လွန်ခဲ့သော ၇၈ နှစ်။ မြန်မာ့သမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်မည့် ပင်လုံညီလာခံကြီးကို သုံးရက်ကြာမျှ ဆွေးနွေးတိုင်ပင်ပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာပြည်နှင့် တောင်တန်းနယ်များပူးပေါင်းရေး အခြေခံသဘောတူညီချက်ရရှိသည့် အထိမ်းအမှတ်အဖြစ် ညစာစားပွဲကို ကျင်းပခဲ့ကြသည်။
ညစာစားပွဲတွင် တောင်ပိုင်းစော်ဘွားကြီးက “ယနေ့ညဟာ နေ့ကောင်းနေ့မြတ်ဖြစ်တဲ့ညပါပဲ။ ယခုဒုတိယအကြိမ်မြောက် ပင်လုံအစည်းအဝေးကြီးမှာ ရာဇဝင်တွင်မကြုံဖူးသော အစည်းအဝေးကြီး ဖြစ်ပါတယ်။ ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားတို့အချင်းချင်း အထင်မှား သဘော ကွဲလွဲချက်များရှိသော်လည်း ယခုတော့ ထိုသဘောကွဲလွဲချက်များမရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်သားများအားလုံး ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ။
လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်
“ဒီအစည်းအဝေးကြီးမှာ ကျွန်တော်တို့အချင်းချင်းတွေ သွေးကွဲအောင် ခြေထိုးသူတွေရှိကြောင်းကို သိပါတယ်။ သူတို့ရှိပေမယ့် ကျွန်တော်တို့ (မအ) ပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာယုံကြည်ပါ။ ချုပ်ချယ်တဲ့စနစ်ကြောင့်သာ ကျွန်တော်တို့ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတာပါ။ ရှေ့အဖို့ လွတ်လပ်တဲ့အခါမှာ အခြား လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်ပါတယ်။ ယခု နယ်ရှင် စော်ဘွားများဟာ အရင်ကလို မဟုတ်တော့ပါဘူး။ တိုင်းပြည်ကိုယ်စားလှယ်တော်များနှင့် တန်းတူ ပူးပေါင်းကာ ဆောင်ရွက်ကြပါတော့မယ်။
“အထူးအားဖြင့် ဗိုလ်ချုပ် ဦးအောင်ဆန်း ကြွရောက်လာပြီး ညီညီညွတ်ညွတ်ဖြစ်အောင် ဆောင်ရွက်ပေးတာကိုလည်း အလွန်ပဲကျေးဇူးတင်ဝမ်းမြောက်ကြပါတယ်။ ရှေ့အဖို့မှာ ဗိုလ်ချုပ် ဦးအောင်ဆန်း၏ အလိုဆန္ဒအတိုင်း တစ်သွေးတစ်သားတည်း ညီညွတ်ကြမည်ကို ယုံကြည်စေလိုပါတယ်”ဟု ပြောကြားခဲ့ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ယခုအစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီကိုရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုပဲရှိပါတယ်။ ဘာလဲဆိုရင် မြန်မာပြည် လွတ်လပ်စေချင်တယ်။ ညီညွတ်စေချင်တယ်။ ကြီးပွားစေချင်တယ်။ ဒီဟာပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ကြိုးစားလာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ် တဲ့ကိစ္စပြီးပြတ်သည်အထိ ကြိုးစားပါမယ်။
“တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့အခြေမျိုး မရနိုင်ကြပါဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆိုတဲ့ အချက်ပါပဲ။
