာဃာတတရားများလည်း ပေါ်ပေါက်လာတတ်ကြပါသည်။

လူသားတာဝန်

အကောင်းမြင်စိတ်ရှိမှသာ တိုးတက်မှုကို ရှေးရှုနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဟူသည် ပျက်စီးရာ ပျက်စီးကြောင်းကိုသာ ဦးတည်တတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ လူဟူ၍ဖြစ်လာလျှင် မိမိကိုယ်တိုင်ပါဝင်သည့် လူ့အဖွဲ့အစည်းလူ့လောက လူ့အသိုင်းအဝိုင်းကို အကောင်းမြင်စိတ်ဖြင့် တိုးတက်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ တာဝန်ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုတာဝန်ကို မည်သူကပေးထားသနည်းဟုမေးလျှင် မွေးကတည်းကပါလာသည့် လူသားတာဝန်ဟုသာ ဖြေဆိုရပါမည်။ အဆိုပါတာဝန်ကိုလည်း တခုတ်တရ သတ်သတ်မှတ်မှတ် လုပ်ဆောင်ရန်မဟုတ်ဘဲ မိမိက စိတ်စေတနာကောင်းထားခြင်း၊ အများအကျိုးကို လိုလားခြင်း၊ မိမိကြောင့် သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို ရှောင်ရှားခြင်း၊ လူအချင်းချင်း ရိုင်းပင်းညှာတာထောက်ထားခြင်းတို့ဖြင့် ပြုမူကျင့်ကြံပြောဆိုနေထိုင်ရုံလောက်ဖြင့်ပင် လူသားတာဝန်ကို ကျေပွန်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။

မိမိနေထိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အရေးကြုံလာပြီဆိုလျှင်တော့ မိမိအနေဖြင့် သည်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် မိမိတွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် အသိစိတ်ဓာတ်မျိုးအထိ ရှိထားရန်လိုသည်။ သို့မှသာ နိုင်ငံသားတာဝန် ကျေပွန်ရာရောက်ပေမည်။ ယင်းသို့သော အသိစိတ်ဓာတ်မျိုးသည် တစ်စုံတစ်ယောက်က နှိုးဆော်တိုက်တွန်းရန်မလိုဘဲ နေရာဒေသ အချိန်အခါ အခြေအနေများအရ ဖြစ်ပေါ်လာရမည့်အသိ စိတ်ဓာတ်ဟုပင် ဆိုချင်ပါသည်။ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များ၊ မိမိနယ်မြေ၊ မိမိဒေသ၊ မိမိနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ မိမိအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပေးရမည်နည်းဆိုသည့် အသိစိတ်ဓာတ်မျိုး နိုင်ငံသားအားလုံးတွင် ရှိထားကြမည်ဆိုလျှင် အဆိုပါနိုင်ငံသည် စည်းလုံးညီညွတ်မှုရှိသောနိုင်ငံသားများကို ပိုင်ဆိုင်ထားပြီး တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။

ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်

နိုင်ငံသားများသည် အဆိုးဘက်တွင် ညီညွတ်သည်ထက် အကောင်းဘက်တွင်သာ ညီညွတ်ကြရန် လိုအပ်ပါသည်။ ယနေ့မိမိတို့နိုင်ငံတွင် အကောင်းမြင်စိတ်ဖြင့် အကောင်းဘက်သို့ ဦးတည်သည့် ညီညွတ်မှုမျိုး အထူးလိုအပ်နေချိန်ဖြစ်ပါသည်။ လတ်တလောနိုင်ငံအခြေအနေကို ပြန်ကြည့်လိုက်လျှင် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ သည်လိုအနေအထားမျိုးတွင် နိုင်ငံသားများက မိမိနှင့်မဆိုင်ဟုဆိုကာ နေသာသလိုနေရမည့်အချိန်မဟုတ်ပေ။ တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လိုအပ်သလို ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်သည်။

