သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ

Posted_Date

Image

သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ

Body

ယမန်နေ့မှအဆက်

အီးအမ်မြေဆွေးသည် အကျိုးပြုအဏုဇီဝသက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြုလုပ်၍ရရှိသော မြေဆွေးဖြစ်သည်။ အီးအမ်မြေဆွေးပုံပြုလုပ်ရန်အတွက် ပထမဦးစွာ အသင့်သုံးအီးအမ်ဖျော်ရည်ပြုလုပ်ရမည်ဖြစ်သည်။ အသင့်သုံးအီးအမ်ဖျော်ရည်ရရှိရန်အတွက် အီးအမ်အပြင်း တစ်ဆ၊ တင်လဲရည် လေးဆ အား ရေ ၉၅ ဆ ဖြင့် ရောစပ်ရမည်။ ယင်းတို့ကိုရောစပ်ပြီး သမအောင်လှုပ်ပေးပြီးနောက်  လေလုံအောင် ပိတ်ထားရမည်။ ရောစပ်ပြီး သုံးရက်အကြာတွင် မူလအမည်းရောင်မှ အဝါရောင်သို့ ပြောင်းသွားမည်။ အဝါရောင်ပြောင်းပြီး ခုနစ်ရက်မှ   ၁၀  ရက်အတွင်း  သုံးစွဲရမည်ဖြစ်သည်။

အီးအမ်မြေဆွေးပြုပုံအဆင့်ဆင့်မှာ-

(က)   ဖျော်စပ်ထားသည့် အသင့်သုံးအီးအမ်ဖျော်ရည် တစ်ဆ (တစ်လီတာ) + တင်လဲရည် တစ်ဆ (တစ်လီတာ) + ရေ ၉၈ ဆ ( ၂၀ ဂါလန်)တို့ကို ရောစပ်ဖျော်၍ မြေဆွေးပုံပြုလုပ်ရာတွင် အသုံးပြုရမည်။ လယ်ယာစွန့်ပစ်ပစ္စည်းများအား ၎င်းအရည်တွင် စိမ်နှစ်၍ ဆယ်ယူစုပုံပေးပါ။ သို့မဟုတ် လယ်ယာစွန့်ပစ်ပစ္စည်းများအား အလျား ၆ ပေ၊ အနံ ၃ ပေ၊ ထု ၆ လက်မခန့် တစ်လွှာပြုလုပ်ပါ။  ၆ လက်မ အထူရရှိရန် ဖြန့်ခင်းပြီး သိပ်သည်းမှုရှိစေရန် လူဖြင့်နင်းရမည်။

(ခ)     ထို့နောက် နွားချေး ရှစ်ပြည် ဖြူးပေးပြီး မြေဆွေးပြုလုပ်ရန် ဖျော်စပ်ထားသည့် အီးအမ်ဖျော်ရည် ၃ ဂါလန်ခန့်ကို နှံ့စပ်စွာဖျန်းပေးပါ။

(ဂ)     ဤနည်းစဉ်အတိုင်း အလွှာခြောက်လွှာပြုလုပ်ပြီး မြေဆွေးပုံအမြင့် ၃ ပေခန့်အထိပြုလုပ်ပါ။

(ဃ)   ထို့နောက် မြေဆွေးပုံအတွင်း ရေမဝင်စေရန်နှင့် အပုံအား အခြားလူ/တိရစ္ဆာန် ဖျက်ဆီးမှုမဖြစ်စေရန်အတွက် ပလတ်စတစ် သို့မဟုတ် အခြားစွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လေလုံအောင်ဖုံးပေးရမည်။

(င)     ခုနစ်ရက်မှ  ၁၀ ရက်အတွင်း တစ်ဝက်တစ်ပျက်ဆွေးမြည့်စပြုချိန်တွင် သီးနှံစိုက်ခင်းပြုပြင်ချိန်၌ ထည့်သွင်းသုံးစွဲနိုင်သည်။ နှစ်ရှည်ပင်၊  ဟင်းသီးဟင်းရွက်နှင့်   ဥယျာဉ်ခြံသီးနှံပင်များတွင်  အစိုဓာတ်ရှိချိန်၌ ထည့်သွင်း၍  မြေဖုံးပြုလုပ်ပေးနိုင်သည်။

