အိန္ဒိယသည် ပါကစ္စတန်နှင့် နယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အသင့်အပြင်ထားကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

News Image

အိန္ဒိယသည် ပါကစ္စတန်နှင့် နယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အသင့်အပြင်ထားကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဒေသများတွင် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့အားလုံးကို အရေးပေါ် အခြေအနေများအတွက် အသင့်တပ်စွဲထားကြောင်း ANI သတင်းဌာနကကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

“မမျှော်လင့်ထားသော ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် အိန္ဒိယ-ပါကစ္စတန်နယ်စပ်တစ်လျှောက် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အားလုံးကို အသင့်ပြင်ထားပြီးဖြစ်သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

ခေတ်မီသူနာပြုစုမှုတွင် ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍ

Posted_Date

Image

ခေတ်မီသူနာပြုစုမှုတွင် ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍ

Body

ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည်  လူသားတို့၏အသိဉာဏ်ရည်ကိုတုပ၍ စက်ပစ္စည်းများတွင်ပေါင်းစပ်ကာ   လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊  ဆုံးဖြတ်နိုင်၊  လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာစိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို  ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။

ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊  ဆန်းစစ်ဝေဖန်တွေးခေါ်နိုင်မှုရှိသော စက်ကိရိယာတီထွင်အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ပြည့်နှစ်မှ စတင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၇၀ ပြည့်နှစ်များကြားတွင် စက်ရုံ၊  အလုပ်ရုံများ၌  လေးလံသောပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့်     အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက်     ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင်လာခဲ့ကြသည်။ လူသားတို့ပေးထားသော      ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သည့်      ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင်တီထွင်ခဲ့သည်။

၁၉၈၀  ပြည့်နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့  ဗဟုသုတပြည့်စုံ၍  ဆုံးဖြတ်နိုင်စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ်ချက်များချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။  ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ  ပုံမှန်မဟုတ်သည့်ရောဂါရှိသည့်အခြေအနေကို ရှာဖွေနိုင်သောကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီပေးနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းတွင်    AI   စနစ်များသည် အချက်အလက်ပေါင်းများစွာကို    စီမံခန့်ခွဲနိုင်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိ ယာများတွင် ပေါင်းစပ်အသုံးပြုလာခဲ့ကြသည်။

အီလက်ထရွန်နစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်း များပြုလုပ်ရာတွင်  AI နည်းပညာကို အသုံးပြုလာ သဖြင့်  အချက်အလက်ပေါင်းများစွာ  စီမံခန့်ခွဲနိုင် ခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန် တိကျမှုရှိလာခဲ့သည်။  ၂၀၁၀  ပြည့်နှစ်ကာလများတွင် နက်ရှိုင်းစွာလေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာအချက်အလက်များကို   စိစစ် အဓိပ္ပာယ်ဖော်၍တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို   ရေးဆွဲပေးလာနိုင်သည့်အပြင် ကျန်းမာရေးဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင်များစွာအထောက်အကူပြုလာခဲ့ သည်။ ၂၀၂၀  ပြည့်နှစ်နောက်ပိုင်း  ယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 စသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် တခြားကဏ္ဍများနည်းတူ ကျန်းမာရေးကဏ္ဍတွင်များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏချိန်ညှိပေးနိုင်သကဲ့သို့     ဆေးဝါး သစ်များ  ရှာဖွေခြင်း၊     အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာ နိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင်ခန့်မှန်း ခြင်း၊    ကျန်းမာရေးဝန်ထမ်းများအားလေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာနိုင်ခဲ့သည်။

သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံး ချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်း ကဏ္ဍ၏တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာဆုံးဖြတ်မှုများတွင် အထောက်အပံ့များစွာ  ရရှိစေပါသည်။  လူနာ၏ ကျန်းမာရေးဆိုင်ရာအချက်အလက်များ စနစ်တကျ သိုမှီးသိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့   ကျန်းမာရေး အခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးနိုင်သည်။ တခြားသောကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာသည်။ ထို့ပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် တွေ့ကြုံရတတ်သော မှားယွင်းမှုများကိုလျှော့ချနိုင်ပြီး အချိန်နှင့်တစ်ပြေးညီထိရောက်သော ပြုစုကုသမှုဆောင်ရွက်နိုင်စေသည်။ ခေတ်မီသူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို  အောက်ပါအတိုင်း တွေ့ရှိရပါ သည်-

(က)Clinical Decision Support

AI သုံးစက်ကိရိယာများသည်  လူနာ၏အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍  တွေ့ကြုံနိုင်သော ကျန်းမာရေးပြဿနာများ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သောပြုစုကုသမှုကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သောအချက်အလက်များ     (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical Decision Support System စနစ် အတွင်းသို့ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေး သော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကိုလိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို   ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော   သုတေသနရလဒ်များကို အခြေခံ၍ Evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့်သဘောဖြစ်သည်။

(ခ)Predictive Analytics for patient deterioration 

 AI သုံးစက်ကိရိယာများသည် လူနာနှင့်ပတ်သက်သောအချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ၍ လူနာများ   ချော်လဲနိုင်ခြေ၊ ကျောပူနာဖြစ်နိုင်ခြေ၊  ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက် ရောက်နိုင်ခြေ စသည့်နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။  AI ၏ မျှော်မှန်းတွက်ချက်မှုပေါ်အခြေခံကာ  သူနာပြုများအနေဖြင့် အရေးကြီးလူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ်ကြည့်ရှုမှုကို တိုးမြှင့်ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်း လဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်။

(ဂ) Patient case Assistance

AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာများ(Devices) အသုံးပြု၍  လူနာများကို ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်နိုင်သဖြင့် သူနာပြုများအား ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့ပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးရာတွင်လည်း   အသုံးပြုနိုင်သောကြောင့်  ဆေးအမျိုးအစား၊ ဆေးဝါးပမာဏမှန်ကန်မှုရစေပြီး  ကုသမှုလုပ်ငန်းစဉ်တွင်  တွေ့ကြုံတတ်သော  ဆေးမှားတိုက်မိခြင်း၊   ဆေးမတိုက်မိခြင်းပြဿနာများမှလည်း   ပြေလည်စေနိုင်ပါသည်။   AI chatbots, virtual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့   အထောက်အကူပြုစေနိုင်ပါသည်။ ကျန်းမာရေးအကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ  သိလိုသည်များ  ဖြေကြားပေးခြင်းသာမက ဆေးဝါးများသောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်းများ ပြုလုပ်နိုင်သည်။ သူနာပြုများကလည်း ထို AI အကူစနစ်များမှပေးပို့သောသတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံကြည့်ရှုမည့် ရက်ချိန်းပေးနိုင်သကဲ့သို့    ရောဂါမျိုးစုံရှိသော၊ ရောဂါအခြေအနေထိန်းညှိရခက်သောလူနာများကို   အထူးစောင့်ကြပ်သတိထားနိုင်မည်ဖြစ်သည်။  တစ်ဦးချင်းစီနှင့်သက်ဆိုင်သောရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊  နေထိုင်စားသောက်ပုံစသည့်အချက်အလက်များပေါ်အခြေခံ၍ Personalized  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံချက်များကို AI မှ ရေးဆွဲပေးနိုင်သောကြောင့်သူနာပြုများသည်လူနာတစ်ဦးချင်းနှင့်ကိုက်ညီသောပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည်   တိကျသောအဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊   ဆေးဘက်ဆိုင်ရာကျွမ်းကျင်များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့်လူနာများအတွက်  ပို၍သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။