နိုင်ငံသားပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ဥပမာ မိမိဒေသတွင် ပြည်သူ့စစ်အဖွဲ့များရှိလျှင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းမျိုး၊ မိမိရပ်ကွက်ကို လုံခြုံအောင် အလှည့်ကျကင်းစောင့်ခြင်းမျိုး၊ အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်း မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုမှုများ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး၊ ပုံမှန်မဟုတ်သည့်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းမျိုးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့သောလုပ်ရပ်များသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များပင် ဖြစ်သည်။ ထိုသို့သော အသိစိတ်ဓာတ်ဖြင့် အစဉ်အမြဲသတိရှိနေမည်၊ အသိရှိနေမည်၊ အသင့်ရှိနေ မည်ဆိုလျှင် နိုင်ငံအတွက် အားထားရသည့် နိုင်ငံသားတစ်ယောက်ဖြစ်ပြီဟု ဆိုချင်ပါသည်။ အသိစိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံသားများနေထိုင်သော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုဆီ အစဉ်အမြဲ ဦးတည်နေမည်သာဖြစ်ပေသည်။

နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့်လည်း တစ်သားတည်းရှိရန်လိုအပ်ပါသည်။ သာမန်အားဖြင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို ပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်မည့်သူများကို ဝိုင်းဝန်းတားဆီးကာကွယ်ခြင်း၊ ဥပဒေထိန်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သည်ဆိုလျှင်ပင် အစိုးရနှင့် တစ်သားတည်းရှိနေပြီဟု ဆိုနိုင်ပါသည်။ အစိုးရအဖွဲ့ဟူသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒများချမှတ် ဆောင်ရွက်ကြသည် ချည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ရည်ရွယ်ထားကြခြင်းဖြစ်၍ နိုင်ငံသားများကလည်း အစိုးရနှင့် ရည်မှန်းချက်တူသူများအဖြစ် ပြည်ထောင်စုအကျိုး လိုလားသူများလည်းဖြစ်သည်။ ယင်းကိုပင် ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည်

ပြည်ထောင်စုစိတ်ဓာတ်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သကဲ့သို့ အစုအဖွဲ့အလိုက်၊ တိုင်းရင်းသား လူမျိုးစုအလိုက်နှင့်လည်း သက်ဆိုင်နေပါသည်။ ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေး ကို ဖော်ပြထားရာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ဝမ်းမကွဲရေးကို ဆိုလိုရာရောက်ပြီး ပြည်ထောင်စု၏ နယ်မြေအစိတ်အပိုင်းတစ်ခု တလေမျှကိုပင်လျှင် ပြိုကွဲမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ဆိုလိုခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ချစ်ခင်စည်းလုံးကြရန်၊ နိုင်ငံနယ်နိမိတ်အတွင်းရှိ မည်သည့်နယ်မြေအစိတ်အပိုင်းကိုမျှ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ်လာများ မည်သို့ပင် ကွဲပြားသည်ဖြစ်စေ ပြည်ထောင်စုတစ်ဝန်းလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အရေးကိစ္စမျိုးတွင် ကွဲပြားခြားနားမှုမရှိ တစ်သွေးတည်း တစ်သားတည်းဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဤတွင် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသည့် ဖဆပလညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုတာ ဒုက္ခသုခ အတူခံစားကြပြီးတော့ နီးနီးစပ်စပ် အကျိုးထပ်ပြီး နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပဲလို့ စိတ်ထားရှိသူတွေကို တစ်စုတည်းပေါင်းပြီးခေါ်တာပဲဖြစ်တယ်။ အမျိုး အနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ ပြောဆိုတဲ့ ဘာသာစကားတို့ကို အရေးထားရမှာဖြစ်ပေမယ့် တကယ်စင်စစ်ကတော့ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက်ပေါင်းပြီး နေထိုင်လိုတဲ့အစဉ်အလာဆန္ဒပေါ်မှာ ဝံသာနုရက္ခိတတရားက တည်နေတာဖြစ်တယ်” ဟု မိန့်ကြားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများအားလုံး မည်သို့ပင် မတူကွဲပြားခြားနား ကြစေကာမူ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်းနေထိုင်ကြရမည့်စိတ်ထားကို မွေးမြူကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်နှင့် ထပ်တူကျနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံခြင်းမရှိဘဲ မိမိတို့နယ်မြေဒေသအလိုက် လွှမ်းမိုးခြယ်လှယ်လိုသည့် ကိုယ်ကျိုးအတ္တအတွက်သာ ဦးတည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအတ္တအကျိုးစီးပွားများသည် ၎င်းတို့၏ နယ်မြေဒေသအတွက် လည်းအကျိုးမရှိ၊ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ အတွက်လည်း အကျိုးမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရသည့်အပြင် ဒေသတွင်းရှိ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်စသည့် အခြေခံအဆောက်အအုံများပါ ပျက်စီးဆုံးရှုံး နေရသည်။ ယင်းသည် ပြည်ထောင်စု၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုများလည်း ဖြစ်ပေသည်။

ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေသော လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာပြီး တရားဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျစွာ လက်တွဲဖြေရှင်းကြရန် ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြပြီဖြစ်၍ ပြည်ထောင်စုအကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါသည်။ ။

Source: moi.gov.mm

တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်း

Posted_Date

Image

တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်း

Body

တိုင်းရင်းဆေးပညာအမြင်အရ ရာသီဥတုသဘောသဘာဝနှင့် ရာသီဥတုအလိုက် ဖြစ်ပေါ်ကျရောက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ လိုက်နာနိုင်ရန်အချက်များနှင့် ရှောင်ကြဉ်နိုင်ရန်အချက်များကို ပြည်သူလူထုသိရှိနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းဆေးပညာဖြင့် ဥတုရာသီအလိုက် ကျန်းမာရေးစောင့်ရှောက်ခြင်းအား ရေးသားဖော်ပြလိုက်ပါသည်။ တိုင်းရင်းဆေးပညာအရ ဆောင်းဥတု၏ ကာလအပိုင်းအခြားမှာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ လေးလသည် ဆောင်းဥတုဟု ဆေးကျမ်းများတွင် ခေါ်ဆိုပိုင်းခြားထားပါသည်။

ဆောင်းဥတု၏သဘာဝလက္ခဏာများ

ဥတုဘောဇနသင်္ဂဟ ဆေးကျမ်းအလိုအရ ဆောင်းဥတု၏ သဘာဝလက္ခဏာများကို ဖော်ပြရလျှင် ဆောင်းဥတု၏အစဖြစ်သော တန်ဆောင်မုန်းလ၏ ဒုတိယလတစ်ဝက်သည် သာယာကြည်နူးဖွယ်ကောင်းသော ရာသီကာလဖြစ်ပါသည်။ နှင်းများကျလိုက်၊ မိုးများရွာလိုက် ဖြစ်နေတတ်ပါသည်။ သို့မို့ကြောင့်ပင် ရှေးတောင်သူဦးကြီးများက “တန်ဆောင်မုန်းတွင်၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်” ဟု ဆောင်ပုဒ်ပြုခဲ့ကြပါသည်။ ဆိုလိုရင်းမှာ ခြောက်သွေ့မှုမရှိဘဲ အေးနေခြင်းဟု ဆိုလိုသောကြောင့် စိုစွတ်၍ အေးမြသောအချိန်ဖြစ်ပါသည်။

ထိုအချိန်တွင် အနောက်တောင် မုတ်သုံရာသီလေသည် အပြီးအပိုင်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါသည်။ အေးမြသော မြောက်ပြန်လေညင်းကလေးသည် တသုန်သုန် တိုက်ခတ်စပြုလာပြီဖြစ်ပါသည်။ ပြာသိုလနှင့် တပို့တွဲလများတွင် ပြင်ပလောကကြီးမှာ အအေးဓာတ်ပို၍ လွှမ်းမိုးလာပါသည်။ တန်ဆောင်မုန်းလနှင့် နတ်တော်လများမှာ မြောက်လေတိုက်ခတ်လာပြီး ဆီးနှင်းများအလွန်ကျကာ ပြာသိုလနှင့် တပို့တွဲလများ ရောက်သည့်အခါတွင် ဆီးနှင်းများကျခြင်း နည်းပါးသွားပါသည်။