(ခ) ဒိုချက်ကင်(Dochakin) သဘာဝမြေဩဇာပြုလုပ်ခြင်း

သဘာဝသစ်တောမြေများသည် အဏုဇီဝသက်ရှိပါဝင်မှုများသောကြောင့် မြေဆီဩဇာထက်သန်သော မြေများဖြစ်သည်။ မိမိတို့ ဒေသအတွင်းရှိ သဘာဝသစ်တောမြေ၊  ဝါးရုံတောမြေများတွင်ပါဝင်နေသည့်  အဏုဇီဝပိုးများကို   မွေးမြူပွားများပြီး  စိုက်ခင်းတွင်ပြန်လည်အသုံးပြုနိုင်သော  အဏုဇီဝမြေဩဇာကို  ဂျပန်ဘာသာဖြင့် ဒိုချက်ကင်ဟု  ခေါ်ဆိုကြခြင်းဖြစ်သည်။ အဏုဇီဝသက်ရှိများကို မွေးမြူရာတွင် သာမန်သစ်ပင်များထက် ဝါးရုံပင်အောက်နှင့်  ထူထပ်စွာပေါက်ရောက်နေသည့် သစ်တောသစ်ပင်အောက်များရှိ အဏုဇီဝများဖြင့် ပြုလုပ်ပါက ပိုမိုကောင်းမွန်သော ဒိုချက်ကင်ကို ရရှိမည်ဖြစ်သည်။

ဒိုချက်ကင်ကိုအသုံးပြုခြင်းအားဖြင့် မြေဆီလွှာအတွင်းရှိ မဆွေးမြည့်သောအပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီး အပင်အတွက် အာဟာရဓာတ်အဖြစ်ပြောင်းလဲရရှိစေခြင်း၊ မြေဆီလွှာအတွင်း လေဝင်လေထွက်၊ ရေဝင်ရေထွက်ကောင်းမွန်စေပြီး သီးနှံများကောင်းစွာဖွံ့ဖြိုးကြီးထွားစေခြင်း၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဝက်ချေးများတွင် ရောဂါ/ပိုးမွှားများ ပါဝင်လာပါက  မြေဆွေးပုံပြုလုပ်စဉ်  အပူချိန်ကြောင့် နှိမ်နင်းပြီး ဖြစ်သဖြင့်   ရောဂါ/ပိုးမွှားကင်းစင်သော  သဘာဝမြေဩဇာကောင်းများရရှိစေခြင်း၊    အာဟာရဓာတ်နည်းပါးစေပြီး  စေးလွန်းသော/ ကြမ်းလွန်းသောမြေများကိုကောင်းမွန်စေပြီး      အာဟာရဓာတ်ထက်သန်လာစေခြင်း   စသည့်အကျိုးကျေးဇူးများကို   ရရှိစေနိုင်သည်။

ဒိုချက်ကင်ပြုလုပ်ရာတွင် ပထမအဆင့်တွင် ဒိုချက်ကင်အဏုဇီဝမွေးမြူရမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ဒိုချက်ကင်သဘာဝမြေဩဇာပြုလုပ်ရမည် ဖြစ်သည်။