“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်မယ်” စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင်မူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များသည် ရာဇဝင်တွင်မည့် “ပင်လုံစာချုပ်”ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် နေရာတည့်တည့်ပေါ်တွင် အမှတ်တရမော်ကွန်း ကျောက်တိုင် စိုက်ထူရန်လည်း ဆုံးဖြတ်ခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌအဖြစ် ငွေတစ်ထောင် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာပြည်အား မလွဲမသွေ လွတ်လပ်ရေးပေးရတော့မည်ကို ရိပ်စား မိ၍ တောင်တန်းဒေသများကို ချန်လှပ်ထားနိုင်ရန် အမျိုးမျိုးကြိုးစားခဲ့ကြလေသည်။ မြန်မာပြည်မအား လွတ်လပ်ရေးပေးရသော်လည်း တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ်ထားနိုင်လျှင် ဗြိတိသျှ နယ်ချဲ့သမားသည် လွတ်လပ်ခါစ မြန်မာနိုင်ငံကို မိမိတို့စိတ်တိုင်းကျ ကြိုးကိုင်နိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် တောင်တန်းဒေသများ မပါသော မြန်မာပြည်လွတ်လပ်ရေးသည် ပြီးပြည့်စုံ သော လွတ်လပ်ရေးဖြစ်မည် မဟုတ်ချေ။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရဖွဲ့ပြီးနောက်တွင် တောင်တန်းဒေသများပါမကျန် မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေးရရှိရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားသို့လည်းကောင်း၊ ကရင်နီပြည်နယ် (ယခုကယားပြည်နယ်) လွိုင်ကော်မြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့လည်းကောင်း မနားမနေ သွားရောက်၍ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ရလေသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နှင့် ၅ မိုင်ဝေးသော (မန်ခင်ရွာ) စာသင်ကျောင်းဝင်းအတွင်း ဂျင်းဖောအမျိုးသားတို့၏ ဧည့်ခံပွဲ၌ ဗိုလ်ချုပ်က “ကျွန်တော်သည် ဂျင်းဖောအမျိုးသားများအား မေတ္တာရှိ၍ သွေးသားရင်းချာကဲ့သို့ သဘောထားပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်များကို မေးမြန်းစုံစမ်းကြည့်ပါက သိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်းတို့အပေါ်၌ ရင်းချာသောညီအစ်ကိုကဲ့သို့ သဘောထားကြောင်းမှာ အပြောအားဖြင့်သာမဟုတ်၊ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။
တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်
“ကျွန်တော်တို့အစိုးရအဖွဲ့၏ ပေါ်လစီကို ထုတ်ပြန်ကြေညာရာမှာလည်း တောင်တန်းနယ်များတွင် သူ့နယ်နှင့်သူဆိုင်ရာ တိုင်းရင်းသားကိုယ်တိုင်အုပ်ချုပ်၍ မြန်မာပြည်နှင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ကြေညာပြီးဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်ပါပဲ။
“ကျွန်တော်တို့မြန်မာပြည်အစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့၏ ကြီးပွားတိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့ စိတ်တိုင်းကျ လွတ်လပ်ရေးမရသေးတဲ့အတွက် လုပ်ချင်သလောက် မလုပ်ပေးနိုင်ဘဲ ရှိနေရပါသေးတယ်။ ယခုတောင်တန်းနယ်များကို ဘုရင်ခံတစ်ဦးတည်းက တာဝန်ယူအုပ်ချုပ်နေပါတယ်။ ကျွန်တော်တို့ လိုလားချက်က ထိုတောင်တန်းနယ်များဆိုင်ရာ ရှမ်း၊ ဂျင်းဖော၊ ချင်းအမျိုးသားများအား တာဝန်ပေးကာ ဆောင်ရွက်စေရန်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း အင်္ဂလိပ်အစိုးရထံမှာ တောင်းဆိုထားဆဲ ရှိပါတယ်။ ယခုလိုဆောင်ရွက်ချက်သည်ပင် ကျွန်တော်တို့က ဂျင်းဖောစတဲ့ တိုင်းရင်းသားတို့အပေါ်မှာ စေတနာကောင်းထားကြောင်း သက်သေများပင်ဖြစ်ပါတယ်။