ဆောင်းဥတု၌ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများ

၎င်းအပြင် ဆောင်းဥတု၌ လူအများတွင် ကျန်းမာနေကြောင်းနှင့် မကျန်းမာကြောင်း သိသာနိုင်သော ယေဘုယျလက္ခဏာများကိုလည်း ရေးသားဖော်ပြရလျှင်-

ယခုကဲ့သို့ ဆောင်းဥတုအအေးနယ်တွင် လူများ၏ ကိုယ်ခန္ဓာတွင် အအေးအုပ်စိုးပါက ကျန်းမာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံး အပူချိန်လျော့ပါးနေရမည် ဖြစ်သည်။ ဆောင်းဥတုသဘောအရ လူများတွင် တွေ့နိုင်သော လက္ခဏာများမှာ ရေမငတ်ခြင်း၊ ချွေးမထွက်ခြင်း၊ ဆီးအရောင်ဖြူပြီးများခြင်း၊ အသားများပပ်၍ ကြမ်းပြီးခြောက်နေခြင်း၊ ကိုယ်သားကိုယ်ရေ ပူနွေးနေခြင်း၊ ဝမ်းမီးကောင်းသောဥတုဖြစ်သောကြောင့် စားလိုက်သော အစား အသောက်များ စားသောက်ကောင်းခြင်းစသည့် လက္ခဏာများသည် ကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ ဆောင်းဥတုတွင် ဆီးပူခြင်း၊ ဆီးဝါခြင်း၊ ဆီးနည်းခြင်း၊ ကိုယ်သားကိုယ်ရေအေးခြင်း၊ ချွေးထွက်များခြင်း၊ ရေငတ်ခြင်း၊ အစားအသောက်ပျက်ခြင်းများ တွေ့ရှိပါက မကျန်းမာသူတို့၏ လက္ခဏာများဖြစ်သည်။

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် သောက်သုံးသင့်သော ဆေးဝါးများ

ဆောင်းဥတုတွင် ဖြစ်ပွားတတ်သော ရောဂါများမှာ တုပ်ကွေး၊ အအေးမိနှာစေး၊ ချောင်းဆိုး၊ အဆုတ်ရောင်၊ သလိပ်ဖျား၊ ရင်ကျပ်ပန်းနာရောဂါ၊ ချမ်းဖျားတုန်ဖျား၊ အူရောင်ငန်းဖျား၊ ဝက်သက်ဖျား စသောရောဂါများ ဖြစ်ပွားတတ်ပါသည်။ ၎င်းရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အေး၊ ချို၊ ချဉ်၊ ငန် အရသာရှိသော ဆေးဝါးအစာတို့ကို မှီဝဲသင့်ပါသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁) မက်လင်ချဉ်သလိပ်ပုပ်ပျောက်ဆေး၊ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်(၇) နွယ်ချို ကဲဆေးတို့ကို တိုင်းရင်းဆေးပညာရှင်များ ညွှန်ကြားသည့်အတိုင်း သောက်သင့်ပါသည်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် ငရုတ်သီးမထည့်ဘဲ ရှောက်သီးသုပ်၊ သံပရာရည်၊ ကြာဆံဟင်းခါး၊ ပတဲကောဟင်းချို၊ ကန်စွန်းရွက်ကြော်စသည်များကို ချက်ပြုတ်စားသောက်သင့်ပါသည်။ ဥတုဖျားဖြစ်ပါ က ကွမ်းရွက်သတ္တုရည် ဟင်းစားဇွန်း တစ်ဇွန်းနှင့် ချင်းပြုတ်ရည်ကို ဆားနည်းနည်းထည့်ပြီး အကြမ်းတစ်ပန်းကန်လုံးစာ တစ်နေ့သုံးကြိမ် သောက်ပေးသင့်ပါသည်။ ၎င်းအပြင် ချွေးသင့်ရုံထွက်ရန်အတွက် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၆) ဟလိဒ္ဒ စုဏ္ဏငန်းဆေးကို တစ်ကြိမ် ငါးပြား တစ်နေ့ သုံးကြိမ်၊ ကွမ်းရွက်၊ ထန်းလျက်ပြုတ်ရည်တို့နှင့် သောက်သင့်ပါသည်။ တုပ်ကွေးဖျားဖြစ်လျှင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ထုတ်လုပ်သော ဝိသမအဖျားပျောက်ဆေးကို နီးစပ်ရာ တိုင်းရင်းဆေးရုံ၊ ဆေးကုဌာနများတွင် အခမဲ့ရယူ၍ ဆရာ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း သောက်နိုင်သည်။