ဒိုချက်ကင်အဏုဇီဝမွေးခြင်း

လိုအပ်သောပစ္စည်းများ-

(၁) ဝါးရုံတောမြေ / သစ်တောမြေဆွေး

(၂) တင်လဲရည် (သို့) ထန်းလျက်

(၃) ဖွဲနု

(၄) နွားချေး၊ ဝက်ချေး၊ ကြက်ချေး

(၅) ကောက်ရိုး၊ ပေါင်းမြက်များ

(၆) စပါးခွံ

ဒိုချက်ကင်မွေးမြူရန် ဝါးရုံပင်(သို့)သစ်ပင်အောက်များတွင် လူတို့ မီးမရှို့၊ ပြုပြင်ခြင်းမရှိ၊ တူးဆွထားခြင်းမရှိသည့်နေရာမှ အကျယ် ၃ ပေ ရှိသည့်နေရာမှ  အပေါ်ယံမြေသား ၅-၆ လက်မကို တူးဆွခြေမွရမည်။ ဖွဲနု တစ်ပြည်ခန့်ကို တူးဆွထားသည့် မြေများနှင့် ရောစပ်ရမည်။ တင်လဲရည်  တစ်ပုလင်း( ထန်းလျက် ၅၀ ကျပ်သား)အား ရေ ၃ ဂါလန်ဖြင့် ရော၍ဖျော်ပါ။ ထို့နောက် ဖွဲနုနှင့်မြေရောစပ်ထားသည့် အပုံပေါ်သို့ တင်လဲရည်ဖျန်းပြီး မွှေပေးရမည်။ ရေအား လိုအပ်သလိုဖျန်းပေးနိုင်ပြီး ရေနည်းလွန်းခြင်း၊ များလွန်းခြင်းမဖြစ်စေရပါ။ ရောစပ်ထားသည့်ဖွဲနုနှင့် မြေအရောအပေါ်တွင် သစ်ရွက်ခြောက်(သို့)ဝါးရွက်ခြောက်များနှင့် ဖုံးထားပြီး အပေါ်မှ မြွေရေခွံအိတ်များဖြင့် ထပ်မံဖုံး၍ သုံးညအိပ်ထားရမည်။  လေးရက်မြောက်သောနေ့တွင် အနံ့သင်းသောအဖြူရောင်မှိုမျှင်များတွေ့ရှိရမည်ဖြစ်ပြီး ၎င်းမြေများကို ဒိုချက်ကင်အဖြစ် အိတ်များဖြင့် စုဆောင်းသိမ်းဆည်းထားပြီး လိုအပ်သလိုအသုံးပြုနိုင်သည်။ ရရှိလာသော ဒိုချက်ကင်အဏုဇီဝအား စိုက်ခင်းတွင် ပမာဏအများအပြားအသုံးပြုလိုပါက ဒိုချက်ကင်အသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ပြီး သုံးစွဲနိုင်သော်လည်း ဒိုချက်ကင်အဏုဇီဝမွေးမြူပြီး တစ်ပတ်အတွင်း‌ပြုလုပ်ရန်လိုအပ်သည်။

ဒိုချက်ကင်အသုံးပြု၍ သဘာဝမြေဩဇာပြုလုပ်ခြင်း

ဒိုချက်ကင်သဘာဝမြေဩဇာပုံပြုလုပ်မည့် နေရာအား ညီညာပြန့်ပြူးပြီး အရိပ်ရ၍ ရေမဝပ်သောနေရာတွင် ရွေးချယ်ပြုလုပ်သင့်သည်။

(၁)     စပါးခွံကို ၆ ပေပတ်လည်နှင့် ၃ လက်မအထူရအောင်ဖြန့်ခင်း၍ ရေဖျန်းပေးပါ။

(၂)     ထို့နောက် ကောက်ရိုး/သီးနှံအကြွင်းအကျန်များကို ၆ လက်မ ခန့် ဖြန့်ခင်း၍ သိပ်သည်းစေရန် လူဖြင့်နင်းပါ။

(၃)     ယင်းအပေါ်မှ နွားချေး/ကြက်ချေး/ဝက်ချေး တိရစ္ဆာန်ချေးများကို ၆ လက်မ ဖြန့်ခင်းပါ။

(၄)     ယင်းနောက် ဒိုချက်ကင်များကို ပါးပါးဖြူးပေးပါ။

(၅)     အလွှာတစ်လွှာခင်းပြီးတိုင်း အစိုဓာတ်ရရှိစေရန် ရေဖျန်းပေးပါ။

(၆)     စပါးခွံ၊ ကောက်ရိုးနှင့် နွားချေးအလွှာများသည် တစ်ထပ်ဖြစ်သည်။ အဆိုပါနည်းအတိုင်း အထပ် လေးထပ်၊ အမြင့် ၄ ပေခန့်ရှိသည့် မြေဆွေးပုံရရှိလာပါက အပေါ်ဆုံးမှ စပါးခွံများဖြင့် ဖုံးအုပ်ပေးပါ။