“ကရင်အမျိုးသားများနဲ့ ချစ်ခင်ရင်းနှီးတဲ့အတွက် ယခုအစိုးရအဖွဲ့တွင် ဝန်ကြီး ၂ နေရာကိုပင် ပေးထားသည်မှာ အထင်အရှားဖြစ်ကာ အခြားအရေးကြီးတဲ့ကိစ္စများကိုလည်း အကူအညီပေး လျက်ရှိနေပါသေးတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အတွင်း မဝင်ရောက်မီကပင် ကရင်နီနယ်တွင် ဆန်နှင့် ဆား အထူးလိုအပ်စဉ်အခါက ကျွန်တော်တို့ ငွေနှင့် ဝယ်ပြီး ဆန်နှင့်ဆားအမြောက်အမြား ပို့ခဲ့ပါတယ်။
“အထူးသတိပြုစေလိုတဲ့ အချက်တစ်ခုမှာ ကမ္ဘာပေါ်တွင် အရေးပါအရာရောက်နေတဲ့ နိုင်ငံကြီး များပင်လျှင် တစ်ဦးတည်းအပေါင်းအသင်းမရှိဘဲ မနေနိုင်၊ မတည်တံ့နိုင်။ နီးစပ်ရာနိုင်ငံများနှင့် ပူးပေါင်းရေးအတွက် ဆောင်ရွက်ကြိုးစားနေကြရတယ်။ မြန်မာပြည်လည်း နီးစပ်ရာ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ မြန်မာတိုင်းရင်းသားအချင်းချင်းတို့ စည်းလုံး ညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျင်းဖောက တခြား၊ ချင်းက တစ်ဖုံ၊ ရှမ်းက တစ်မျိုး ဆိုသလို အကွဲကွဲအပြားပြားဖြစ်နေလျှင် ဘယ်သူမှအားကိုးရှိမှာမဟုတ်ဘူး။ ယခုလိုဖြစ်ခဲ့လျှင် ဂျင်းဖောတို့အတွက် ပို၍အရေးကြီးတာကိုလည်း သတိပြုကြစေလိုပါတယ်။ ဒါကြောင့် တသီးတခြားနေလျှင် ဘေးအန္တရာယ်မကင်းသည်ကို သတိပြုကြပြီးလျှင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အထူးလိုလားကြစေလိုပါတယ်” စသည်ဖြင့် ပြောကြားခဲ့ပေသည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက်က ညောင်ရွှေစော်ဘွားကြီး၏ စီစဉ်မှုဖြင့် ကျင်းပသော လူထုတရားပွဲကြီးတွင်လည်း ဗိုလ်ချုပ်က “မြန်မာပြည်မှာတော့ မကြာမီလွတ်လပ်ရေးရတော့မယ်။ ရှမ်းပြည်နယ်ကိုတော့ အင်္ဂလိပ်က ခြေကုပ်ထားပြီး အခွင့်ရေးတွေကို သူတို့လက်ထဲမှာထားဖို့ စိတ်ကူးရှိနေကြတယ်။ ကျွန်တော်တို့က ရှမ်းပြည်နယ်ကို လွတ်လပ်စေချင်တယ်။ လွတ်လပ်တယ်ဆိုတာမှာလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံခြားအစိုးရက ချုပ်ချယ်မှုမရှိစေတဲ့ လွတ်လပ်မှု မျိုးကို ဆိုလိုတယ်။ ယခုနှယ်အခါမှာ တိုင်းရင်းသားအချင်းချင်းတွေ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့အချင်းချင်းတွေသာမက အာရှတိုက်တိုင်းပြည်နိုင်ငံများပင် ပေါင်းစု ဖို့ဟာ အရေးကြီးတယ်”စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။
