မြန်မာ့ရိုးရာလက်မှုအတတ်ပညာတစ်ခုဖြစ်သည့် အိုးလုပ်ငန်းများ မတိမ်ကောစေရေး လက်ဆင့်ကမ်းထိန်းသိမ်း

Posted_Date

Image

မြန်မာ့ရိုးရာလက်မှုအတတ်ပညာတစ်ခုဖြစ်သည့် အိုးလုပ်ငန်းများ မတိမ်ကောစေရေး လက်ဆင့်ကမ်းထိန်းသိမ်း

Body

မြန်မာတို့သည် ယဉ်ကျေးမှုအရာတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းတိုးတက်ခဲ့သည်။ အနောက်နိုင်ငံများလောက် စက်မှုအရာတွင် ထွန်းကားမှုမရှိသော်လည်း ရှေးအစဉ်အဆက်ကတည်းကရှိခဲ့သည့် မိရိုးဖလာလက်မှုပညာများတွင်မူ အဆင့်အတန်းနိမ့်ကျခြင်းမရှိခဲ့ဟု ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုလက်မှုအတတ်ပညာရပ်များတွင် အိုးလုပ်သည့်အတတ်ပညာသည် ဦးစွာပထမထွန်းကားခဲ့သည့် လက်မှုပညာတစ်ရပ်ဖြစ်သည်ဆိုလျှင် မှားမည်မထင်ပါ။ အိုးလုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှုဖြစ်တည်စကာလကပင် ပေါ်ပေါက်ခဲ့သည့်အားလျော်စွာ မြန်မာတို့၏ဘာသာစကား၊ စာပေစသည်တို့တွင် ထွေးရောယှက်တင်ပါဝင်နေသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

ကမ္ဘာပေါ်တွင် လူသားများစတင်ပေါက်ဖွားလာသည့်အချိန်မှစတင်၍ နေထိုင်စားသောက်မှုပုံစံသည်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပေသည်။ စားသောက်ရန်အတွက် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့သည်။ အစောပိုင်းတွင် ဝါးမှရရှိသော ဝါးကျည်တောက်၊ ဝါးခွက်များကို အသုံးပြုပြီး သစ်ဥသစ်ဖုများကိုသာ စားသောက်ခဲ့ကြသည်။ ထိုမှ ရာသီဥတုကြောင့် တောမီးလောင်ကျွမ်းသဖြင့် သားရဲတိရစ္ဆာန်တို့၏ မီးလောင်ကျွမ်းသော အသားများမှ မွှေးကြိုင်သင်းပျံ့သောရနံ့ရရှိကာ မီးဖြင့် ချက်ပြုတ်စားသောက်လျှင်ရနိုင်ကြောင်း သိရှိလာကြသည်။ နောက်ပိုင်းကာလတွင် အိုးအင်ခွက်ယောက်များ လိုအပ်လာခဲ့ပေသည်။ ရှေးခေတ်ကမ္ဘာသူ ကမ္ဘာသားတို့သည် ဝါးဆစ်ဘူး၊ သစ်ရွက်၊ ကျောက်ခွက်စသည်တို့ကို ထည့်စရာအဖြစ် သုံးစွဲကြရာမှ အိုးအင်ခွက်ယောက်များကို စတင်တီထွင် ဖန်တီးလာခဲ့ခြင်းဖြစ်သည်။

ကျောက်ခေတ်သစ်နေရာဒေသများ

မြန်မာနိုင်ငံတွင် ကျောက်ခေတ်သစ်နေရာဒေသများစွာရှိသည့်အနက် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ရွာအနီးရှိ ရှင်ရဲတစ်ထောင်ကုန်း၊ အမရပူရမြို့နယ် တောင်သမန်အင်းဒေသ၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပိုင်းထောင်ကြီးရွာ ထောက်မကုန်းဒေသ၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးကြေးရိုးကုန်းဒေသတို့ကို တူးဖော်ခဲ့ကြရာ ကျောက်ခေတ်သစ်ကာလ လက်နက်များ၊ အရိုးစူးသွား၊ ကျောက်ကွင်း၊ အရိုးစု၊ ပုတီးစေ့တို့နှင့်အတူ မြေထည်အိုးခွက်၊ အိုးခြမ်းကွဲ တို့ကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အစောဆုံးမြေထည်ပစ္စည်း အထောက်အထားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ပြဒါးလင်းဂူတူးဖော်မှုမှ စတင်တွေ့ရှိခဲ့ရပေသည်။ ပြဒါးလင်းဂူနံရံပေါ်တွင် ရေးဆွဲခဲ့သော ရှေးဦးလူတို့၏ပန်းချီပုံများနှင့် သက်တမ်းအပြိုင် အစောဆုံးမြေထည်များသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀၀ မှ ၁၁၀၀၀ ကာလအထိ ကြာရှည်ခဲ့ပြီဖြစ်သည်။ မြေထည်များကို လေ့လာကြည့်ပါက လက်ရာကြမ်းသော လက်ထွင်းအိုး (ခေါ်) လက်လုပ်အိုး (Handmade Pottery) များ ဖြစ်သည်။