၎င်းအပြင် ရှေးဆေးကျမ်းများတွင် ဆိုထားသည့် ဆောင်းဥတုအတွက် စားသုံးနိုင်ရန် သင့်မြတ်သော ဆေးဝါးများကို ဖော်ပြရလျှင် ကြစုသီးနှင့် ချင်းခြောက်ကို စားသုံးသင့်သည်ဟု ဆိုထားပါသည်။ နရသုခိဆေးကျမ်းအရ “ဆောင်းတွင်းရောက်သော်၊ ဖျောက်ဆိတ်သက်ရင်း၊ သင်းဝင်ပေါက်ဖြူ၊ နံ့သာဖြူ၊ တပဆေး၊ နည်းပေး သင့်စွာ၊ ထောက်ရှာ၊ ပညာလင်္ကာ၊ ခြောက်ဖြာ ပေါင်းဖွဲ့၊ သီဆိုခဲ့သည့်၊ ၁၂ရာသီ၊ ဆေးကိုမှီလော့”ဟု ဖော်ပြထားပါသည်။

စားသုံးသင့်သော ဓာတ်စာများ

ဆောင်းဥတုတွင် စားသုံးသင့်သော အစားအစာများကို ဖော်ပြရလျှင် သံပရာသီး၊ ရှောက်သီး၊ ဘူးရွက်၊ ကန်စွန်းရွက်၊ မုန်လာ၊ မုန်ညင်း၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံ၊ ခဝဲ၊ ပုံလုံ၊ ကင်းပုံရွက်၊ ဆလတ်ရွက်၊ ကျီးအာရွက်၊ ကုလားမျက်စိ၊ ဟင်းနုနယ်၊ ကန့်ကလာ၊ သင်္ဘောသီးမှည့်၊ ကျွဲကော၊ လိမ္မော်၊ ကမ္ဗလာ၊ ရှောက်ချို၊ စပျစ်သီး စသည်တို့ဖြစ်ပါသည်။ စားသင့်သော အသားငါးများမှာ ငါးခူ၊ ငါးကြင်း၊ ငါးရံ့၊ ငါးသိုင်း၊ ဆိတ်သား၊ ကြက်သား စသည်တို့ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်၊ အသားငါးများကို အချိုသဘော၊ အချဉ်သဘော၊ အရည်သောက်သဘော ချက်စားသင့်ပါသည်။ ပြင်ပမှ အအေးဒဏ်ခံနိုင်စေရန် တပို့တွဲလပြည့်နေ့တွင် ထမနဲ ပွဲတော်များပြုလုပ်ပြီး ပူ၊ ဆိမ့်အရသာရှိသော ထမနဲကို ဓာတ်ခံအားကောင်းစေရန် ရာသီစာအဖြစ်လည်း စားသောက်ကြပါသည်။