၁၉၄၇ ခုနှစ် မတ် (၄၊ ၅၊ ၆)ရက်နေ့များတွင် ထီးလင်းမြို့၌ ကျင်းပခဲ့သော ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးတွင်လည်း ဗြိတိသျှနယ်ချဲ့ စနစ်အောက်မှ လွတ်မြောက်ရန် ချင်း၊ မြန်မာ အမျိုးသားများ သွေးစည်းညီညွတ်ကာ ဆောင်ရွက်ကြမည်။ ဗြိတိသျှနယ်ချဲ့သမားတို့က မည်သို့ပင် သွေးခွဲစေကာမူ ချင်း၊ မြန်မာအမျိုးသားတို့ စိတ်ဝမ်းမကွဲဘဲ ဆောင်ရွက်ကြမည်။ လွတ်လပ်ပြီးသော မြန်မာပြည်ရိပ်မြုံကြီးတွင် တာဝန်ခွဲဝေလုပ်ကိုင်ကြရာ၌လည်းကောင်း၊ အကျိုးခံစားမှုများ၌လည်းကောင်း ချင်း၊ မြန်မာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်သွားကြမည်ဟူသော အဓိကအချက်ကြီးများကို လေးနက်ယုံကြည်စွာ အဓိဋ္ဌာန်ပြုခဲ့ကြ၏။ ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးကို ဗိုလ်ချုပ်ကိုယ်စား အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် သခင်ဝတင်တို့ တက်ရောက်ခဲ့ကြသည်။
မြစ်ကြီးနားမှအစ ရခိုင်ပါမကျန် မြိတ်မြို့အဆုံး မြန်မာပြည်တစ်ပြည်လုံး ခရီးပြင်းထွက်နေသည့်ကြားမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်အနောက်မြောက်နယ်စပ်ရှိ ချင်းပြည်နယ် (မြောက်ပိုင်း) နှင့် နာဂနယ်များကို မရောက်သေး၍ ‘ဟာ - ချင်းတောင်နဲ့ နာဂ နယ်ကလူတွေနဲ့ တွေ့ဦးမှပဲ။ သူတို့နယ်တွေကို ပစ်ထားရာကျနေပြီ’ဟုဆိုကာ ခရီးစဉ်အတွက် ပြင်ဆင်စီစဉ်ခိုင်းခဲ့သေးသည်။
သို့ရာတွင် ရန်ကုန်ရှိ လုပ်ဖော်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများက ရန်ကုန်မြို့မှာလည်း အရေးတကြီးအလုပ်တွေ ရှိသေးသည်။ မေမြို့ (ယခုပြင်ဦးလွင်) မှာ တောင်တန်းနယ် စုံစမ်းရေးကော်မတီ ရှိသေးသည်။ ခရီးဝေးကြီးကို သီတင်းကျွတ်မှ သွားပါဟု ဝိုင်း၍ဖျက်ကြသောအခါ ဗိုလ်ချုပ်က အလျှော့ပေးရကာ ၁၉၄၇ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ တွင် အထက်ချင်းတွင်းမဟုတ်ဘဲ မေမြို့သို့ နောက်ဆုံးအကြိမ် နယ်လှည့်ခရီးထွက်ခဲ့ရရှာသည်။
လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပုဂ္ဂိုလ်ရေးချစ်ကြည်ရင်းနှီးခင်မင်မှုများသည် ပင်လုံမြေကို သက်သေတည်၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရပါမည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်များက အသည်းစွဲချစ်ခင်လေးစားခဲ့ကြခြင်းမှာ ဗိုလ်ချုပ်၏ ရိုးသားပွင့်လင်းမှုနှင့် တောင်ပေါ်မြေပြန့်မကျန် ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေးရယူလိုသည့် သူ၏စေတနာတို့ကြောင့်ဖြစ်သည်။
ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောစံဖိုးသင် (လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး) ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉ ရက်တွင် ခရီးလွန်နေ၍ အသက်ဘေးမှ သီသီကလေး လွတ်သွားရသော်လည်း သူ၏ချစ်မိတ်ဆွေကြီး ဗိုလ်ချုပ်နှင့် လည်ပင်းဖက်၍ မသေလိုက်ရသည်ကို ဝမ်းနည်းမဆုံးဖြစ်ရသည်ဟု ဆိုပါသည်။
“ကျွန်တော့်ကိုယ်စား ဦးအုန်းမောင် ဝင်ခံရခြင်းနှင့် ကျွန်တော်သေဘေးလွတ်ခဲ့ခြင်းအတွက် ဝမ်းမသာမိပါ။ ဦးအုန်းမောင်အတွက် နှမြောတသ မဆုံးဖြစ်ရသလိုပင် ကျွန်တော့်မိတ်ဆွေ ဗိုလ်ချုပ်အောင်ဆန်းနှင့် လည်ပင်းဖက်၍ မသေလိုက်ရသောကြောင့် ဝမ်းနည်းနေပါသည်။ ကျွန်တော်ပါ ရောသေလိုက်ရလျှင် ဗိုလ်ချုပ်အတွက် ဤမျှပူဆွေးနေရမည်မဟုတ်ဟုတွေးမိသည်။ ယခုတော့ ကျွန်တော်သည် ကြေကွဲဝမ်းနည်းမဆုံးဖြစ်၍ ဗိုလ်ချုပ်ကျဆုံးသော နေရာကြမ်းပြင်၌ ထိုင်ချပြီး ငိုနေမိပါတော့သည်”ဟု တက္ကသိုလ်စိန်တင်၏ “မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ စောစံဖိုးသင်”စာအုပ်တွင် ဖော်ပြခဲ့ပါသည်။