(၇)     မြေဆွေးပုံအား အစိုဓာတ်လိုအပ်ပါက ရေထပ်မံဖျန်းပေးရန် လိုအပ်သည်။

(၈)     ၃-၄ ပတ်ကြာလျှင် အတွင်းအပြင်သမစေရန်အပုံပြောင်းပြီး ရေဖျန်းပေးပါ။  ပထမအကြိမ် အပုံပြောင်းပြီး နှစ်ပတ်ကြာလျှင် ထပ်မံ၍ အပုံပြောင်းပေးရမည်။

(၉)     ဒိုချက်ကင်မြေဆွေးပြုလုပ်ပြီး နှစ်လအကြာတွင် စိုက်ခင်းအတွင်း အသုံးပြုနိုင်သော သဘာဝမြေဩဇာရရှိနိုင်ပြီဖြစ်သည်။

(၃) အဏုဇီဝအားဖြည့်စာများဖြင့်ပြုလုပ်နည်း (ME: Microbe Enhancer Technology)

(က) စပါးခွံမီးသွေး

လယ်ယာသီးနှံများရိတ်သိမ်းပြီးနောက် စိုက်ပျိုးထွက်ရှိလာသည့် လယ်ယာစွန့်ပစ်ပစ္စည်းများ (စပါးခွံ၊ ပြောင်းရိုး၊ နှမ်းရိုး၊ နေကြာရိုး၊ ပဲခွံ) များအား မီးသွေးပြုလုပ်၍ သဘာဝမြေဩဇာအဖြစ် အသုံးပြုခြင်းအားဖြင့် အပင်ကြီးထွားမှုကောင်းစေပြီး သီးနှံအထွက်နှုန်းကိုတိုးတက်စေကြောင်းကို ဂျပန်နိုင်ငံအစိုးရမဟုတ်သော စိမ်းလန်းမြေအဖွဲ့မှ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတွင်   စမ်းသပ်ခဲ့သော   နည်းပညာတစ်ခုဖြစ်သည်။ လယ်ယာစွန့်ပစ်ကုန်ကြမ်းများ၊ စပါးခွံများပြားစွာရရှိနိုင်သောဒေသများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သောနည်းပညာတစ်ခု ဖြစ်သည်။

စပါးခွံမီးသွေးပြုလုပ်ခြင်း

(၁)     ၁၀ 5  ၁၀ 5  ၁၅ လက်မ အရွယ်ခန့်ရှိ အပေါက်ငယ်ဖောက်ထားသော  လေးထောင့်သံပုံးငယ်ကို ခေါင်းတိုင်တစ်ခုတပ်ဆင်ပါ။ ခေါင်းတိုင်သည် ချွတ်နိုင်တပ်နိုင်သော အနေအထားဖြစ်ရမည်။

(၂)     သံပုံးပေါ်တွင် စပါးခွံများကို စုပုံပါ။

(၃)     ထိုပုံးထဲသို့ လောင်စာအဖြစ် စက္ကူစများထည့်ပါ။

(၄)     စက္ကူစများကို မီးရှို့ပြီးနောက် ခေါင်းတိုင်ကို ပြန်ဖုံးပေးပါ။

(၅)     လိုအပ်ပါက ဂေါ်ပြားဖြင့် နှစ်ကြိမ်မှ သုံးကြိမ်ခန့် လှန်ပေးပါ။

(၆)     အပေါ်ယံအထိမည်းလာပါက ရေလောင်းပေးပြီး မီးငြှိမ်းသတ်ကာ စပါးခွံဖွဲပြာပုံကိုအအေးခံ၍ စိုက်ခင်းထဲသို့ အသုံးပြုနိုင်သည်။

စပါးခွံမီးသွေးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ-

(၁)     မြေချဉ်ငန်ဓာတ်ကိုထိန်းညှိပြီး ရေထိန်းစွမ်းအားကိုကောင်းစေခြင်း

(၂)     မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိကောင်းလာစေခြင်း

(၃)     ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း

(၄)     မြေဆီလွှာအတွင်းကာဗွန်ပမာဏတိုးမြင့်စေပြီးပိုတက်စီယမ်၊မဂ္ဂနိနှင့် အနည်းလိုအာဟာရဓာတ် များရရှိစေခြင်း

