တိုင်းရင်းကြက်မွေးမြူရေးကိုခြိမ်းခြောက်နေသော ကြက်လည်လိမ်ရောဂါ

Posted_Date

Image

တိုင်းရင်းကြက်မွေးမြူရေးကိုခြိမ်းခြောက်နေသော ကြက်လည်လိမ်ရောဂါ

Body

ကျေးလက်ဒေသကြက်မွေးမြူရေးသည်အရေးပါသောအသားကဏ္ဍထုတ်လုပ်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။  တိုင်းရင်းကြက်ဆိုသည်မှာ  မြန်မာနိုင်ငံတစ်ဝန်းဒေသအသီးသီး၏ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေများနှင့်ယဉ်ပါးပြီးဖြစ်သောမိဘဘိုးဘွားလက်ထက်အစဉ်အဆက်မွေးမြူလာခဲ့ကြသည့် ကျေးလက်ကြက် သို့မဟုတ် ဒေသကြက်မျိုးများဟုခေါ်သည်။ မြန်မာတစ်နိုင်ငံလုံး ကြက်မွေးမြူရေး၏၈၅ ရာခိုင်နှုန်းသည် တိုင်းရင်းကြက်မွေးမြူရေးဖြစ်သည်။  တိုင်းရင်းကြက်ကို ကျေးလက်ဒေသများတွင် ကုန်ကျစရိတ်သက်သာစွာ  အလွယ်တကူမွေးမြူနိုင်သည်။ တိုင်းရင်းကြက်မွေးမြူခြင်းသည် မိသားစုဝင်ငွေတိုးတက်စေရေးအတွက် အထောက်အကူပြုပေးနိုင်သောလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံသားများ ကြက်သား၊ ကြက်ဥစားသုံးမှု တိုးမြင့်လာစေရေးအတွက် အဓိကကျသောလုပ်ငန်းတစ်ခုဖြစ်သည်။လက်ရှိမွေးမြူနေသောလွှတ်ကျောင်းစနစ်ကိုပင်အခြေခံ၍   ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရောဂါကာကွယ်ခြင်းလုပ်ငန်းများ ပိုမိုစနစ်ကျအောင်ဆောင်ရွက်ခြင်းဖြင့် ကြက်သား၊ ကြက်ဥပိုမိုထွက်ရှိလာမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် စုစုပေါင်းဒေသကြက်ကောင်ရေ ၄၁ သန်းကျော်မွေးမြူထားရှိသည်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့်(အနောက်ပိုင်း)တို့တွင် ဒေသကြက်ကောင်ရေ  ၁၀  သန်းကျော် မွေးမြူထားရှိပြီး တစ်နိုင်ငံလုံးရှိ ဒေသကြက်ကောင်ရေ၏ ၂၇ ရာခိုင်နှုန်းရှိသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသကြက်၁၉ ရာခိုင်နှုန်းကိုမွေးမြူထားရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်  စုစုပေါင်းဒေသကြက်ကောင်ရေ၏ ၂၁ ရာခိုင်နှုန်းကို  မွေးမြူထားရှိသည်။ တိုင်းရင်းကြက်စားသုံးသူများလာခြင်း၊ ဈေးကောင်းရရှိခြင်းတို့ကြောင့် တိုင်းရင်းကြက်မွေးမြူခြင်းကိုတစ်နိုင်တစ်ပိုင်မွေးမြူခြင်းအပြင် စီးပွားဖြစ်မွေးမြူခြင်းလည်း ဆောင်ရွက်လာလျက်ရှိသည်။ ထင်ရှားသော တိုင်းရင်းကြက်မျိုးများမှာ လည်ပြောင်ကြက်၊ အင်ပင်ဝကြက်နှင့်စစ်တကောင်းကြက်တို့ဖြစ်သည်။

တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းအောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့်အကြောင်းအရာများအနက် ကူးစက်ရောဂါသည် အဓိကပါဝင်လျက်ရှိသည်။  ကူးစက်ရောဂါများကိုမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယင်းကဲ့သို့ ကူးစက်တတ်သောရောဂါများထဲမှ ကြောက်စရာကောင်းသည့်ရောဂါတစ်မျိုးဖြစ်ပြီး တိုင်းရင်းကြက်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုတွင် အကြီးမားဆုံးသောအတားအဆီးမှာ   ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ကြက်လည်လိမ်ရောဂါဖြစ်သည်။ ကြက်လည်လိမ်ရောဂါသည် Avian paramyxovirus Type 1 (APVM-1) virus ကြောင့်ဖြစ်သောကူးစက်မြန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး ကြက်၊ ကြက်ဆင်၊ ငှက် (ခို၊ စာကလေး၊ ကြက်တူရွေး၊ ကျီးကန်း၊ ဒီးဒုတ်၊ ပျံလွှား၊  ရေကြက်)တို့တွင် ဖြစ်ပွားလေ့ရှိသည်။ အသက်အရွယ်မရွေး ရောဂါကူးစက်နိုင်သည်။ ကြက်လည်လိမ်ရောဂါသည် ၁၉၂၆ ခုနှစ်တွင် Java  Indonesia နှင့် ၁၉၂၇ ခုနှစ်တွင် Newcastle upon Tyne, England   ၌  စတင်ဖြစ်ပွားခဲ့ပြီး ၁၀ နှစ်အတွင်းအခြားနိုင်ငံများသို့ကူးစက်ပျံ့နှံ့ခဲ့သည်။   ကူးစက်ပျံ့နှံ့မှုမြန်သဖြင့် ကြက်တစ်အုပ်လုံး ရက်ပိုင်းအတွင်းဆုံးရှုံးနိုင်သည့် သေပျောက်နှုန်းများသောရောဂါဖြစ်သည်။

ကြက်လည်လိမ်ရောဂါ ကူးစက်ပျံ့နှံ့မှု

အိပ်တန်းပေါ်မှပြုတ်ကျသေဆုံးသဖြင့်“တန်းကျနာ”ဟုလည်းကောင်း၊ ကြက်များဖျားနာကာ အများအပြားသေဆုံးသဖြင့်“ကြက်နာကျ”သည်ဟုလည်းကောင်း ဒေသအလိုက်ခေါ်ဝေါ်ကြသည်။ ရောဂါပိုးကူးစက်ခံရသောကြက်သည် အာရုံကြော၊ အသက်ရှူလမ်းကြောင်းနှင့်အူလမ်းကြောင်းတို့တွင်ပြဿနာဖြစ်လာသည်။ ကြက်လည်လိမ်ရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်နိုင်သကဲ့သို့ ရောဂါဖြစ်သည့်ကြက်မှတစ်ဆင့်တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အခြားကြက်များသို့ကူးစက်ပျံ့နှံ့နိုင်သည်။ အနီးအနားရှိ ကြက်အုပ်တွင်  လည်လိမ်ရောဂါကျရောက်ခြင်းကြောင့်လည်းကောင်း၊ ရောဂါဖြစ်နေသောကြက်ကို မိမိကြက်အုပ်အတွင်းသွင်းမိခြင်းကြောင့်လည်းကောင်း ကူးစက်နိုင်သလိုရောဂါဖြစ်၍သေသောကြက်များ၏အမွေးအတောင်၊ အူစသည့်စွန့်ပစ်ပစ္စည်းများမှတစ်ဆင့်လည်းကောင်း ရောဂါပိုးကူးစက်နိုင်သည်။ အနီးပတ်ဝန်းကျင်ရှိ စာကလေး၊ခို၊ ကျီးကန်း စသည့်ငှက်ရိုင်းများသည်လည်လိမ်ရောဂါပိုးသယ်ဆောင်ထားနိုင်သဖြင့် ၎င်းငှက်ရိုင်းများမှတစ်ဆင့်လည်းရောဂါဖြစ်ပွားနိုင်ပါသေးသည်။

ကြက်လည်လိမ်ရောဂါဗိုင်းရပ်ပိုး၏ ရှင်သန်နိုင်မှု

ကြက်ချေးထဲတွင် နှစ်လခန့်၊ ကြက်သေကောင်တွင်တစ်နှစ်ခန့်နှင့် အေးခဲသည့်နေရာတွင် နှစ်ပေါင်းများစွာရှင်သန်နိုင်သော်လည်း နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ပါက အချိန်တိုအတွင်းသေဆုံးနိုင်သည်။