(ဃ)Remote Monitoring  and Telehealth

 လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့်နေ့စဉ်အချိန်နှင့်အမျှပြောင်းလဲနေသော  သွေးခုန်နှုန်း၊  သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်စသည့်နှလုံး၊အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ပြီးခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေးအခြေအနေကိုသူနာပြုများကအဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့သော   သတင်းအချက်အလက်များအရ လူနာ၏အခြေအနေကိုသိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေးမှုများ၊ရက်ချိန်းမြန်မြန်ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။   အဝေးရောက်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကိုထိရောက်စွာအကောင်အထည်ဖော်နိုင်မှုတစ်ခုဖြစ်သည်။

(င)Patient Education and Engagement

လူနာတစ်ဦးချင်း၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင်ရွက်ပေးနိုင်ပြီး  ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို    ကျန်းမာရေးအထောက်အကူပြုသည့်နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကိုလည်း AI  သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည်     သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာအထောက်အကူ     ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်သူများကြား    ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော  ကုသမှုရစေနိုင်ပါသည်။

(စ)   Administrative Support

သူနာပြုများသည်လူနာပြုစု၊  ကုသမှုသာမက လူနာ၏မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျဖြစ်အောင်   ဆောင်ရွက်ရခြင်းစသည့်စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင်ရသည်။   AI-driven scheduling system နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာပြုစုကုသမှုတွင် ပို၍အချိန်ပေးလာနိုင်သည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ဂျူတီချိန်သတ်မှတ်ချက်၊ဂျူတီအပြောင်းအရွှေ့၊     အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်းများသတ်မှတ်ရာတွင်   AI   သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသော ကြောင့် သူနာပြုများ လုပ်ငန်းခွင်အတွင်း  ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစုစောင့်ရှောက်မှုကို    ပို၍အလေးထားလာနိုင်သည်။   ဆေးရုံရှိ   လူနာခန်းများ၊   ခုတင်များ၊ စက်ကိရိယာများစသော  အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်သဖြင့် သင့်လျော်သောလူနာများအတွက်ထိရောက်သောပြုစုကုသမှုရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက်မြန်ဆန်လာကာဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်လာနိုင်ပါသည်။

(ဆ) Electronic  Health Records with AI integration

AIနည်းပညာအားဖြည့်ထားသည့် အီလက်ထရွန်နစ်ကျန်းမာရေးမှတ်တမ်းထားရှိမှုသည်ပို၍စနစ်တကျရှိစေပြီးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။  လူနာတစ်ဦးချင်းစီနှင့်ပတ်သက်သောရောဂါမှတ်တမ်း၊ဓာတ်ခွဲခန်းအဖြေများ၊ ဓာတ်မှန်ဆိုင်ရာအချက်အလက်များကိုအီလက်ထရွန်နစ်နည်းပညာဖြင့်ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာပေါင်းစပ်ခြင်းဖြင့် လူနာနှင့်ဆိုင်သော အချက် အလက်များကိုသုံးသပ်၍ အလွယ်တကူ မတွေ့မြင်နိုင်သော   အန္တရာယ်ကိုဖော်ထုတ်ကာ  အရေးကြီးလူနာဟုသတ်မှတ်ပေးနိုင်သည်သာမကကုသမှုဆိုင်ရာလုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊  ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို များစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။

(ဇ) Training and simulation

AI   သုံးစွမ်းအားမြင့်    စက်ကိရိယာများသည် သူနာပြုများအား    လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သောသင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ (ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ထိခိုက်ဒဏ်ရာရမှုပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးဘဲ လေ့ကျင့်သင်ကြား နိုင်ပြီး ပြုစုကုသမှုစွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင်   သူနာပြုတစ်ဦးချင်း၏   လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို  ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်းပြည့်မီလာမှု  ရှိ/မရှိ ကို   စစ်ဆေးနိုင်ခြင်းကြောင့်    ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှုရရှိစေနိုင်ပါသည်။စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာလေ့လာမှုများတွင် AI ကို အသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။သူနာပြုများ၏ သုတေသနလုပ်ငန်းများတွင်လည်း  AI နည်းပညာသည် အချက်အလက်ပေါင်းများစွာ     ခွဲခြမ်းစိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။

လူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏အသုံးဝင်မှုများကို သိရှိလာသောကြောင့်  လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI  သုံးစက်ကိရိယာများနှင့်   အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန်ဆေးဘက်ပညာရှင်များအားအလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက်မှတစ်ဆင့် သင်ယူမှုများပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့်  IT နည်းပညာအဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည်အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲလူနာပြုစုမှုကိုပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သောပြုစုကုသမှုပေးလာနိုင်မည်ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင်သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့်ပင်ပန်းနွမ်းနယ်မှုများမှ လည်း သက်သာစေနိုင်ပါမည်။

လူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု  အရည်အသွေးကောင်းမွန်လာနိုင်သော်လည်းနည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုကြားသင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာကရုဏာထား ပြုစုကိုင်တွယ်မှုများကို   AI  သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။အတွေ့အကြုံနှင့်ယှဉ်သော သူနာပြုများ၏အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။

လူနာ၏အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏အတွင်းရေးအချက်အလက်များ  မပေါက်ကြားရေး၊ယုံကြည်စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာအရေးကြီးသော လိုက်နာရမည့်အချက်ဖြစ်ပါသည်။  ထို့ပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖည်မှုများရှိနိုင်ကြောင်းလည်း  သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင်(Hacking) ယူသွားနိုင်သည့်အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြုရာတွင် မှားယွင်းမှုများရှိလာပါက  ကျင့်ဝတ်ဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

တိုးတက်မွေးမြူထုတ်လုပ်ပေး  အသားတိုးဝက်မွေးမြူရေး

Posted_Date

Image

တိုးတက်မွေးမြူထုတ်လုပ်ပေး  အသားတိုးဝက်မွေးမြူရေး

Body

မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင်  မွေးမြူရေးလုပ်ငန်းများကို   ယခင်က  မိရိုးဖလာမွေးမြူရေးအနေဖြင့်  မွေးမြူကြရာမှ ယခုအခါ စနစ်တကျမွေးမြူလုပ်ကိုင် ဆောင်ရွက်လာကြသည်။ ဝက်မွေးမြူရေးလုပ်ငန်းကို   မိသားစုစားဝတ်နေရေးအတွက် လုပ်ကိုင်နေသော လုပ်ငန်းများအဖြစ်မှ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံလူဦးရေ၏   ၈၉  ရာခိုင်နှုန်းသည် ဝက်သားစားသုံးကြသည့်အတွက်   တိုးတက်လာသောလူဦးရေနှင့် ဝက်သားစားသုံးမှုကို    ဖြည့်ဆည်းပေးနိုင်ရန်အတွက်  ဝက်မွေးမြူရေးကို  တိုးချဲ့မွေးမြူရန်လိုအပ်လျက်ရှိပေသည်။