(၅)     မြေဆီလွှာအတွင်း အာဟာရဓာတ်များရွေ့လျားပျောက်ဆုံးခြင်းမှ ကာကွယ်ပေးခြင်း

(၆)     မြေဆီလွှာမှထွက်သောအနံ့ဆိုးများနှင့် လေထုပတ်ဝန်းကျင်ကို သန့်ရှင်းစေခြင်းတို့ဖြစ်သည်။

(ခ) ငါးအမိုင်နိုအက်စစ်

ငါးအမိုင်နိုအက်စစ်သည် နိုက်ထရိုဂျင်ရရှိရန် အရင်းအမြစ်တစ်ခုဖြစ်ပြီး   သီးနှံပင်များကြီးထွားဖွံ့ဖြိုးရန်အတွက်  အပင်အာဟာရဓာတ်အမြောက်အမြား   ပါဝင်သည်။  ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်း အဆင့်ဆင့်မှာ-

(၁)     ငါးအမိုင်နိုအက်စစ်ပြုလုပ်ရာတွင် ငါးအစို/ ငါးဘေးထွက်ပစ္စည်းများ တစ်ပိဿာအား ရေပြောင်အောင်ဆေး၍ ထုခြေပြီး မြေအိုး သို့မဟုတ် ပလတ်စတစ်ပုံးထဲထည့်ပါ။

(၂)     တင်လဲရည်  သို့မဟုတ် ထန်းလျက် တစ်ပိဿာအားထည့်ပေးပါ။

(၃)     ငါးနှင့်တင်လဲရည်တို့သည် ပုံမှာပြထားသည့်အတိုင်းဖြစ်ရမည်။ အိုး၏ သုံးပုံနှစ်ပုံခန့်ရှိရမည်။

(၄)     အိုးအား လေလုံအောင် စက္ကူဖြင့်ပိတ်၍ ကြိုးဖြင့်ချည်ပါ။

(၅)     နေရောင်တိုက်ရိုက်မကျသည့် အေး၍ခြောက်သွေ့သောနေရာ တွင်ထားပါ။ တစ်လပြည့်လျှင် ငါးအမိုင်နိုအက်စစ်အားရရှိပြီ ဖြစ်သည်။

(၆)     ရရှိလာသည့် ငါးအမိုင်နိုအက်စစ်  တစ်ဆလျှင် ရေ အဆ ၁၀၀၀နှင့်ရော၍ တစ်ပတ်လျှင် တစ်ကြိမ်ဖျန်းပက်နိုင်သည်။

ငါးအမိုင်နိုအက်စစ်အသုံးပြုပုံ

(က)   ငါးအမိုင်နိုအက်စစ်အား ရွက်ဖျန်းဆေးအဖြစ် အသုံးပြုရာတွင် ငါးအမိုင်နိုအက်စစ် တစ်ဆလျှင် ရေအဆ ၁၀၀၀  နှင့်ရော၍ အသုံးပြုပါ။

(ခ)     ခုနစ်ရက်ခြားတစ်ကြိမ် အပင်ကြီးထွားချိန်တွင် အသုံးပြုပါ။

(ဂ)     သီးနှံပင်၏ အရွက်ပေါ် သို့မဟုတ် မြေပေါ်သို့ ပက်ဖျန်းနိုင်သည်။

(ဃ)   ငါးအမိုင်နိုအက်စစ်ကို ရေနှင့်မရောဘဲ တိုက်ရိုက်အပင်ပေါ်ဖျန်းခြင်း/အပင်ခြေတွင်ပုံပါက အပင်ညှိုးခြောက်နိုင်သည်။

(င)     ငါးအမိုင်နိုအက်စစ်ကို သဘာဝမြေဩဇာပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

(စ)     ငါးအမိုင်နိုအက်စစ်အသုံးပြုရာတွင်  သက်ရှိများလှုပ်ရှားမှုအကောင်းဆုံးအချိန်ဖြစ်သည့် နံနက်အစောနှင့် ညနေပိုင်းအချိန်တွင် ပက်ဖျန်းသင့်သည်။