ယေဘုယျအားဖြင့် မြန်မာ့ကျောက်ခေတ်သစ်ကာလ မြေထည်အိုးခြမ်းကွဲများ၏ မြေထည်အမျိုးအစားမှာ မီးခိုးရောင်ရွှံ့နှစ်ဖြင့်ပြုလုပ်သော မြေထည်နှင့် အနီရောင်သဲစပ်ရွှံ့စေးမြေထည် တို့ဖြစ်သည်။ ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊ မုန်ထူးဒေသ၊ တောင်သာမြို့နယ် နှောကန်ဒေသနှင့် ရမည်းသင်းမြို့နယ် မြို့လှဒေသတို့ကို တူးဖော်သုတေသနပြုရာတွင် ကြေးဦးခေတ် Chalcolithic Period မှသည် Dawn of the Iron Age နှင့် သက်ဆိုင်သော မြေအိုးမြေခွက်အမြောက်အမြားကို လူနေထိုင်ရာဒေသ (Inhabited Area) တွင်သာမက သင်္ချိုင်းနေရာ (Burial site) တို့တွင်လည်း တွေ့ရှိရသည်။ အဓိကမြေထည်အမျိုးအစားများမှာ အနီရောင်မြေထည်များဖြစ်ပြီး အိုးမျက်နှာပြင်အချောကိုင် အရောင်တင်ခြင်းမရှိသေးချေ။ မြေအိုးမြေခွက် ပုံသဏ္ဌာန်မျိုးစုံတွေ့ရှိရပြီး ထင်ရှားသည်များမှာ အောက်ခြေခုံတွင် လက်ကိုင်ရိုးရှည်နှင့် အပေါ်ပိုင်းပန်းကန်ပါရှိသော မြေကလပ်များ၊ အချို့မှာ အောက်ခြေဝိုင်းတစ်ခုတည်းပေါ်တွင် လက်ကိုင်ရိုး ပန်းကန်နှစ်ခု၊ သုံးခုပါရှိသော မြေကလပ်များ (Dish on Stand)၊ ဆင်ရုပ်၊ နွားရုပ်၊ ဝက်ရုပ်စသည်ဖြင့်လက်ကိုင်အဖုံးပါသော ဖင်လုံးကိုယ်ထည်ကားအိုးများ၊ ဆလင်ဒါပုံစိမ်ရည်အိုးများ၊ နှုတ်ခမ်းလန်ဖင်လုံးနှင့် ချက်ပြုတ်အိုး၊ နှုတ်ခမ်းလန်ဇောက်နက်ခွက်၊ မြေပန်းကန်၊ အောက်ခြေပြားခွက်၊ အောက်ခြေလုံးခွက်၊ လည်ပင်းရှည်အိုးစသည်တို့ဖြစ်သည်။

အိုးတော်ဆက်အမှုထမ်းများနေထိုင်ရန် ရပ်ကွက်များကိုပင် သီးသန့်ပေး

အိုးဟုဆိုရာတွင် အိုးပုတ်မှစ၍ ချိုးရုပ်၊ စလယ်ဝင်အိုး၊ ခွက်ဝင်အိုး၊ အိုးစရည်း၊ အိုးကြီးထုတ်များအထိ ပုံစံအရွယ်အစားအမျိုးမျိုးရှိလေသည်။ အချို့အရပ်ဒေသများတွင် သောက်ရေအိုး၊ ရေတကောင်း၊ လက်ဖက်ရည်ကရားတို့တွင် ကိန္နရာရုပ်၊ နဂါးရုပ်၊ ဘီလူးရုပ်စသည်ဖြင့် အနုပညာလက်ရာများ ဖော်ထားသည်ကို တွေ့ရလေသည်။ မြန်မာဘုရင်များအုပ်စိုးစဉ်က အိုးလုပ်ငန်းကို အရေးတယူအသားပေးခဲ့ကြသဖြင့် အိုးတော်ဆက်အမှုထမ်းများ နေထိုင်ရန် ရပ်ကွက်များကိုပင် သီးသန့်ပေးခဲ့ကြသည်ကို တွေ့ရပေသည်။ ထို့ကြောင့် စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရွှေဘိုစသော ထီးစိုက်နန်းတည်မြို့ကြီးများ၌ ယနေ့တိုင် အိုးတော်ရပ်၊ အိုးဖိုရပ်ဟူသော အမည်များဖြင့် ရပ်ကွက်များ တည်ရှိနေကြသည်။