“သဗ္ဗေသတ္တာ   အာဟာရသုခိတာ” ဆိုသည့်အတိုင်းလူသားတို့ အာဟာရပြည့်ဝစွာစားသုံးနိုင်ပြီးသက်ရှည်ကျန်းမာရန်အတွက်အသားကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်လိုအပ်ပေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်   ဝက်မွေးမြူရေးလုပ်ငန်းသည်လည်း ဈေးကွက်လိုအပ်ချက်နှင့်အညီ တိုးတက်ဖော်ဆောင်ထုတ်လုပ်လာကြပြီဖြစ်သည်။

ဝက်မွေးမြူရေးလုပ်ငန်းတွင်  ယခင်က  အာဟာရဗေဒသဘောတရားအရ  ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ  (Nutrition Factor) များကို မသိရှိကြသောကြောင့် ဖွံ့ဖြိုးမှုနှေးကွေးကာ  ဝက်တစ်သုတ်လျှင် အချိန်အကြာကြီးမွေး၍ ကျွေးမွေးရပြီး တွက်ခြေမကိုက်ဖြစ်ရသည်။  ယခုအခါ ဝက်မျိုးကောင်းမျိုးသန့်များကို အာဟာရပြည့်ဝသောအစာများကျွေး၍ အချိန်တိုအတွင်းရောင်းချနိုင်အောင်၊ အကျိုးအမြတ်ရရှိအောင် မွေးမြူလာကြသည်။ မည်မျှရင်း၍မည်မျှမြတ်မည်၊ ဘယ်နှလမွေးလျှင် ဘယ်လောက်အမြတ်ရနိုင်မည် စသည့်အချက်များကိုပါ  ထည့်တွက်စဉ်းစားမွေးမြူ၍  စီးပွားရေးအကျိုးအမြတ်ကို ကြည့်လာကြသည်။   အောင်မြင်သော ဝက်မွေးမြူရေးခြံတစ်ခြံဖြစ်ရန်အတွက် အောက်ဖော်ပြပါအချက်များကို  အထူးအလေးထားဆောင်ရွက်ရမည်-

(၁)     မြေနေရာရွေးချယ်မှုနှင့် ခြံတည်ဆောက်ပုံစနစ်ကျခြင်း

(၂)     မျိုးကောင်းမျိုးသန့်  ရွေးချယ်မွေးမြူခြင်း

(၃)     မွေးမြူရေးနည်းစနစ်မှန်ကန်မှုရှိခြင်း

(၄)     အာဟာရပြည့်ဝသည့်အစာကျွေးမွေးခြင်း

(၅)     ရောဂါကြိုတင်ကာကွယ်ခြင်း

(၆)     ဈေးကွက်ရှာဖွေခြင်း

စသည့်အချက်များကို သေချာစွာဂရုစိုက်ပြုလုပ်ဆောင်ရွက်ပါက အောင်မြင်ဖြစ်ထွန်းသော မွေးမြူရေးလုပ်ငန်းဖြစ်လာမည်ဖြစ်သည်။ ဝက်ခြံအဆောက်အအုံ၊ အစာခွက်၊ ရေခွက်များအား သန့်ရှင်းအောင်ထား၍ မွေးမြူထားသော ဝက်ကောင်ရေအတွက်လုံလောက်သောအစာခွက်၊ရေခွက်ထားပေးရမည်။ ဝက်များကို  အသက်အရွယ်အစုံ၊  အကြီးအငယ်ဆိုဒ်စုံထား၍ မမွေးရပါ။ အသက်ညီသော၊ အရွယ်ညီသော ဝက်များကိုသာ ထည့်သွင်း၍မွေးမြူရပါမည်။

ကျန်းမာရေးစောင့်ရှောက်မှု   စီမံခန့်ခွဲမှုကောင်းမွန်ပါက  ရောဂါအန္တရာယ်နည်းပါး၍  ကြီးထွားနှုန်းမြန်မည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်း၍ စီမံခန့်ခွဲမှုညံ့ပါက ဝက်များဒဏ်ပိ၍ ကိုယ်ခံစွမ်းအားကျဆင်းပြီး   ကူးစက်ရောဂါများဖြစ်ပွားရန် အခွင့်အလမ်းများ ပိုများမည်ဖြစ်သည်။

ကြိုတင်ကာကွယ်ဆေးကို ပုံမှန်ထိုးနှံပေးရမည်။   လုံလောက်သောအစာအာဟာရ အပြည့်အဝကျွေးမွေးပေးရမည်။ ဝက်မကြီးများသားပေါက်ချိန်တွင် ဝက်မကြီးမပိမိစေရန် အထူးဂရုစိုက်ရမည်။ နှာခေါင်းနှင့် ပါးစပ်တွင်ပိတ်မိနေသော ရေအိတ်အမြှေးပါးကြောင့် အသက်ရှူကျပ်ကာ   အသက်ရှူမဝဘဲ   ဝက်ငယ်ကလေးများ သေဆုံးတတ်သည့်အတွက် ရေမြွှာအိတ်အမြှေးပါးများကို အဝတ်သန့် ဖြင့် ဖယ်ရှားသန့်စင်ပေးရမည်။ ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီးအသက်ရှူအောင် ဖြည်းဖြည်းမှန်မှန်ဖိပေးပုတ်ပေးရမည်၊ ဝက်ကလေးများချက်ကြိုးပြတ်၍ သွေးထွက်နေပါက Gental Violent မင်ပြာဖျန်းဆေး သို့မဟုတ် Septidine၊ တင်ချာအိုင်အိုဒင်းဆေးရည်ဖြင့် သုတ်လိမ်းပေးရမည်။

ဝက်ပေါက်ကလေးများတွင်  ချွန်ထက်သောသွားများပါရှိလာသည့်အတွက်  မိခင်၏နို့အားမကိုက်မိစေရန်နှင့်  နို့အုံအနာမဖြစ်စေရန်အတွက် သွားများကိုဖြတ်ပေးရမည်။ ဝက်များသည် လှုပ်ရှားနေသော  အမြီးများကိုကိုက်တတ်သဖြင့် အမြီးကိုအရင်းမှတစ်လက်မသာချန်၍  ဖြတ်ပေးရမည်။