ကြက်လည်လိမ်ရောဂါလက္ခဏာများ

(၁) အပြင်းစားကူးစက်မြန်

ပြင်းထန်သည့်ရောဂါ အမျိုးအစားဖြစ်ပွားပါက  တိုင်းရင်းကြက်များသည် မည်သည့်လက္ခဏာမှမပြဘဲ ရုတ်တရက်သေဆုံးမှုများရှိမည်။ သေနှုန်း ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိရှိနိုင်သည်။ ကြက်ငယ်နှင့်ကြက်လတ်ပိုင်းများတွင် အတောင်ပံကျပြီး အမွေးပွကာမှိုင်ကုပ်နေမည်။ အစာစားနှုန်းကျဆင်းကာအစိမ်းရောင်ဝမ်းသွားမည်။အသက်ရှူစဉ်ချွဲသံကြားမည်။ ကြက်ဥနှုန်း   ရုတ်တရက်ကျဆင်းမည်။ကြက်ဥခွံပျော့ခြင်း၊ ဥခွံမပါသည့်ဥဥခြင်း၊ ကြက်ဥပုံသဏ္ဌာန်မမှန်ခြင်းများ၊ ကြက်ဥအကာများအရည်ကဲ့သို့ကျဲသွားခြင်းများဖြစ်မည်။  အာရုံကြောထိခိုက်မှုရှိ၍  ခြေထောက်နှင့်တောင်ပံများ   အကြောဆွဲနေခြင်း၊ လည်လိမ်ရောဂါဆိုသည့်အတိုင်း လည်ပင်းလိမ်ခြင်း၊ ကောင်းသောလည်ပင်းစောင်းနေခြင်း၊ မျက်ရည်ကျ၍မျက်နှာရောင်နေခြင်းများအတွေ့ရများသည်။

(၂) အသင့်အတင့်ပြင်းသောအမျိုးအစား

ပြင်းအားအသင့်အတင့်ရှိ ရောဂါပိုးကြောင့်ဖြစ်ပွားပါက ခေါင်းမော့၍ ခက်ခက်ခဲခဲ အသက်ရှူရသည်။ အသက်ရှူစဉ် ချွဲသလိပ်သံကြားရမည်။  မျက်ရည်၊  နှာရည်များကျမည်။ အစိမ်းရောင်ဝမ်းသွားမည်။ကြက်ဥဥနှုန်းကျဆင်းမည်။ အကြောသေခြင်း၊ လည်ပင်းလိမ်ကောက်ခြင်းဖြစ်မည်။ကူးစက်မှုနှုန်းအနည်းနှင့်အများရှိနိုင်၍တဖြည်းဖြည်းချင်းသေဆုံးမည်။ သေနှုန်း၅၀ ရာခိုင်နှုန်းထိရှိနိုင်သည်။

(၃) အပျော့စားအမျိုးအစား

အပျော့စားဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါကအသက်ရှူခက်ခဲခြင်းအချိန်တိုဖြစ်မည်။ရောဂါလက္ခဏာမတွေ့ရဘဲ ကြက်ဥဥနှုန်းအနည်းငယ်ကျဆင်းမည်။ မျက်စိနာခြင်းအနည်းငယ်ရှိမည်။

ကြက်အသေကောင်ခွဲစိတ်တွေ့ရှိချက်

ကြက်အစာခြေလမ်းကြောင်း၏အစိတ်အပိုင်းဖြစ်သော ကြက်အမြစ်ညှာ(Proven-triculus)၊ အူသိမ်(Small intestine)နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သွေးယိုစိမ့်မှုကြောင့်နီရဲ၍ အစက်အပြောက်များရှိမည်။ အူအတက်ဆုံတွင် အနီဖုအနာသေးများရှိမည်။ လေပြွန်(Trachea)တွင် သွေးပြည့်နေခြင်းနှင့်သွေးယိုခြင်းများ၊ ဥဥသောကြက်များတွင် လေအိတ်ရောင်ခြင်း(Airsac-culitis)နှင့် ဥအနှစ်ရောင်ခြင်း (Egg yolk peritonitis) တို့ကိုတွေ့ရှိနိုင်သည်။