အိုးထိန်းစက်(Potters Wheel)ကိုသုံး၍ မီးဖုတ်သော ရှေးသမားရိုးကျနည်းဖြင့်ပင် အိုးထုတ်လုပ်ကြသဖြင့် ရပ်သုံးရွာသုံး၊ ပြည်တွင်းသုံးများအဆင့်ထက် မတိုးတက်နိုင်ဘဲရှိခဲ့လေသည်။ ကိုလိုနီခေတ်တွင် ပြည်ပမှ ကြွေထည်၊ ဖန်ထည်နှင့် ဒန်အိုးဒန်ခွက်များ ဝင်ရောက်လာသောအခါ ရိုးရာအိုးလုပ်ငန်းမှာ ပျောက်ကွယ်မသွားသော်လည်း ရက်ကန်းလုပ်ငန်းကဲ့သို့ပင် မှေးမှိန်ကျဆင်းသွားလေတော့သည်။ ထို့ကြောင့် မြန်မာ့အိုးလုပ်ငန်း ခေတ်မီတိုးတက်စေရေးအတွက် ခေတ်မီနည်းပညာများ လိုအပ်သည်ဖြစ်ရာ အိုးလုပ်မည့်မြေအမျိုးအစားကို ဓာတ်ခွဲစမ်းသပ်ပြီး မြေအမျိုးအစားများကို ရောနှောပေါင်းစပ်ခြင်းစသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သင်ကြားပို့ချရန် အင်းစိန်အင်ဂျင်နီယာကျောင်း၌ မြေထည်လုပ်ငန်းဌာနကို ဖွင့်လှစ်၍ အိုးလုပ်ငန်းကျွမ်းကျင်ပညာရှင် မစ္စတာနစ်ကိုလပ်ဦးစီးပြီး အိုးထွက်ရာဒေသများဖြစ်သည့် သထုံခရိုင် ရင်းငြိမ်ဒေသ၊ ပခုက္ကူခရိုင် ကျောက်တပ်ဒေသ၊ ရမည်းသင်းခရိုင် လက်ပံနှင့် အင်းတော်ကလေးဒေသ၊ ရွှေကျင်ခရိုင် ကုသိန္နာရုံဒေသ၊ သာယာဝတီခရိုင် မင်းလှဒေသတို့မှ ထွက်ရှိသော မြေများတွင် ဆီလီကွန်ဒိုင်အောက်ဆိုက်၊ တိုက်တေနီယမ်အောက်ဆိုက်၊ အလူမီနီယမ်အောက်ဆိုက်၊ သံအောက်ဆိုက်၊ ကယ်လ်ဆီယမ်အောက်ဆိုက်၊ မဂ္ဂနီဆီယမ်အောက်ဆိုက်၊ ပိုတက်ဆီယမ်အောက်ဆိုက်၊ ဆိုဒီယမ်အောက်ဆိုက် ပါဝင်နှုန်းများကို ဓာတ်ခွဲစမ်းသပ်ပေးခဲ့သည်။ ရင်းငြိမ်၊ ရမည်းသင်း၊ မင်းလှ၊ ပခုက္ကူတို့မှ မြေများသည် မြေဖြူမျိုး (White Clay) ဖြစ်ကြောင်း တွေ့ရှိရသည်။ မင်းလှမြေတွင် ကေအိုလင် ၄၇ ရာခိုင်နှုန်းပါဝင်ပြီး ပခုက္ကူမြေတွင် ကေအိုလင် ၇၅ ရာခိုင်နှုန်းပါဝင်ကာ ထိုမြေများနှင့် ရောနှောပါရှိသောသဲသည် ဆေးထည့်ရန် ဖန်ပုလင်းများပြုလုပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းသို့စမ်းသပ်စစ်ဆေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ မြေထည်လုပ်ငန်းများ၌ အသုံးပြုသော သဘာဝပစ္စည်းရိုင်းများကို ဓာတ်သဘောအရ စမ်းသပ်ခြင်း၊ အစိုးရဌာနရုံးအဆောက်အအုံများ ဆောက်လုပ်ရန်အတွက် အုတ်ဖုတ်မည့်မြေကြီးများ စမ်းသပ်ခြင်း၊ လက်ဖက်ရည်အိုး၊ ပန်းအိုး၊ ပန်းကန်ပြား၊ ကြွေကရား စသောပစ္စည်းအမျိုးမျိုးစမ်းသပ်ပြုလုပ်ခြင်း၊ မြေထည်၊ ကြွေထည်ပစ္စည်းသစ်များ တိုးတက်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခြင်း၊ ကြွေထည်ပစ္စည်းများ၊ မီးခံအုတ်၊ နံရံကပ်ကြွေပြားနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများအတွက် အုတ်ကြွပ်ပြားများ ဖြစ်မြောက်လာရေးအတွက် စမ်းသပ်မှုများ ပြုလုပ်ပေးခြင်းအစရှိသည်တို့ ပါရှိကြလေသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အိုးဖိုများအတွက် မြေထည်၊ ကြွေထည်ပြုလုပ်ရန် နည်းသစ်များကို စီမံပေးသောလုပ်ငန်းများလည်းပါရှိသည်။