သားပေါက်၍မွေးဖွားပြီးခါစ ဝက်မကြီးများ၏နို့ဦးရည်တွင် တန်ဖိုးရှိသောပဋိပစ္စည်းပါဝင်သည့်အတွက် မွေးစဝက်ငယ်လေးများအား နို့ဦးရည်ကိုမဖြစ်မနေတိုက်ပေးရမည်။  မွေးပြီး  ၂၄ နာရီအတွင်း နို့ဦးရည်ကို မဖြစ်မနေတိုက်ပေးရမည်။ ဝက်ငယ်ကလေးများသည် အအေးဒဏ်ကို   မခံနိုင်သည့်အတွက် နွေးနွေးထွေးထွေးထားပေးရမည်။ နို့ပေးဝက်မကြီးများသည်   တစ်လအထိသာ နို့ကောင်းကောင်းပေးနိုင်ပြီး တစ်လကျော်သွားလျှင် နို့ထွက်နည်းသွားသည်။ ဝက်ကလေးများကြီးထွားဖွံ့ဖြိုးရန် အာဟာရပိုပြီးလိုအပ်သည့်အတွက် ဝက်ငယ်ကလေးများ  နှစ်ပတ်သားအရွယ်မှစ၍ အစာစားတတ်ရန် လေ့ကျင့်ပေးရမည်။

ဝက်ငယ်ကလေးများ  တစ်လသားအရွယ်တွင် သားခွဲပေးနိုင်ပါက  ဝက်မကြီးသည်  စောစောမြိုင်ပြန်လာကာ သားတောင်း၍  စောစောသားပေါက်နိုင်သည်။ သားပေါက်ကြိမ်ရေတိုးလာသောကြောင့်  ဝက်သားပေါက်ပိုမိုရရှိကာစီးပွားရေးအရ တွက်ခြေပိုကိုက်သည်။

အသားတိုးဝက်မွေးမြူရန်အတွက် နို့ခွဲဝက်ငယ်လေးများကို ရွေးချယ်ရာတွင် ကနဦးအရေးကြီးဆုံးအချက်မှာ မျိုးဝက်မ၊ဝက်သိုးများ၏  မျိုးရိုးဗီဇနှင့်  ကြီးထွားနှုန်းစံချိန် မီ၊ မမီ လေ့လာသုံးသပ်ပြီးမှ ရွေးချယ်ဝယ်ယူမွေးမြူလျှင် အကောင်းဆုံးဖြစ်သည်။

ခန္ဓာကိုယ်   တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရာတွင်  ပခုံးနှင့်တင်ပါးတွင် ခန္ဓာကိုယ်အသားအစိုင်အခဲ ထင်ရှားသောဝက်ကလေးများကို ရွေးချယ်မွေးမြူရမည်။ သွားလာမှု ဖျတ်လတ်ခြင်း၊ ပတ်ဝန်းကျင်အပေါ်တွင်စိတ်ဝင်စားမှုရှိခြင်းသည် ကျန်းမာသောလက္ခဏာဖြစ်သည့်အတွက် ဝက်ကလေးများ၏ လှုပ်ရှားမှုကိုကြည့်၍လည်း ရွေးချယ်မွေးမြူရမည်။ လှုပ်ရှားမှုနှေးကွေးပြီး  အမြီးတွဲလောင်းကျနေသောဝက်ကို မရွေးချယ်သင့်ပေ။ သားပေါက်တစ်အုပ်အတွင်း   ညှက်၍ကျန်ခဲ့သော အုပ်ညှက်ဝက်ကို ဘယ်သောအခါမှမမွေးသင့်ပါ။

ဝက်ကလေးများတွင် ကျောပြင်ကျယ်၍ ခါးလျားရှည်ခြင်း၊ ရင်အုပ်ကား၍ မေးရိုးခိုင်မာမှုရှိခြင်း၊  ပခုံး၊  တင်ပါးအသားထင်ထင်ရှားရှားရှိခြင်းသည်  ဝက်ငယ်ကလေးများကြီးထွားနှုန်းကောင်းမည့် လက္ခဏာရပ်များဖြစ်သည်။ အရေပြားပေါ်တွင် အနာများရှိခြင်း၊ မျက်ဝတ်ထွက်ခြင်း၊  ဝမ်းပျက်ဝမ်းသွားခြင်းများသည် နောင်တစ်ချိန်တွင်    ကြီးထွားနှုန်းကို ထိခိုက်စေနိုင်သည့်အချက်များဖြစ်သည်။

အသားတိုးဝက်မွေးမြူရာတွင် ဝက်ထီးကို ဝက်မထက် ပို၍နှစ်သက်ရွေးချယ်ဝယ်ယူမွေးမြူလေ့ရှိကြသည်။  ဝက်မများသည် ခြောက်လအထိ ကြီးထွားနှုန်းမြန်ပြီး မြိုင်ပေါ်ပါက အစာစားပျက်၍ ပိန်ပြီး ကြီးထွားနှုန်းကျသွားတတ်သည့်အတွက်ဖြစ်သည်။

မျိုးဝက်မရွေးချယ်ရာတွင် အသားတိုးဝက်နှင့် မျိုးဝက်မရွေးချယ်ရခြင်းများ ဆင်တူသည်။ မျိုးပွားရန်အတွက် ရွေးချယ်ရခြင်းကြောင့်ပြင်ပလိင်အင်္ဂါဖွံ့ဖြိုးမှု၊ မျိုးရိုးဗီဇစသည့်အချက်အလက်များကို အဓိကထားရွေးချယ်ရမည်။ ဝက်မ၏နို့အုံဖွံ့ဖြိုးမှုရှိ၍  နို့အုံ၌နို့သီးအနည်းဆုံး ၁၂ လုံးနှင့် အထက်ရှိရမည်။ နို့သီးအရွယ်ညီ၍ အကွာအဝေးညီရမည်။ နို့သီးခေါင်းများပေါ်လွင်ထင်ရှားနေရမည်။ ချိုင့်ပြီးအတွင်းသို့ဝင်နေသော နို့သီး( နို့ပါးစပ်)ပါရှိသောဝက်မများကို    မျိုးအဖြစ်မရွေးချယ်ရပါ။

ဝက်မကြီး၏မျိုးရိုး၊  သားပေါက်နှုန်းကောင်းခြင်း၊ နို့ပေးနှုန်းကောင်းခြင်း၊ ဝက်ငယ်ကလေးများအား  ထိန်းသိမ်းစောင့်ရှောက်မှုကောင်းခြင်း၊   ကြီးထွားဖွံ့ဖြိုးမှုကောင်းခြင်း၊ သားထိန်းကောင်း ခြင်း စသည့်အမူအကျင့်လက္ခဏာများကိုလည်း သေချာလေ့လာ၍ မျိုးဝက်မကို ရွေးချယ်မွေးမြူရမည်။ သားလျှော၊ သားပျက်တတ်သောရာဇဝင်နှင့် အသေမွေးဖွားဖူးသော   ဝက်မမှပေါက်ဖွား လာသော ဝက်မများကို မျိုးဝက်မအဖြစ် မရွေးချယ်ရပါ။ သားစဉ်မြေးဆက်အထိ ရောဂါသဏ္ဌာန် လက္ခဏာပါလာတတ်သည့်အတွက် မျိုးဝက်မအဖြစ် မရွေးချယ်သင့်ပါ။