(ဆ)   မျိုးစေ့/ပျိုးပင်များ သို့မဟုတ် မျိုးစေ့စိမ်ရာတွင်လည်း အသုံးပြုနိုင်သည်။

(ဈ)    ငါးအမိုင်နိုအက်စစ်ကို သီးနှံပင်များ သီးပွင့်ချိန်တွင် အသုံးမပြုသင့်ပါ။ အသုံးပြုရာတွင် ရောစပ်မည့် ရေအဆမှန်ကန်ရန်လိုအပ်ပြီး ရေအဆနည်းပါက အပင်အရွက်များ ဝါလာနိုင်သည်။

(၄) အခြားမြေဆွေးများ

တီကျစ်စာမြေဆွေး

တီကျစ်စာမြေဆွေးဆိုသည်မှာ မြေဆွေးပြုလုပ်ပေးနိုင်သော တီကောင်များအား သစ်ပင်အကြွင်းအကျန်များ၊ သစ်ရွက်များ၊ နွားချေး၊ လယ်ယာစွန့်ပစ်ပစ္စည်းများနှင့်  မီးဖိုချောင်စွန့်ပစ်ဟင်းသီးဟင်းရွက် စသည့် စွန့်ပစ်ပစ္စည်းများကို   အစာအဖြစ်ကျွေးမွေး၍   တီကောင်များမှ ပြန်လည်စွန့်ထုတ်လိုက်သည့်ပစ္စည်းများကို  ခေါ်ဆိုသည်။  ထို့ကြောင့် တီကောင်လေးများကို လူတို့ဖန်တီးပေးထားသည့် ပတ်ဝန်းကျင်တွင် ပွားများစေပြီး မြေဆွေးထုတ်လုပ်ခြင်းဖြင့် တီကျစ်စာမြေဆွေးကို ရရှိစေနိုင်သည်။  တီကျစ်စာမြေဆွေးအား  မြေကျင်းတူး၍ ပလတ်စတစ်ဖြင့် တီမွေးမြူခြင်း၊ အမိုးအကာအောက်တွင် ဝါးကပ်များကာ၍ မြေပေါ်တွင် ပလတ်စတစ်ကန်များပြုလုပ်၍ တီမွေးမြူခြင်း၊ ကွန်ကရစ်ကန်များ သို့မဟုတ် ကွန်ကရစ်အခွေများပြုလုပ်၍ တီမွေးမြူ၍ တီကျစ်စာ  ထုတ်လုပ်နိုင်သည်။   တောင်သူများသည်  မိမိတို့နှင့်သင့်လျော်သည့်   နည်းစနစ်များကိုအသုံးပြု၍  တီကောင်မွေးမြူ၍ တီကျစ်စာမြေဆွေးထုတ်လုပ်နိုင်သည်။

ကွန်ကရစ်ကန်ဖြင့် တီကျစ်စာမြေဆွေးပြုလုပ်နည်း

(၁)     ကြိုက်နှစ်သက်ရာအရွယ်အစားရှိ ကွန်ကရစ်ကန်၏အောက်ခြေတွင် တီကျစ်စွန့်ပစ်ရည်ထုတ်ယူနိုင်ရန် ရေထုတ်ပေါက်ဖောက်ပေးပါ။

(၂)     တီစွန့်ပစ်ရည် အလွယ်တကူစီးဆင်းနိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေလျှောပြုလုပ်ပေးပါ။

(၃)     အောက်ခံတွင် အရည်များစစ်နိုင်ရန် ၁ ဒသမ ၅ လက်မကျောက် သို့မဟုတ် အုတ်ကျိုးတစ်ထပ်ခင်းပေးပါ။

(၄)     ၎င်းအပေါ်မှ နွားချေး ၆  လက်မခန့်  ထုရအောင်ထည့်ပေးပါ။ ထို့နောက် သီးနှံအကြွင်းအကျန်များ၊ အရွက်များစင်းထားသော ငှက်ပျောအူ၊ ဗေဒါ စသောအစာစိမ်းများ၊ မြက်များ၊ ပေါင်းပင်များကိုစုစည်းပြီး ၈-၁၀ လက်မခန့်ထည့်ပေးပါ။