အိုးလုပ်ငန်းများ တည်ရှိဆဲပင်ဖြစ်

မြန်မာ့ရိုးရာအိုးလုပ်ငန်းသည် ရှေးယခင်ကပင် ဆင်းသက်လာခဲ့သည့် ရိုးရာလက်မှုအတတ်ပညာတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် ပျူယဉ်ကျေးမှုထွန်းကားခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်နှင့် မြစ်ဝှမ်းဒေသများ၊ အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း၊ တောင်ပိုင်းစသည့်ဒေသများတွင်လည်း ရိုးရာအစဉ်အလာအလိုက် အိုးလုပ်ငန်းများ တည်ရှိဆဲပင်ဖြစ်သည်။ မြေအိုး၊ မြေထည်အကြမ်းစားများကို ရပ်သုံးရွာသုံးအတွက် ထုတ်လုပ်ပေး သည့် ကျေးရွာဒေသများစွာရှိသည့်အနက် တွံတေး၊ မော်လမြိုင်၊ ရွှေဘို၊ ကျောက်မြောင်းဒေသတို့မှာ စဉ့်အိုးစဉ့်ခွက်များ ထုတ်လုပ်ရာဒေသများနှင့် ပျဉ်းမနား၊ ရွှေဂူ၊ လွိုင်လင်တို့တွင် မြေထည်စဉ့်သုတ် အချောထည်၊ လက်ဖက်ရည်ကရား၊ ညောင်ရေအိုးစသည့် ပစ္စည်းများထွက်ရှိရာ ဒေသများအဖြစ် ထင်ရှားလေသည်။ မျက်မှောက်ကာလ၌ မြန်မာနိုင်ငံအတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့၊ ရွာနေရာဒေသအချို့တို့တွင် ဒေသအလိုက်ထွက်ရှိသော မြေအမျိုးအစားပေါ်အမှီပြုကာ မြန်မာ့ရိုးရာမြေအိုးနှင့် စဉ့်အိုးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ်သော်လည်းကောင်း၊ အသေးစားလက်မှုလုပ်ငန်း တစ်ခုအဖြစ်သော်လည်းကောင်း ဆက်လက်လုပ်ကိုင်လျက်ရှိကြသည်။

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လရာသီရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ တန်ခူးလများသည် အိုးစိမ်းရိုက်၊ အိုးဖုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည့်အချိန်ကာလများဖြစ်သည်။ အိုးဖုတ်လုပ်ငန်း လုပ်ကိုင်ရာတွင် နေရာဒေသအပေါ်မူတည်၍ အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ပုံစံအမျိုးမျိုးကွဲပြားလျက်ရှိပြီး ရွှံ့စေးမြေ (မြေနက်)၊ တောင်မြေ(မြေနီ)၊ မြေဖြူ (အဝါရောင်အနည်းငယ်သန်းသည့်မြေ)၊ မြေစီး၊ မြေစေးနှင့် ကုန်းသဲ၊ နုန်းမြေများဖြင့် ပြုလုပ်ကြသည်ကို တွေ့ရှိရသကဲ့သို့ နေရာဒေသအလိုက် ရာသီဥတုကွဲပြားမှုများရှိခြင်းကြောင့် ခိုင်ခံ့ကောင်းမွန်သည့် အိုးတစ်လုံးရရှိရေး အိုးပြုလုပ်သည့် အချိန်ကာလများမှာလည်း ကွာခြားလျက်ရှိသည်ကို တွေ့ရသည်။