မျိုးဝက်မအဖြစ်    ရွေးချယ်ရာတွင်  မိခင်ကိုစံနှုန်းထားပြီး  အလားအလာရှိနိုင်သည့်  အချက်အလက်များကို ထည့်သွင်းစဉ်းစားရွေးချယ်သင့်ပေသည်။ သားပေါက်နှုန်း၊ နို့ထွက်နှုန်း၊ ဝက်ငယ်ကလေးများထိန်းသိမ်းနှုန်း(သားထိန်းနှုန်း)ကောင်းသည့် ဝက်မ၏ဗီဇသည် ၎င်း၏သမီး ဝက်ကလေးထံသို့လည်း   ဆက်လက်ဆင်းသက်လက်ဆင့်ကမ်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည်။

မျိုးဝက်မသည် အသက်ရှစ်လမှ ၁၀ လ အရွယ်တွင် သားပေါက်သည်။ ဝက်မမြိုင်လာရက်(သားတောင်းရက်)သည်တစ်ကြိမ်နှင့်တစ်ကြိမ် ၂၁ ရက်ကြာမြင့်သည်။ မြိုင်ပေါ်ကာလသည် သုံးရက်မှငါးရက်အထိကြာတတ်သည်။ မျိုးဝက်မကို  ပထမအကြိမ်မြိုင်လာချိန် (သားတောင်းချိန်)တွင်   သားမတင်သင့်ပါ။   ပထမအကြိမ်သားတောင်းချိန်တွင်  သားဥကြွေနှုန်းနည်း၍ သားပေါက်ကောင်ရေ နည်းတတ်သောကြောင့်ဖြစ်သည်။

ဝက်မတမ်းဝက်မကို   တတိယအကြိမ် သားတောင်းမြိုင်လာမှသားတင်လျှင် သားပေါက်ကောင်ရေ အများဆုံးရရှိနိုင်ပေသည်။ ဝက်မတစ်ကောင်၏ ကိုယ်ဝန်ဆောင်ကာလသည် သုံးလ သုံးပတ် သုံးရက် စုစုပေါင်း ၁၁၄ ရက်ဖြစ်၍ တစ်နှစ်လျှင် အနည်းဆုံးနှစ်သားနှင့် တစ်ဗိုက် သားပေါက်၍ ကိုယ်ဝန်ဆောင်နိုင်ပေသည်။

သားတင်ပြီး မျိုးပွားမည့်ဝက်မကလေးများကို နို့စို့စဉ် တစ်ပတ်သားမှစ၍ အစာစားလေ့ကျင့်ပေးရမည်။ သုံးလသားအရွယ်အထိ အစာကိုဝဝလင်လင်ကျွေးမွေးပေးရမည်။ သုံးလသားအရွယ်မှစ၍  ပထမမြိုင်ပေါ်သည်အထိ ခန္ဓာကိုယ်အဆီမပိုစေရန်အတွက်  ပုံမှန်ကျွေးနေကျအစာ၏   ၇၅  ရာခိုင်နှုန်းသာ ကျွေးပေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက်အစာကိုအဝပြန်ကျွေး၍ ဒုတိယမြိုင်ကို   လွှတ်၍   တတိယမြိုင်ပေါ်မှသာ သားတင်လျှင် သားပေါက်နှုန်းကောင်းကောင်းရမည်ဖြစ်ပေသည်။

ဝက်မျိုးကောင်းမျိုးသန့်ရရှိရေးအတွက်ဝက်မကောင်းရရှိရန်လိုအပ်သကဲ့သို့  မျိုးဝက်သိုးကောင်းလည်း ရရှိရန်လိုအပ်သည်။ မိဘများမှ သားသမီးများဆီသို့ မျိုးရိုးဗီဇကောင်းများ ထပ်ဆင့်ဖြန့်ဖြူးရာတွင် ဝက်သိုး၏စွမ်းဆောင်ရည်မှာ ဝက်မထက်သာလွန်ကောင်းမွန်သည့်အတွက် ဝက်သိုးရွေးချယ်မှုသည်လည်း အရေးကြီးပေသည်။ 

ဝက်သိုး၏အရိုးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းရမည်။ အိပ်နေရာမှ မတ်တတ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးနေရမည်။   ဝက်သိုးကောင်း၏ လက္ခဏာများမှာ -

(၁)     ခြေထောက်လေးချောင်း တောင့်တင်းခိုင်မာမှုရှိရမည်။

(၂)     ထိပ်ခင်ကျယ်၍ တင်ပါးနှင့်ပခုံးများ အသားဖွံ့ဖြိုးပြီး အသားအစိုင်အခဲပေါ်လွင်ရမည်။

(၃)     ကျောပြင်ကျယ်၍ ကျောရိုးသန်မာပြီး ခပ်ခုံးခုံးအနေအထားပေါ်လွင်နေရမည်။

(၄)     ဝမ်းဗိုက်ချပ်၍ သိုကပ်နေရမည်။

(၅)     ကပ်ပယ်အိတ်နှစ်လုံး အရွယ်ညီ၍ ဖွံ့ဖြိုးမှုရှိရမည်။

အရွယ်ရောက်ပြီး ဝက်သိုးတစ်ကောင်၏ စွမ်းဆောင်ရည်သည် တစ်ရက်ခြားတစ်ကြိမ်သာအောင်မြင်စွာမိတ်လိုက်နိုင်သည်။ ဝက်သိုးကို နေ့စဉ်ရက်ဆက် မိတ်မလိုက်သင့်ပါ။

ကျွေးမွေးသောအစာအာဟာရကောင်းမှသာ ဝက်များကြီးထွားနှုန်းမြန်ပြီး သားအောင်သားပေါက်နှုန်းကောင်းမွန်မည်ဖြစ်သည်။  ဝက်မွေးမြူရေးတွင် ကုန်ကျစရိတ်အားလုံး၏ ၇၀ ရာခိုင်နှုန်းသည်   အစာအတွက်ကုန်ကျစရိတ်ဖြစ်သည်။  ဝက်များသည်  အစာမှအသားအဖြစ်သို့   ပြောင်းလဲမှုနှုန်းမြန်၍ ကြီးထွားမြန်တိရစ္ဆာန်များဖြစ်သည်။  ကြီးထွားနှုန်းမြန်ရန်အတွက်လုံလောက်သောအစာအာဟာရပါဝင်သည့်အစာများအား ကျွေးမွေးပေးရန်လိုအပ်သည်။

ဝက်မွေးမြူရေးအတွက် လိုအပ်သောအစာအာဟာရများ-

(၁)     ကစီဓာတ် - ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ နှံစားပြောင်း၊ ဂျုံ၊ လူး၊ ဆပ်

(၂)     အဆီဓာတ် - ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊   အုန်းဖတ်၊  ဝါစေ့ ကြိတ်ဖတ်၊  နေကြာဖတ်၊ ကြယ်ပဲဖတ်