ကြက်လည်လိမ်ရောဂါကူးစက်ဖြစ်ပွားလာပါကကုသရန်နည်းလမ်းမရှိပါ။ ကာကွယ်ရန်သာနည်းလမ်းရှိသည်။ ရောဂါကူးစက်ခံရသောကြက်ကို ရောဂါပြန့်ပွားမှုမှကာကွယ်ရန် အခြားကြက်များနှင့်သီးခြားခွဲထားသင့်သည်။ ရေကောင်းရေသန့်၊ သင့်လျော်သောလေဝင်လေထွက်နှင့်လုံလောက်သောအာဟာရပေးခြင်းများသည် ကြက်၏ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေသဖြင့်    ကြက်လည်လိမ်ရောဂါကူးစက်ခံရခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုစေသည်။ ရောဂါမဖြစ်သေးသောကြက်အုပ်များကို ကြက်လည်လိမ်ကာကွယ်ဆေးပေးသင့်ပြီး ရောဂါဖြစ်ကြက်များကို နေရာရွှေ့ပြောင်းခြင်းမပြုလုပ်ရပါ။

အပူဒဏ်ခံကြက်လည်လိမ်ရောဂါ ကာကွယ်ဆေး (Thermostable Newcastle disease vaccine, I2 Strain)

ကြက်လည်လိမ်ရောဂါသည် ကုသရန်ဆေးမရှိသဖြင့် ရောဂါမဖြစ်မီကာကွယ်ဆေးအသုံးပြု၍ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ တိုင်းရင်းကြက်များအတွက် အသင့်တော်ဆုံး ကြက်လည်လိမ်ရောဂါကာကွယ်ဆေးမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်လုပ်သော အပူဒဏ်ခံ I2  ကြက်လည်လိမ်ကာကွယ်ဆေးမျက်စဉ်းဖြစ်သည်။  အခြားသော ကြက်လည်လိမ်ရောဂါကာကွယ်ဆေးများထက် အပူဒဏ်ကိုခံနိုင်စွမ်းရည်ရှိသောကြောင့်  အပူဒဏ်ခံကာကွယ်ဆေးဟုခေါ်ခြင်းဖြစ်သည်။(၎င်းကာကွယ်ဆေးကိုသုံးခြင်းဖြင့် ကြက်များ ရာသီဥတုအပူဒဏ်ကိုပိုခံနိုင်သည်ဟုဆိုလိုခြင်းမဟုတ်ပါ)အပူဒဏ်ခံကြက်လည်လိမ်ရောဂါကာကွယ်ဆေး (Thermos-table Newcastle disease vaccine, I2 Strain )ကို ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်(The University of Queensland)မှ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်သုတေသနပြုထုတ်လုပ်ခဲ့သည်။ Newcastle ရောဂါဗိုင်းရပ်(NDV) အမျိုးအစားများ(ကနဦးတွင် V4 Strain နှင့် နောက်ပိုင်းတွင်I2 Strain)ကို အခြေခံထားပြီး ဒေသတွင်းတွင်ထုတ်လုပ်နိုင်ကာ ရေခဲသေတ္တာစနစ်(cold chain) ကို အပြည့်အဝမှီခိုရန်မလိုအပ်ပေ။ V4 Strain သည် ၁၉၆၆ ခုနှစ်တွင်(isolation) ခွဲထုတ်ရရှိခဲ့သော ရောဂါမဖြစ်စေနိုင်သည့်အူလမ်းကြောင်းဆိုင်ရာ NDV အမျိုးအစားဖြစ်သည်။ I2 Strain သည်Newcastle ရောဂါဗိုင်းရပ်(NDV)၏  ရောဂါမဖြစ်စေသော (avirulent)တစ်ခုဖြစ်ပြီး ၎င်း၏ကိုယ်ခံအားတုံ့ပြန်မှုဖြစ်စေနိုင်စွမ်း(antigenicity)နှင့်   အပူဒဏ်ခံနိုင်မှု (thermostability) တို့ကြောင့်ရွေးချယ်ထားသော မျိုးစိတ်ဖြစ်သည်။ ဤကာကွယ်ဆေးများကို  ဖွံ့ဖြိုးဆဲအပူပိုင်းနိုင်ငံများစွာတွင် အဓိကအသုံးပြုလျက်ရှိသည်။ အပူဒဏ်ခံနိုင်သော်လည်း I2 ကာကွယ်ဆေးကို အတတ်နိုင်ဆုံးအေးမြသောနေရာတွင်သိုလှောင်ထားရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်  I2 Strain Newcastle ရောဂါကာကွယ်ဆေးကို   ၁၉၉၈   ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင်