အဆင့်ဆင့်အချိန်ပေးလုပ်ကိုင်ရသော လုပ်ငန်းတစ်ခုဖြစ်

အိုးလုပ်ငန်းသည် လက်ဝင်ပြီး အိုးလုပ်သားများအဖို့ အဆင့်ဆင့်အချိန်ပေးလုပ်ကိုင်ရသော လုပ်ငန်းတစ်ခုဖြစ်ပေသည်။ အိုးတစ်လုံးစတင် ပြုလုပ်တော့မည်ဆိုလျှင် ပထမဦးစွာ အိုးလုပ်ရန် လိုအပ်သော ရွှံ့စေးမြေ (မြေနက်)၊ မြေစီးများကို တူးယူရသည်။ တူးယူရရှိသည့်မြေတုံးများကို လိုအပ်သည့် အရွယ်အစားရရှိသည်အထိ ထုချေခြင်း၊ မောင်းဆုံဖြင့် ထောင်းခြင်းတို့ ပြုလုပ်ကာ နေလှန်းပေးရသည်။ ထိုမှတစ်ဆင့်ရရှိလာသည့်မြေများကို ထပ်မံ၍ ဆန်ခါဖြင့်ချကာ အိစက်နေသောမြေများကို ရွေးထုတ်ပေးရသည်။ ရွေးပြီးသောမြေများကို ပိုမိုမာကြောလာစေရန် နေရာဒေသများအလိုက် ရရှိနိုင်သည့်ကုန်ကြမ်းအပေါ်မူတည်၍ ကုန်းသဲ၊ တောင်မြေ (ခေါ်) မြေနီ စသည်တို့နှင့်ရောစပ်ကာ အမှုန့်ကြိတ်ရသည်။ ထို့နောက် အမှုန့်ကြိတ်ပြီးသော မြေညက်များနူးနပ်၍ သမစေရန် ရေဖြင့်ဆွတ်လောင်းပြီးလျှင် အကြိမ်ကြိမ်မွှေနှောက်ကာ နှပ်ထားရသည်။ အချို့ကျေးလက်ဒေသများတွင် အိုးပြုလုပ်ရန်အတွက် သဲပါဝင်နှုန်းနည်းပါးသော မြေဖြူများရရှိနိုင် သဖြင့် အမှုန့်ဖြစ်သည်အထိ ထုချေရန်မလိုဘဲ မြေနီမှုန့်ဖြင့် သမအောင်မွှေနှောက်ကာ ရေဖြင့် နှပ်ထားကြသည်။ ရေဖြင့်နှပ်ထားသည့်မြေများ မခြောက်စေရန် ပလတ်စတစ် (သို့မဟုတ်) အခြားအဝတ်စတစ်ခုခုဖြင့် ဖုံးအုပ်ထားပေးရသည်။

အိုးလုပ်ရန် လိုအပ်သောကိရိယာများမှာ (၁) အိုးထိန်းစက် (အိုးထွင်းစက်ဟုလည်း ခေါ်ကြသည်)၊ (၂) ပလာ၊ (၃) လက်ခုတို့ ဖြစ်ကြသည်။ အိုးထိန်းစက်ဆိုသည်မှာ အကျယ်တစ်တောင်ခန့်ရှိသော သစ်သားဝိုင်းတစ်ခုကို အလယ်တွင် ဝင်ရိုးတိုင်ကဲ့သို့ တိုင်တိုကလေးစိုက်ထား၍ ထိုတိုင်ငုတ် လေးတွင် အကျယ်တစ်တောင်ခန့်ရှိသော သစ်ပြားဝိုင်းတစ်ခုကို ဆုံလည်ကဲ့သို့ စရွေးစွပ်ထား ခြင်းဖြစ်သည်။ ထိုသစ်ပြားဝိုင်း၏ ဘေးနှစ်ဖက်တွင် လက်ကိုင်ရန် သစ်သားစွန်းလေးနှစ်စ ပြုလုပ်ထားသည်။ ထိုအစွန်းလေးနှစ်စကို လက်နှင့်ကိုင်၍လှည့်လျှင် သစ်ပြားဝိုင်းလေးသည် အလွယ်တကူ လည်ပတ်နိုင်လေသည်။ လက်ခုဆိုသည်မှာ မြေညက်ကို မီးဖုတ်ထားသော လက်သီးဆုပ်သာသာ အရွယ်ရှိသည့် ခုံးပြားပြားပုံသဏ္ဌာန်ရှိသော ကိရိယာတစ်မျိုးဖြစ်သည်။ လက်ခုတွင် ခတ်လက်ခုနှင့် လုံးလက်ခုဟူ၍ နှစ်မျိုးရှိသည်။ ခတ်လက်ခုကို အိုး၏အထူအပါးကိုညှိရာ၌ ပြည်ပလာ၊ ပန်းပလာတို့နှင့် တွဲဖက်၍အသုံးပြုသည်။ လုံးလက်ခုကိုမူ ရွှံ့သားထူသည့်နေရာမှ ရွှံ့သားပါးသည့်နေရာသို့ ဖြန့်ညှိရာ၌ မော်လုံးပလာနှင့်တွဲဖက်၍ အသုံးပြုသည်။ အိုးပုံလောင်းရာတွင် လူနှစ်ယောက်လုပ်ကိုင်ကြရသည်။ ပထမလူတစ်ယောက်က အိုးထိန်းစက်ကို ချာချာလည်အောင်လှည့်ပေးရသည်။ ဒုတိယလူတစ်ယောက်က အသင့်ရှိပြီးဖြစ်သော ရွှံ့မြေညက်ကိုလုံး၍ ချာချာလည်နေသော အိုးထိန်းစက်၏ အလယ်ဗဟိုတွင်တည်ကာ လက်နှစ်ဖက်ဖြင့် အလိုရှိသောအိုးပုံစံသို့ရောက်အောင် ပြုပြင်ပေးသည်။ ထိုသို့အိုးပုံလောင်းခြင်းသည် သုံးမိနစ်မျှကြာလျှင် ပြီးစီးသည်။ အိုး၏အကြီးအသေးကိုလိုက်၍ ရွှံ့မြေကို မှန်းဆယူငင်ပြီးလျှင် ချာချာလည်နေသော အိုးထိန်းစက်ပေါ်သို့တင်လိုက်ပုံနှင့် ထိုရွှံ့တုံးကို လက်နှစ်ဖက်ဖြင့်ပြုပြင်ပေးရုံမျှဖြင့် တဖြည်းဖြည်း အိုးဖြစ်လာပုံတို့မှာ အလွန်ကြည့်၍ ကောင်းပေသည်။ ထိုလုပ်ငန်းကို အိုးထွင်းသည်ဟု ခေါ်ကြသည်။ ထွင်းပြီး (ပုံလောင်းပြီး)သောအိုးကို အိုးခတ်မည့်သူထံ ပို့ရလေသည်။