(၃)     အသားဓာတ် - ငါးမှုန့်၊ ပုစွန်ဖွဲ၊ ခရု၊ ကဏန်း၊ တီ၊ ခြ

(၄)     ဗီတာမင် - အသီး၊ အရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ

(၅)     သတ္တုဓာတ် - ခရုခွံ၊ ခုံးခွံ၊ ကဏန်း ခွံ၊ သစ်ရွက်ခြောက်၊ မြေကြီး

(၆)     ရေဓာတ် - သန့်ရှင်းသောရေအာဟာရဓာတ်များသည် ကုန်ကြမ်း

အမယ်တစ်မျိုးချင်းအလိုက်လည်း ရောနှောပါဝင်နေပေသည်။ စိုက်ပျိုးရေးထွက်သီးနှံများကို မွေးမြူရေးတွင်သုံးစွဲ၍ မွေးမြူရေးထွက်စွန့်ပစ်ပစ္စည်း (ဝက်ချေး၊ နွားချေး၊ ကြက်ချေး)  များကို စိုက်ပျိုးရေးတွင် တစ်ဖန်ပြန်လည်အသုံးချခြင်းဖြင့် လူသားတို့အတွက် လိုအပ်သောအစာအာဟာရ၊ စားရေရိက္ခာ၊ အစာကွင်းဆက်၊ အစာသံသရာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းအရ  ဝက်ကောင်ရေ စုစုပေါင်း ၄၄ ဒသမ ၃ သန်းကျော်ရှိကာ နိုင်ငံလူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည်လည်း ဝက်သားစားသုံး၍ ဝက်သားလိုအပ်ချက်ဈေးကွက်သည်လည်း ရှိနေမြဲဖြစ်ပေသည်။  တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျနည်းစနစ်မှန်မှန်ဖြင့်  လုပ်ကိုင်ဆောင်ရွက်သွားပါကစီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် ထုတ်လုပ်လာနိုင်ကာ ပိုလျှံသည်များကို ကုန်ချောများ(အေးခဲသား၊  ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ ဝက်သားလုံး၊ ဝက်စည်သွတ်ဘူး) စသည်ဖြင့်   ထုတ်လုပ်ပြီး     ပြည်ပပို့ကုန်ဈေးကွက်ရှာဖွေ၍  ထုတ်လုပ်ရောင်းချကာ    နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မွေးမြူရေးကဏ္ဍမှ  အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

ပဲယဉ်းနီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဈေးကွက်ရရှိရေးဆိုင်ရာ လိုအပ်ချက်များ

Posted_Date

Image

ပဲယဉ်းနီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဈေးကွက်ရရှိရေးဆိုင်ရာ လိုအပ်ချက်များ

Body

ပဲယဉ်းနီ (Pigeon Pea၊ သိပ္ပံအမည် - Cajanus cajan) သည် ပရိုတင်းဓာတ်ကြွယ်ဝသော ပဲမျိုးဖြစ်ပြီး အာဖရိက၊ အာရှနှင့် ကာရစ်ဘီယံဒေသများတွင် အဓိကစိုက်ပျိုးသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလေ့ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင်လည်း ဒေသအလိုက် စိုက်ပျိုးကြသည်။ စားနပ်ရိက္ခာနှင့် စီးပွားဖြစ်ထုတ်လုပ်မှုအတွက် အရေးပါသည်။

၂၀၂၄ - ၂၀၂၅ ခုနှစ်   ရာဂိမုန်တိုင်းကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ရေကြီးနစ်မြုပ်ဖြစ်ပေါ်ပြီး သဲဖုံးနုန်းဖုံးဧရိယာများဖြစ်ပေါ်ခဲ့သည့်ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌စမ်းသပ် စိုက်ပျိုးထားရှိသည့်ပဲယဉ်းနီသီးနှံအပင်ဖြစ်ထွန်းနေမှုကို တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအား ကွင်းသရုပ်ပြပွဲများဆောင်ရွက်ခဲ့ပြီး ယင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပဲယဉ်းနီသီးနှံအား မြန်မာနိုင်ငံ အတွင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်တွန်းအားပေးစိုက်ပျိုးသင့်ပြီး   ပြည်တွင်းပြည်ပ ဈေးကွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ဤဆောင်းပါးအားရေးသားရခြင်းဖြစ်သည်။

စိုက်ပျိုးရန်သင့်လျော်သောရာသီဥတုနှင့်မြေရာသီဥတု

ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး သဲဆန်သောမြေနှင့်  ရေစီးရေလာကောင်းသော မြေတို့တွင်ဖြစ်ထွန်းသည်။  ပူနွေးခြောက်သွေ့သော ရာသီဥတု (အပူချိန် ၂၀–၃၀ ဒီဂရီစင်တီဂရိတ်)။ မိုးရေချိန် ၆၀–၁၀၀ စင်တီမီတာအထိ ခံနိုင်ရည်ရှိသည်။ မိုးနည်းဒေသများတွင် ရေသွင်းစိုက်ပျိုးလေ့ရှိသည်။   

မြေအမျိုးအစား ရေမဝပ်သောနုန်းသဲစေး သို့မဟုတ်  သဲဆန်သောမြေ (မြေအချဉ်ငန်ဓာတ် pH 5.0–7.0)။ မျိုးစေ့ရွေးချယ်ခြင်း၊ အရည်အသွေးမြင့်မျိုးများဒေသအလိုက်  ရာသီဥတုဒဏ်၊ ရောဂါဒဏ်ခံနိုင်သောမျိုးများ ဂျပန်ပဲယဉ်းနီကိုရွေးချယ်ပါ။  မျိုးစေ့ပြင်ဆင်ခြင်း စိုက်မည့်မျိုးစေ့ကို မှိုသတ်ဆေးဖြင့်လူးနယ်၍ ရောဂါကင်းအောင်ပြုလုပ်ပါ။ ပြင်ဆင်ခြင်း၊  မြေညှိခြင်း စိုက်ခင်းမြေကို ကောင်းစွာမွှေပေးပြီး သစ်ရွက်ဟောင်းများ၊ မြေဆွေးများထည့်သွင်းကာ သဘာဝဓာတ်မြေဩဇာမြှင့်တင်ပါ။ 

ရေထုတ်စနစ် ရေဝပ်မှုမရှိစေရန် စိုက်ကြောင်းများကို မြင့်မားအောင်ပြုလုပ်ပါ။စိုက်ပျိုးနည်းစနစ်၊ စိုက်ချိန် မိုးဦးကျ (ဧပြီ–ဇွန်) စိုက်ပျိုးရန်သင့်လျော်သည်။  မိုးလယ် (ဇွန်-ဇူလိုင်)နှင့် ဆောင်းရာသီ (အောက်တိုဘာ-နိုဝင်ဘာ) တို့တွင် စိုက်ပျိုးကြသည်။မျိုးစေ့နှုန်း အတန်းလိုက်စိုက်မည်ဆိုပါက ၁ ဧကလျှင် ၃ ပြည်မှ ၄ ပြည်နှုန်းသုံးစွဲနိုင်ပြီး ကြဲပက်စိုက်မည်ဆိုလျှင် ၁၀ ပြည် - ၁၂ ပြည်အထိ သုံးစွဲပေးရမည်။