ရှောင်ကြဉ်သင့်သော အစားအသောက်များ

ဆောင်းဥတုတွင် ရှောင်ကြဉ်သင့်သော အစားအသောက်များမှာ အပူအစပ်၊ အကြော်အလှော်၊ အခြောက်အခြမ်း၊ ဖန်၊ ဖွဲ့၊ ချုပ်စေတတ်သော အစားအစာများ ရေခဲမုန့်၊ ငှက်ပျောသီးနှင့် သွေးတက်စေသည့် ဝက်သား၊ ဘဲသား၊ အမဲသားများကို လွန်ကဲစွာ မစားရန်လိုပါသည်။ ဆေးကျမ်းများအလို အရ ရာသီဥတုအလိုက် ဓာတ်အကြိုက်၊ အစာအာဟာရအပြင် မိမိ၏ မူလရုပ်ဓာတ်ခံကိုကြည့်၍ စားသုံးသင့်ပါသည်။ အအေးလွန်ကဲသောရာသီတွင် အအေးမိခံခြင်း၊ ပန်ကာလေခံခြင်း၊ လေအေးပေးစက်ခံခြင်း၊ ရေအလွန်အကျွံချိုးခြင်းများ ရှောင်ကြဉ်ရပါမည်။

လိုက်နာသင့်သည့်အချက်များ

ဆောင်းဥတုတွင် လိုက်နာသင့်သည့် အချက်များမှာ အိပ်ရေးပျက်မခံရန်လိုပါသည်။ သို့သော် ဆောင်းကာလတွင် အအိပ်များလျှင် ရောဂါထူတတ်သည့်အတွက်လည်း လိုအပ်သည်ထက်ပို၍ မအိပ် စက်သင့်ပါ။ ဝမ်းချုပ်မခံခြင်း၊ လေစိမ်းတိုက်မခံခြင်းနှင့် ရေချိုးမမှားရန် အလွန်အရေးကြီးပါသည်။ နွေးနွေးထွေးထွေးနေရန် လိုအပ်ပါသည်။ အညောင်းအထိုင်မများရန် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရန် အရေးကြီးပါသည်။ ၎င်းအပြင် ဣရိယပုတ်များ မျှတအောင် နေထိုင်သင့်ပါသည်။

အေးသောဥတုတွင် ခရီးသွားလာသည့်အခါများ၌လည်း အေးသောလေ မတိုးရအောင် အအေးမမိအောင် နွေးထွေးသည့်အစီအမံများ ပြုလုပ်၍ သွားရန်လိုပါသည်။ ၎င်းအပြင် နံ့သာဖြူ၊ ကရမက်၊ အကျော် စသော အမွှေးနံ့သာတို့ကိုလည်း လိမ်းကျံသင့်ပါသည်။ အထူးသတိပြုရန်မှာ အအေး မမိအောင်နေပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ။ အထက်ပါနည်းများအတိုင်း ပြုမူနေထိုင်စားသောက်သွားပါက ဟေမန္တဟုခေါ်သည့် ဆောင်းဥတုကာလတွင် ရောဂါဘယ ကင်းကင်းရှင်းရှင်းနှင့် နေထိုင်သွားနိုင်မည်ဖြစ်၍ တိုင်းရင်းဆေးပညာအရ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ရေးသား တင်ပြလိုက်ပါသည်။ ။

ကိုးကားကျမ်း

- ဥတုဘောဇနသင်္ဂဟကျမ်း/လက်တွေ့အသုံးချ မြန်မာ့နက္ခတ်ဆေးပညာကျမ်း

- အခြေခံ ကျန်းမာရေးဝန်ထမ်းများအတွက် အခြေခံတိုင်းရင်းဆေးပညာသင်တန်း လက်စွဲစာအုပ်

- တိုင်းရင်းဆေးကုဌာနသုံးဆေးနည်းများ စာအုပ်

- လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ ပေါင်းချုပ်အတွဲ(၁)

- မြန်မာ့တိုင်းရင်းဆေးနှင့် တုပ်ကွေးရောဂါ လက်ကမ်းစာစောင်

- မြန်မာစကားပုံများစာအုပ်

- နရသုခိဆေးကျမ်း

Source: moi.gov.mm