အိုးခတ်သူသည် အထက်တွင်ဖော်ပြခဲ့သော လက်ခုကို အိုး၏အတွင်းဘက်မှခု၍၊ ခံ၍အပြင်ဘက်မှ ပလာဖြင့်ခတ်၍၊ ပုတ်၍ အထူအပါးကို ညှိပေးရသည်။ ထိုသို့အထူအပါးညှိရာ၌ မြေနက်၊ မြေနီရောစဉ်က အချိုးမကျခဲ့လျှင် ပလာတွင် ရွှံ့မြေညက်များ ကပ်၍ပါလာတတ်သည်။ ထိုသို့ဖြစ်လျှင်သဲကြမ်းကို ဖြူးပေးရသည်။ သဲကြမ်းအဖြူးများသော အိုးသည် နောင်အခါ၌ ရေစိမ့်များ၍ ရေအေးသည်။ ပြာသိုလတွင်ပြုလုပ်သည့် ရေအိုးသည် အေးသည်ဟုဆိုကာ သောက်ရေအိုးတည်ရန် ပြာသိုအိုးကို ရွေးချယ်၍ ဝယ်လေ့ရှိကြသည်။ အမှန်မှာ ပြာသိုလတွင် လုပ်သဖြင့် ရေအေးသည်မဟုတ်ပေ။ အိုးခတ်စဉ်က သဲကြမ်းများများ ဖြူးပေးခြင်းကြောင့်သာ အေးခြင်းဖြစ်သည်။ အိုးခတ်၍ ၁၅ မိနစ်ခန့်ကြာသော အခါ မှန်ကူကွက်စသော ပန်းပုံလေးများဖော် ပြီးပါက အိုးတစ်လုံးကို အချောကိုင်ပြီးဖြစ်လေသည်။ အိုးလုပ်သားတို့၏လက်ဆနှင့်ကျွမ်းကျင်မှု အပေါ်မူတည်ပြီး မိမိလိုချင်သည့်အိုးပုံသဏ္ဌာန်များနှင့် အပွင့်ပုံစံများ ဖန်တီးကြသည်။ ပုံဖော်ထားသည့် အိုးများ အိုးဖင်မကပ်စေရန် ပြာမှုန့်ကပ်ပေးပြီး အနည်းငယ်ခြောက်သွားအောင် အရိပ်ထဲတွင် ၃/၄ နာရီခန့်ထားကြသည်။ အိုးဖင်ခြောက်သွားသည့်အိုးများကို ပျမ်းမျှအားဖြင့် နှစ်ရက်ခန့်နေပူထဲထုတ်လှန်းကာ ခြောက်သွားသည့်အိုးများ အရောင်လှစေရန် မြေနီမှုန့်ကိုရေဖျော်၍ အချိုးကျသုတ်လိမ်းပေးခြင်း၊ ဓာတုပစ္စည်းတစ်မျိုးသုတ်ပြီး ချော်ရည်လောင်းခြင်းများ ပြုလုပ်ကြသည်။ အချောကိုင်ပြီးလျှင် နေပူရာတွင်ဖြစ်စေ၊ လေသလပ်ရာတွင်ဖြစ်စေ ဖြန့်ချထားရသည်။

ပလာသုံးမျိုးရှိ

ပလာဆိုသည်မှာ အရှည်တစ်ပေခန့်နှင့် ဗြက်သုံးလက်မခန့်ရှိသော သစ်သားလက်ရိုက် တစ်မျိုးဖြစ်သည်။ ထိုပလာတွင် (၁) ပြည်ပလာ၊ (၂) မော်လုံးပလာ၊ (၃)ပန်းပလာဟူ၍ သုံးမျိုးရှိသည်။ ပြည်ပလာကို အိုးအထူအပါးညီစေရန်ညှိရာ၌ အသုံးပြုသည်။ မော်လုံးပလာကို အိုးအထူအပါးညှိရာ၌ပင် အိုး၏ဖင်ပိုင်းကဲ့သို့ ရွှံ့သားထူသည့်နေရာမှ ရွှံ့သားပါးသည့်နေရာသို့ ဖြန့်ညှိရာ၌ အသုံးပြုသည်။ ပန်းပလာကိုမူ အထူအပါးညှိ၍ စိတ်ကြိုက်ပုံစံသို့ ရောက်သည့်အခါ မှန်ကူကွက်လေးများ၊ ပန်းနွယ် ပန်းပွင့်လေးများ၊ ကျေးရုပ်လေးများစသည်ဖြင့် အိုးကိုအလှဖော်ရာ၌ အသုံးပြုသည်။