အကွာအဝေးစနစ်  (စိုက်ကြောင်း) အတန်းနှင့်ပင်ကြား။  ။ တန်းကြား ၂၄–၃၆ လက်မ၊ ပင်ကြား ၁၂-၁၆  လက်မ။ စိုက်နက်ခြင်း မျိုးစေ့ကို ၂-၃လက်မအနက်တွင် စိုက်ပါ။ စိုက်နည်း မျိုးစေ့ကို တိုက်ရိုက်ချစိုက်ပါ။

မြေဩဇာ၊ ရေသွင်းခြင်းနှင့် အစိုဓာတ်ထိန်းသိမ်းခြင်း

အော်ဂဲနစ်မြေဩဇာ စိုက်ပျိုးချိန်တွင် နွားချေး၊ မြေဆွေး တစ်ဧကလျှင် ၂–၄ တန် ထည့်ပါ။ ဓာတ်မြေဩဇာ၊ စိုက်ချိန် နိုက်ထရိုဂျင်အနည်းငယ်သာလိုအပ်ပြီး ဖော့စဖိတ်နှင့် ပိုတက်စီယမ်ကို အဓိကထည့်သွင်း (ဥပမာ - DAP ဓာတ်မြေဩဇာ ၄၀-၈၀ ကီလိုဂရမ်/ ဧက)။ ပန်းပွင့်ချိန် ပိုတက်စီယမ်ဓာတ်မြေဩဇာ (၂၀-၄၀ ကီလိုဂရမ်/ဧက)။ရေသွင်း  မိုးမလုံလောက်ပါက ရေသွင်းပေးရန်လိုအပ်သည်။ မြေဖုံးပစ္စည်း မြေဆီလွှာအစိုဓာတ်ထိန်းရန် ကောက်ရိုးဖြင့်ဖုံးအုပ်ခြင်း။ 

 ပိုးမွှားနှင့်ရောဂါကာကွယ်ခြင်းနှင့်  စီမံခန့်ခွဲမှု

(IPM)၊  ပိုးမွှား

- ပဲခွံစားပိုး၊ ပင့်ကူနီ၊ ပဲပင်လုံးဖောက်ပိုး။ 

ရောဂါ

- မှိုစွဲညှိုးခြင်း၊ ဗိုင်းရပ်ရောဂါ။ 

ကာကွယ်နည်း

- မှိုသတ်ဆေးဖျန်းခြင်း။ 

- သဘာဝပိုးသတ်ဆေး (နီမ်ရွက်စိမ်ရည်)။ 

- ရောဂါဒဏ်ခံမျိုးများ ရွေးချယ်စိုက်ပျိုး။

   ကြိုတင်ကာကွယ်ခြင်း

- သီးလှည့်စိုက်ပါ (ပဲယဉ်းနီကို ပြောင်း၊ ဂျုံ စသည့်သီးနှံများနှင့်လှည့်စိုက်)။ 

- ပိုးမွှားဒဏ်ခံမျိုးများရွေးချယ်ပါ။ 

- ဇီဝနည်းဖြင့်ကာကွယ်ခြင်း

- နီမ်ရွက်စိမ်ရည်၊ငရုတ်သီးစိမ်ရည်ဖျန်းခြင်း။ 

 -   ပင့်ကူ၊ လိပ်ပြာကဲ့သို့သော သဘာဝသားရဲများကိုထိန်းသိမ်းပါ။ 

- ဓာတုဆေးဝါးလိုအပ်ပါက   ပိုးသတ်ဆေးနှင့်မှိုသတ်ဆေးကို ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။ 

ရေပေးသွင်းခြင်းနှင့်အစိုဓာတ်ထိန်းခြင်း၊ ရေသွင်းချိန်

-  အပင်သက်တမ်း ၂၀–၂၅ ရက်သားတွင် ပထမအကြိမ် ရေသွင်းပါ။ 

-  ပန်းပွင့်ချိန်နှင့် ပဲခွံဖြစ်ချိန်တွင် ရေမပြတ်စေရန်ဂရုစိုက်ပါ။ 

- စိုက်ပျိုးနည်း။ 

မိုးခေါင်ဒေသများတွင်ရေတာသောနည်း (ဥပမာ - Drip Irrigation)ကိုအသုံးပြုပါ။ 

ရိတ်သိမ်းခြင်းနှင့်ထုတ်လုပ်မှု၊ ရိတ်သိမ်းချိန်စိုက်ပြီး ၄–၆ လအကြာ (မျိုးကွဲပေါ်မူတည်)။  အထွက်နှုန်း ပျမ်းမျှ ၄၀၀–၆၀၀ ကီလိုဂရမ်/ဧကထွက်ရှိသည်။

အခြောက်လှန်းခြင်း 

ပဲခွံများကို နေရောင်၌ ၃–၄ ရက်အခြောက်လှန်း။ ရိတ်သိမ်းခြင်းနှင့်ရိတ်သိမ်းချိန်လွန်နည်းလမ်းများလုပ်ဆောင်ခြင်း၊ ရိတ်သိမ်းချိန် ပဲခွံ ၈၀ ရာခိုင်နှုန်းအရောင်ပြောင်းပြီး     ခြောက်သွေ့ချိန်တွင်ရိတ်ပါ။ အခြောက်လှန်းခြင်း နေပူတွင် ၃–၄ ရက်ခြောက်အောင်လှန်း၍ စိုထိုင်းဆ ၁၂ ရာခိုင်နှုန်း အောက်ရှိအောင်ထားပါ။ 

သိုလှောင်ခြင်း ပိုးမဝင်စေရန် လေလုံအိတ်များတွင် ထည့်၍ ခြောက်သွေ့အေးမြသောနေရာတွင် သိမ်းဆည်းပါ။ ထွက်ရှိမှု  ပဲယဉ်းနီသည်မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်သီးနှံများထဲမှတစ်ခုဖြစ်ပြီး အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားစသည့်နိုင်ငံတို့သို့တင်ပို့ရောင်းချသည်။

စိုက်ပျိုးဧက  ၁ ဧကလျှင် ပျမ်းမျှထွက်ရှိမှု ၁၅–၂၀ တင်းခန့် (သီးနှံအမျိုးအစားနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍) ရှိသည်။စီးပွားရေးနှင့်အာဟာရတန်ဖိုး၊ စီးပွားရေး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ်  ရောင်းချနိုင်သည်။  အာဟာရ ပရိုတင်း ၂၀–၂၅ ရာခိုင်နှုန်း၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီ၊ သံဓာတ်ကြွယ်ဝသည်။  စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း သစ်ရွက်စိမ်းမြေဩဇာ (Green Manure) စိုက်ပျိုးပါ။သီးလှည့်စိုက်ခြင်း  ပဲယဉ်းနီကို နှံစားသီးနှံများနှင့်လှည့်စိုက်ခြင်းဖြင့် မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းပါ။ 