နိုင်ငံတစ်ဝန်းလုံးဆိုင်ရာကာကွယ်ဆေးအသုံးပြုခြင်းလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။ကြက်သန္ဓေသားလောင်းပါသောကြက်ဥတွင် လည်လိမ်ရောဂါပိုးအမျိုးအစား I2 Strain  ဗိုင်းရပ်ပိုးအရှင်ကိုပေါက်ပွားစေ၍အရည်ပုံစံ(Wet form) ထုတ်လုပ်ထားသည့်ကာကွယ်ဆေးဖြစ်သည်။ အရည်ပုံစံ(Wet form) ကာကွယ်ဆေးသည် အခန်းအပူချိန် ၂၂-၂၈ ဒီဂရီစင်တီဂရိတ်တွင် တစ်ပတ်ကြာအထားခံနိုင်သည်။ ကြာရှည်စွာသိမ်းဆည်းလိုပါက ၂-၄ ဒီဂရီစင်တီဂရိတ်ရှိသော   ရေခဲသေတ္တာအတွင်းသိမ်းဆည်းနိုင်သည်။

ကြက်အသက် ၁၀ ရက်သားမှ အသက်အရွယ်အမျိုးမျိုးအထိ  ကြက်များအားမျက်စဉ်းခတ်ပေးရန်ဖြစ်သည်။ ဆေးအဆ ၂၀၀ ပါသော ကာကွယ်ဆေးရည်တစ်ပုလင်းကို ကြက်တစ်ကောင်လျှင်တစ်စက်နှုန်း၊ ပထမအကြိမ်မျက်စဉ်းခတ်ပြီး နှစ်ပတ်အကြာတွင် ဒုတိယအကြိမ်အားဖြည့်ပေးခြင်း (Booster) ဖြင့် ရောဂါဆိုင်ရာခုခံအား လေးလအပြည့်ရရှိမည်ဖြစ်သည်။ Booster အသုံးမပြုနိုင်ပါက သုံးလတစ်ကြိမ် ပုံမှန်မျက်စဉ်းခတ်ပေးရမည်။  တစ်နှစ် လေးကြိမ်ခတ်ပေးခြင်းဖြင့် ကြက်များတွင်သေဆုံးမှုအများဆုံးဖြစ်သည့် ကြက်လည်လိမ်ရောဂါဘေးမှကာကွယ်နိုင်မည်ဖြစ်သည်။  ကာကွယ်ဆေးအသုံးပြုရာတွင် ရောဂါခုခံအားဓာတ်အပြည့်အဝရရှိရေးအတွက်ကာကွယ်ဆေးကိုရေခဲဘူးဖြင့်သယ်ဆောင်ခြင်း၊ ကာကွယ်ဆေးပုလင်းဖွင့်ပြီး တစ်နာရီအတွင်း အသုံးပြုရခြင်းများကိုလုပ်ဆောင်သင့်ပါသည်။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေရန်လိုအပ်သည်။  

စီးပွားဖြစ်ကြက်ခြံများ၌ ကာကွယ်ဆေးထိုးနှံခြင်း  လွှမ်းခြုံမှုနှုန်းကောင်းသော်လည်း တစ်နိုင်တစ်ပိုင်မွေးမြူရေးခြံများ၌ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုနှုန်းအားနည်းသည်။ ကျေးလက်ဒေသများတွင်တိုင်းရင်းကြက်ကို သဘာဝပတ်ဝန်းကျင်တွင် လွှတ်မွေးမြူခြင်း  (Free- range)ကိုသာအများဆုံးလုပ်ကိုင်ကြသည်။ ရောဂါကာကွယ်မှု  အားနည်းခြင်းတို့ကြောင့် ထုတ်လုပ်မှုနည်းပါးနိုင်သည်။ သို့ဖြစ်၍ တိုင်းရင်းကြက်မွေးမြူရေးတွင် ကြုံတွေ့ရသည့် ကပ်ရောဂါအသွင်ဖြစ်ပွားလေ့ရှိသောကြက်လည်လိမ်ရောဂါကို I2 ကာကွယ်ဆေးသုံးခြင်းဖြင့် တိုင်းရင်းကြက်မွေးမြူမှုဖွံ့ဖြိုးတိုးတက်လာစေရန်   ရည်ရွယ်၍ ရေးသားလိုက်ရပေသည်။        ။ 

Source: https://myawady.net.mm/stories