အိုးမီးဖုတ်လုပ်ငန်း စတင်တော့မည်ဆိုလျှင် ပထမဦးဆုံးထင်းစီခြင်း၊ ထင်းခွေခြင်းများပြုလုပ်ပြီး မီးဖုတ်မည့်အိုးများကို စနစ်တကျခွေရသည်။ စနစ်တကျခွေထားသည့် အိုးပတ်ပတ်လည်ကို ထင်းထပ်မံစီကာ ကောက်ရိုးများဖြင့် သေချာဖုံးအုပ်ပြီး အိုးမီးဖုတ်ကြရသည်။ ထိုသို့အိုးမီးဖုတ်ရာတွင် သတ်မှတ်ထားသည့် ထင်းအရွယ်အစားနှင့် အချိုးအစားကို မှန်ကန်စွာအသုံးပြုတတ်ရသည့်အပြင် မီးအပူချိန်ကိုလည်း မှန်ကန်စွာချိန်ဆတတ်မှသာ အိုးကောင်းများရရှိမည်ဖြစ်သည်။ မီးအပူချိန်ကို ၁၀၀ မှ ၁၁၀၀၊ ၁၂၀၀ စင်တီဂရိတ်အထိ သုံးရပြီး အိုးကြီး ၄၀ မှ ၅၀ ခန့်နှင့် အိုးအမျိုးအစားပေါင်း ၁၀၀၀၀ ခန့် မီးဖုတ်ပါက တစ်ရက်ခွဲခန့် ကြာမြင့်တတ်သော်လည်း မီးအေးအေးဖြင့် မီးဖုတ်ပေးပါက ငါးရက်ခန့်အထိ ကြာမြင့်လေ့ရှိကြောင်း သိရသည်။ အိုးများကျက်သော်လည်း အပူရှိန်ကျန်ရှိနေသေး ခြင်းကြောင့် ချက်ချင်းမထုတ်ယူဘဲ သုံးရက်မှ ငါးရက်ခန့်အထိ အအေးခံကာ ဖိုပေါက်ဖွင့်ထားကြသည်။ ဖိုထဲမှထုတ်ယူပြီးပါက အချောသပ်ရန်အဆင့်သာ ကျန်ရှိတော့ရာ ရာသီဥတုကောင်းမွန်ခြင်းမရှိပါက အပြင်မထုတ်ဘဲ ဖိုထဲတွင်သာ ထားတတ်ကြသည်။

အိုးလုပ်ငန်းကို မိသားစုအလိုက် မိရိုးဖလာလုပ်ကိုင်ကြသူများရှိသလို အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အိုးလုပ်သားများငှားရမ်းကာ စီးပွားဖြစ်လုပ်ကိုင်ကြသူများလည်းရှိသည်။ စီးပွားဖြစ်လုပ်ကိုင်သူများအနေဖြင့် အိုးလုပ်သား အနည်းဆုံး သုံးဦးမှ ၁၀ ဦးနှင့်အထက် ငှားရမ်း လုပ်ကိုင်ကြပြီး နေရာဒေသအပေါ်မူတည်၍ လုပ်အားခနှင့် အခြားရင်းနှီးကုန်ကျစရိတ်မှာလည်း ကွာခြားလျက်ရှိသည်။

နိုင်ငံခြားဈေးကွက်များအထိပါ တင်ပို့

ယခုနောက်ပိုင်းတွင် မြန်မာ့လက်မှုထည်အိုးလုပ်ငန်းကို ခေတ်မီဆန်းသစ်သော အိုးအမျိုးမျိုးနှင့် အလှပန်းအိုးများကို ပုံဖော်ပြုလုပ်လာကြပြီဖြစ်သည်။ မြန်မာ့အိုးများကို မြန်မာနိုင်ငံအနှံ့အပြားတို့တွင် ရေလမ်း၊ ကုန်းလမ်းစနစ်များဖြင့် တင်ပို့ရောင်းချခြင်း၊ ဝယ်ယူအသုံးပြုခြင်းများရှိသည့်အပြင် နိုင်ငံခြားဈေးကွက်များအထိပါ တင်ပို့ရောင်းချလျက်ရှိပါသည်။ သမိုင်းမှတ်တမ်းများအရ မြန်မာ့အိုးများကို ထိုင်း၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ နယ်သာလန်နိုင်ငံတို့နှင့် နယူးယောက်မြို့များက မှာယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