မှတ်တမ်းများနှင့်လေ့လာသင်ယူမှု၊   မှတ်တမ်းပြုစုခြင်း စိုက်ပျိုးစရိတ်၊ ရိတ်သိမ်းမှု၊ ရောင်းဈေးနှုန်းများကို စနစ်တကျမှတ်သားပါ။  အသိပညာဖလှယ်ခြင်း ကျေးရွာအသင်းအဖွဲ့များ၊ စိုက်ပျိုးရေးဌာနမှ ကျွမ်းကျင်သူများနှင့်   ပုံမှန်ဆွေးနွေးပါ။ အခက်အခဲများနှင့်အကြံပြုချက်များ၊ စိန်ခေါ်မှုများပိုးမွှားကျရောက်မှု၊ မိုးခေါင်ဒဏ်၊  မျိုးစေ့အရည်အသွေးနိမ့်ခြင်းစသည့်စိန်ခေါ်မှုများရှိသည်။

အကြံပြုချက်

ဒေသအလိုက်သင့်လျော်သောမျိုးများ ရွေးချယ်စိုက်ပျိုးပါ။  သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ အာဟာရထိန်းသိမ်း။ဈေးကွက်အမျိုးအစားများ၊ ပြည်တွင်းဈေးကွက်ပဲယဉ်းနီကို မြန်မာနိုင်ငံအတွင်း စားသုံးမှုမြင့်မားပြီး ခြောက်သွေ့ဒေသများဖြစ်သည့်   မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဈေးကွက်ရှိ။  ပြည်ပဈေးကွက် အိန္ဒိယ၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ (ဥပမာ - ယူအေအီး၊ ဆော်ဒီအာရေဗျ) တွင် ပဲယဉ်းနီကို ဝယ်လိုအားမြင့်မားသည်။

စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စိန်ခေါ်မှုများပြည်ပဈေးကွက်သို့  ပို့ကုန်အရည်အသွေးမမီခြင်း၊  နိုင်ငံတကာဈေးကွက်ပြိုင်ဆိုင်မှုမြင့်မားခြင်း (အာဖရိကနှင့် တန်ဇန်းနီးယားမှ ပဲယဉ်းနီ)၊  လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်တင်ကုန်ချစရိတ်မြင့်မား ခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပိုးမွှားရောဂါ၊ ဈေးကွက်မတည်ငြိမ်မှုတို့က စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေသည်။ 

အခွင့်အလမ်းများ

အိန္ဒိယနိုင်ငံတွင် ပဲယဉ်းနီဝယ်လိုအား နှစ်စဉ်တိုးတက်လာခြင်း၊  အစားအစာလုပ်ငန်းများတွင် ပရိုတင်းအစားထိုးပစ္စည်းအဖြစ် ပဲယဉ်းနီကို စတင်အသုံးပြုလာခြင်း။ 

 ဈေးကွက်တိုးချဲ့ရန် အကြံပြုချက်များ၊  တန်ဖိုးမြှင့်ထုတ်ကုန်များ ပဲယဉ်းနီမှုန့်၊ ပဲပြား၊ စည်သွတ်ဘူးများ ထုတ်လုပ်ရောင်းချခြင်း။ 

ပူးပေါင်းဆောင်ရွက်မှု ဒေသအစိုးရနှင့် နိုင်ငံတကာအဖွဲ့များ (FAO, UNDP) မှ ဈေးကွက်ရှာဖွေရေးပံ့ပိုးမှုရယူခြင်း၊ ပဲယဉ်းနီထုတ်လုပ်သူများအသင်းများဖွဲ့စည်းကာ စုပေါင်းစီမံခန့်ခွဲခြင်း။ 

ဒစ်ဂျစ်တယ်စနစ်များ အသုံးပြုခြင်း

- အွန်လိုင်းဈေးကွက်များ (ဥပမာ - Facebook Marketplace, Myanmar Online Trade Platform) တွင် ကြော်ငြာရောင်းချခြင်း။ 

- နိုင်ငံတကာတင်ပို့မှုအတွက် နိုင်ငံတကာကုန်စည်ပြပွဲများကို အသုံးပြုခြင်း။  အစိုးရမှပံ့ပိုးမှုများ၊ အခွန်ကင်းလွတ်ခွင့် ပြည်ပသို့တင်ပို့သည့်    ပဲယဉ်းနီထုတ်ကုန်များအတွက် အခွန်လျှော့ချပေးခြင်း။ အရည်အသွေးမြှင့်တင်ရေး  စိုက်ပျိုးရေးဦးစီးဌာနမှ   မျိုးစေ့ထောက်ပံ့ခြင်းဈေးကွက်သတင်းအချက်အလက်များဖြန့်ဝေခြင်း။ 

စီးပွားရေးအရ အရေးပါမှုပဲမျိုးစုံသည် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ၃၀ ရာခိုင်နှုန်းခန့်ကိုကိုယ်စားပြုပြီး  နှစ်စဉ် ပြည်ပပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀၀ ကျော်ရရှိ စေသည်။ ကျေးလက်ဒေသစီးပွားရေးအတွက် အဓိက အထောက်အကူပြုသည်။ ပဲယဉ်းနီသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအတွက် စီးပွားဖြစ် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။ ဈေးကွက်ရရှိရန်   အရည်အသွေးစံချိန်မီအောင်ထုတ်လုပ်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ  တိုးမြှင့်ခြင်းနှင့် အစိုးရ၏ပံ့ပိုးမှုများကိုအသုံးချခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်သည်။     

ပဲယဉ်းနီသည်ရာသီဥတုဒဏ်ခံနိုင်ပြီး အာဟာရပြည့်ဝသောသီးနှံဖြစ်သည်။ စိုက်ပျိုးနည်းစနစ်မှန်ကန်ပါက  စီးပွားဖြစ်ထုတ်လုပ်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သည်။

ပဲယဉ်းနီစိုက်ပျိုးရာတွင် အထက်ပါအလေ့အကျင့်ကောင်းများကိုလိုက်နာခြင်းဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်လျှော့ချနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်နိုင်ကာဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးလာစေမည်ဖြစ်သည်။ အောင်မြင်သောဥပမာအနေဖြင့်   မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကသာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ်၊ မိတ္ထီလာမြို့နယ်တို့မှထွက်ရှိသည့် ပဲယဉ်းနီများအားပြည်ပသို့တင်ပို့ရောင်းချမှုမှာအောင်မြင်မှုရရှိနေသည်။ မကွေးတိုင်းဒေသကြီးမှ စိုက်ပျိုးသူများသည် ပြည်ပသို့ပဲယဉ်းနီတင်ပို့ရာတွင်အောင်မြင်မှုရရှိနေပြီး  အိန္ဒိယနိုင်ငံတွင် မြန်မာ့ပဲယဉ်းနီများကို အိန္ဒိယ၏   ပြည်တွင်းစားသုံးမှုနှင့် ပြန်လည်တင်ပို့မှုအတွက် အသုံးပြုလျက်ရှိသည်။         ။

Source: https://myawady.net.mm/stories