(၅)     ၎င်းအလွှာများပေါ်မှ ကောင်းစွာဆွေးသော နွားချေးဆွေးကို ၆ လက်မအလွှာခန့်ရအောင်ဖြန့်ထည့်ပြီး အရွက်များကို ၄-၆ လက်မခန့်ထည့်ပေးပါ။

(၆)     တီကောင်များကိုထည့်ပေးပါ။

(၇)     အစိုဓာတ်မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးပါ။

(၈)     အပေါ်မှ ဂုန်နီအိတ်ခွံဟောင်း၊ ဓနိရွက်များ၊ အုန်းလက်များ၊ သက်ငယ်ရွက်များဖြင့် ဖုံးအုပ်ပေးပါ။

(၉)     သစ်ရွက်ပေါင်းမြက်စွန့်ပစ်ပစ္စည်းများအား နှစ်ပတ်လျှင်တစ်ခါဖြည့်တင်းပေးရမည်။

(၁၀)  သုံးလကြာမြင့်ပြီးနောက် အညိုရောင်တီကျစ်စာမြေဆွေးကို ရရှိနိုင်မည်ဖြစ်သည်။

(၁၁)   တီကောင်စွန့်ပစ်မြေဆွေးပြုလုပ်ရန်မြေဆွေးကန်အား ရေ ၂-၃ ရက်ဖြတ်ရမည်။

(၁၂)   တီကောင်များသည် ကန်အောက်ရှိ အစိုဓာတ်ရှိသည့်နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။

(၁၃)   အပေါ်ယံမြေဆွေးများအား   ဖယ်ထုတ်ပြီး   နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။

တီစွန့်ပစ်ထုတ်ယူသုံးစွဲခြင်း

တီကျစ်စာမြေဆွေးထုတ်လုပ်သည့် ကန်၏အောက်ခြေတွင် ၁ ပေခန့်ရှိသည့် ပလတ်စတစ် သို့မဟုတ် ပြွန်တစ်ချောင်း တပ်ဆင်ထားရမည်။ အဆိုပါပိုက်သည် ကန်အတွင်းထိုးသွင်းရာ ၎င်းဘေးပတ်လည်မှ တီကျစ်စာမြေဆွေးအရည်များ ပြင်ပသို့မထွက်စေရန်အတွက် သေချာစွာ ဖိကပ်ထားပြီး ထွက်ရှိလာသည့် တီအရည်များအား ပလတ်စတစ်ပုံးများဖြင့် စုဆောင်းထားရှိပြီး စိုက်ခင်းအတွင်း အသုံးပြုနိုင်သည်။ တီကောင်စွန့်ပစ်ရည်သည် တီမွေးမြူပြီး သုံးပတ်ခန့်အကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန်သည်။ တီကျစ်စွန့်ပစ်ရည်အား တီကျစ် စွန့်ပစ်ရည် တစ်ဆလျှင် ရေ ၅-၁၀ ဆနှင့်ရော၍ ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ခင်းများတွင် အသုံးပြုနိုင်သည်။

တီကျစ်စာမြေဆွေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ

(က) သစ်ပင်သီးနှံများအတွက် အပင်အာဟာရဓာတ်စုံပါဝင်သော သဘာဝမြေဩဇာဖြစ်ခြင်း

(ခ)     မြေချဉ်ငန်ဓာတ်မျှတပြီး မြေဆီလွှာဖွဲ့စည်းမှုကိုပြုပြင်ပေးနိုင်ခြင်း

(ဂ)     အပင်ရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း

(ဃ) အပင်ကြီးထွားမှုကိုလှုံ့ဆော်ပေးနိုင်သော ဓာတ်ပစ္စည်းများ၊ အင်ဇိုင်းများပါဝင်ခြင်း

(င)     တီကျစ်စာမြေဆွေးသည် ရိုးရိုးမြေဆွေးထက် နိုက်ထရိုဂျင် ၅ ဆ၊ ပိုတက်စီယမ် ၁၀ ဆ၊ ဖော့စဖိတ် ၃ ဆ မှ ၅ ဆ၊ မဂ္ဂနီဆီယမ် ၃ ဆ၊ ကယ်လစီယမ် ၁ ဒသမ ၅ ဆ ပိုမိုပါဝင်ခြင်းတို့ဖြစ်သည်။  

 

 

MWD Web Portal