အချို့နေရာဒေသများတွင် အိုးလုပ်ငန်းကျွမ်းကျင်လုပ်သားပညာရှင်နည်းပါးပြီး မိရိုးဖလာ လုပ်ကိုင်လာသူများကသာ အစဉ်အလာမပြတ်လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ထို့အပြင် မြေအိုးပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ရှားပါးလာခြင်း၊ ဝယ်ယူအသုံးပြုသည့် ကုန်ကျစရိတ် များပြားခြင်း၊ တစ်ဆင့်ခံဝယ်ယူပြုလုပ်သည့် မြေအိုးများ မီးဖုတ်ရာတွင် အိုးကျ (အိုးကွဲ) များပြားလာခြင်းတို့ကြောင့် အိုးဖောက်သည် (ဝယ်ယူသူ) ရှားပါးလာမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြန်သည်။ အိုးလုပ်ငန်းသည် ရှေးအစဉ်အဆက်ကပင် လူကြီးများက လူငယ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးလာခဲ့သောပညာရပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ယနေ့ခေတ်လူငယ်များက အိုးလုပ်ငန်းသည် ဝင်ငွေနည်းပါးသည့် လုပ်ငန်းတစ်ခုဟုမှတ်ယူကာ လက်ဆင့်ကမ်းပညာသင်ယူသော အိုးလုပ်သားများ မရှိသလောက်ရှားပါးလာသည်။

ယနေ့လူ့ဘောင် အဖွဲ့အစည်းတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များနှင့် စိန်ခေါ်မှုများစွာရှိလာပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေ ပိုမိုရှာဖွေနိုင်ရေးတို့အတွက် မြို့ပြများ (သို့မဟုတ်) ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန်ကိုသာ ပိုမိုဦးစားပေးလာကြသည်။ အချို့ဒေသများတွင် အိုးလုပ်ငန်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်သည့် သက်ကြီးပိုင်းများကြောင့် အိုးလုပ်ငန်းများ ပုံမှန်လည်ပတ် လျက်ရှိသော်လည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန် မစွမ်းဆောင်နိုင်ခြင်း၊ လက်ဆင့်ကမ်းလုပ်ကိုင်မည့် လူငယ်လုပ်သားများ ရှားပါးလားခြင်းနှင့် ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် ရိုးရာအမွေအနှစ်လုပ်ငန်း တစ်ခုဖြစ်သည့် အိုးလုပ်ငန်းပျောက်ကွယ်သွားမည်မှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထို့အပြင် မြေထည်လက်မှုအသုံးအဆောင်များနေရာတွင် ဝယ်ယူအသုံးပြုရလွယ်ကူသည့် ခေတ်မီအသုံးအဆောင် ပစ္စည်းများနေရာယူလာခြင်းသည်လည်း မြေထည်လက်မှုလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီဖြစ်သည်။ မြန်မာ့ရိုးရာမြေထည်၊ စဉ့်ထည်ပစ္စည်းများဖြစ်သည့် စဉ့်အိုး၊ မြေအင်တုံ၊ ပန်းအိုး၊ ငရုတ်ဆုံ၊ ဆီမီးခွက်၊ ကလေးကစားစရာ မြေထည်လက်မှုပစ္စည်းများသည် ပြောင်းလဲလာသည့် လူမှုအသိုက်အဝန်းအတွင်း ရပ်တည်ရန် ခက်ခဲလျက်ရှိနေပြီဖြစ်သည်။

နိုင်ငံတကာတွင် လက်မှုပညာအသုံးအဆောင်များကို ကျွမ်းကျင်ပညာရှင်များနှင့် ခေတ်မီ နည်းပညာပံ့ပိုးကာ ရောင်းတမ်းဝင်အသုံးအဆောင်များအဖြစ် တန်ဖိုးမြှင့်တင်စီစဉ်ဆောင်ရွက်ကြသလို မြန်မာနိုင်ငံရှိ ရိုးရာလက်မှုအတတ်ပညာတစ်ခုဖြစ်သည့် မြေအိုးလုပ်ငန်းများကိုအသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဝိုင်းဝန်းအားပေးမြှင့်တင်ဆောင်ရွက်မည်ဆိုပါက ပိုမိုထွန်းကားကျယ်ပြန့်လာကာ နှစ်ပေါင်းများစွာတိုင်အောင် ရေရှည်တည်တံ့နေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်းများ-

၁။ ဒေါက်တာသန်းထွန်း၊ “မြန်မာ့အိုးသမိုင်းနှင့် ဖြည့်စွက်စာတမ်း ၈ စောင်”၊ ၂၀၁၃ခုနှစ်၊ မတ်လ။

၂။ “မြန်မာ့အိုးခွက်လုပ်ငန်း”၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)။

၃။ DOCA(မကွေး)၊ “ရေစကြိုဒေသထွက်ပခန်းအိုး”၊ စားသုံးသူရေးရာဦးစီးဌာန၊ Website ၊ ၂၀၂၂ခုနှစ်၊ မေလ။

၄။ အခြားစာပေများ။