ထို့အတူပင် ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်မှာလည်း အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးလေသောအခါ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်ထားရှိရာ ဂျူဗလီ ဟောသို့ လာရောက်ဂါရဝပြုရင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့လေသည်။
ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံး၍ တိုင်းပြုပြည်ပြုလွှတ်တော်၏ ကြေကွဲဝမ်းနည်းကြောင်းအဆိုကိုလည်း အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ညောင်ရွှေစော်ဘွား၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးဝမ်ကိုဟော၊ ကရင်တိုင်းရင်းသားခေါင်းဆောင် စောစံဖိုးသင်တို့နှင့်အတူ ထောက်ခံ ဆွေးနွေးပြောဆိုခဲ့ကြပါသည်။
ချင်းတိုင်းရင်းသားခေါင်းဆောင်နှင့် ဝန်ကြီးဖြစ်သူ ဦးဝမ်ကိုဟောကလည်း “ချင်းအမြင်နှင့် ဗိုလ်ချုပ်”ဆောင်းပါးတွင် “ဗိုလ်ချုပ်အောင်ဆန်း နယ်စပ်ဒေသရှိ တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အဆက်အသွယ်ပြုလုပ်ရသည်မှာ မကြာလှသော်လည်း ဗိုလ်ချုပ်သည် လူမသမာများ၏ လုပ်ကြံခြင်းမခံရမီ ထိုဒေသများ၏တိုးတက်ရေးစီမံကိန်းအုတ်မြစ်များကို ချပြီးခဲ့လေသည်။ ဆိုရန်တိုဗီလာတွင် နေ့စဉ်ကျင်းပခဲ့သည့် ကွန်ဖရင့်များတွင် ဗိုလ်ချုပ်သည် ထိုဒေသများ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျောက်မီးသွေးတူးဖော်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စများအပြင် စစ်ဘက်ဆိုင်ရာ အရပ်ရပ်ကိုလည်း ဆွေးနွေးခဲ့လေသည်။
နယ်စပ်ဒေသများ၏ တိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးသည် အထူးသဖြင့် ချင်းနှင့် ကချင်ပြည်နယ်များအတွက် အရေးကြီးဆုံးအချက်များဖြစ်သည်ဟု ဗိုလ်ချုပ်က အမြဲပြောဆိုခဲ့လေသည်” စသည်ဖြင့် ရေးသားခဲ့သည်။
ပြည်ထောင်စုနိုင်ငံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပါလီမန်ဒီမိုကရေစီခေတ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဖြစ်သူ ဖဆပလ ဦးကျော်ငြိမ်းက “လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရယ်လို့ ကမ္ပည်းထိုးခဲ့ကြပါတယ်။ ပြီးတော့ ပြည်ထောင်စုနေ့ရယ်လို့လည်း ဒုတိယညီလာခံမှာ သဘောတူလက်မှတ်ရေးထိုးတဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုအစွဲပြုပြီး နှစ်စဉ်ခမ်းခမ်းနားနား ကျင်းပပါတယ်။
“နိုင်ငံရဲ့ပြဿနာ၊ လူမျိုးရဲ့ပြဿနာဆိုတာ မလွယ်လှပါဘူး။ အတွေးအခေါ်အမြော်အမြင်မရှိဘဲ၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်ကြမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ရတတ်သော ကမ္ဘာ့သမိုင်းမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။
“ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အသီးသီးက မိမိတို့ကွဲလွဲတဲ့အယူအဆတွေကို အကြိမ်ကြိမ်အဖန်ဖန် ဖော်ထုတ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် နားလည်မှုရအောင် ယူသူကယူ၊ နားလည်မှု မရအောင် ရည်ရွယ်ချက်ဖြင့် သွေးခွဲသူကခွဲဆိုတော့ သဘာဝအဖြစ်အပျက်တွေထဲမှာ ရုန်းကန်ရပါတယ်။ စားပွဲဝိုင်းမှာညှိနှိုင်းပြီး သဘောတူညီမှုရနိုင်သမျှရအောင် သည်းခံစိတ်ရှည်ဆွေးနွေးရတာပဲ။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်”ဟူသည့် မိန့်ဆိုချက်ကလည်း ဒီမိုကရေစီကို လိုလားသူတိုင်းအတွက် မှတ်သားဖွယ်ကောင်းလှပါသည်။
သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်နှင့် “ညီညွတ်ရေးနဲ့၊ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်၊ လက်ရေတပြင်စီး၊ ရှေးကတော့ ပိုချစ်ကြတယ်”ဟူသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတို့ကို ပြန်ပြောင်းအမှတ်ရကြပြီး တိုင်းရင်းသားအပေါင်း လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တည်ဆောက်ကြပါစို့။ ။
ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”
Source: moi.gov.mm
ထူးထူးခြားခြား ကယားရိုးရာ အားကစားပွဲများ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၇၃)နှစ်မြောက် ကယားပြည်နယ် နေ့အခမ်းအနားကို လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ယှဉ်ပြိုင်နေကြသည့် အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများထဲ ကယားရိုးရာ စပါးထောင်းပြိုင်ပွဲကို ကျွန်တော်စိတ်အဝင်စားဆုံးဖြစ်သည်။ ယှဉ်ပြိုင်မည့်အဖွဲ့ကကိုးဖွဲ့၊ အမှတ်ပေးဒိုင်ကလည်း ကိုးဦး၊ စပါးထောင်းမည့်ဆုံ ကိုးဆုံကိုလည်း ကျရာမဲနှိုက်ယူရမည်၊ တစ်ဆုံလျှင် ပြိုင်ပွဲဝင်မည့်သူ နှစ်ဦးနှင့် ကြီးကြပ်သူတစ်ဦး ပါဝင်သည်။
သတ်မှတ်ချက်အတိုင်း ထုတ်ပေးထားသော စပါးကို ဆုံအတွင်းထည့်၍ ပြိုင်ပွဲဝင်နှစ်ဦးက ၅ မိနစ်အတွင်း ထောင်းကာဆန်အဖြစ် ပြာတီးသန့်စင်ပြီးနောက် ဒိုင်အဖွဲ့ထံ အချိန်မီတင်ပြရမည်ဖြစ်သည်။ သတ်မှတ်ချိန် ၅ မိနစ်အတွင်း ပြီး/ မပြီး၊ စပါးလုံးပါဝင်မှု အနည်း/ အများ၊ ဆန်အရည်အသွေး ကောင်း/ မကောင်းတို့အပေါ်မူတည်၍ အမှတ်ပေးသွားမည်ဖြစ်သည်။ ကြီးကြပ်သူကလည်း လိုအပ်တာတွေပြောပေး၊ ပြိုင်ပွဲဝင်နှစ်ဦးကလည်း သတ်မှတ်ချိန်အတွင်း ဆန်ထောင်းခြင်း၊ ပြာခြင်း၊ စပါးလုံးကောက်ခြင်းတို့ကို ဇယ်ဆက်သလို တောက်လျှောက် မရပ်မနားလုပ်ဆောင်ကြရသည်။
ဒိုင်အဖွဲ့က စစ်ဆေးချိန်တွင် စပါးလုံးအရေအတွက် ၁၀ လုံးအထိပါဝင်နေပါက ပယ်စာရင်းဝင်သွားပြီး ဆုရဖို့ မျှော်လင့်ချက်မရှိတော့ကြောင်း သိရသည်။ တက်ညီလက်ညီ ဆောင်ရွက်ရခြင်း၊ အားမာန်ထည့်ရခြင်း၊ လျင်မြန်သွက်လက်ရခြင်း၊ ကျွမ်းကျင်မှုရှိခြင်းတို့ ပေါင်းစပ်၍ ယှဉ်ပြိုင်ရသော ကယားရိုးရာစပါးထောင်းပြိုင်ပွဲကို ကြည့်ရသည်မှာ အနုပညာမြောက်သလို ၅ မိနစ်အတွင်း မိသားစု တစ်စုစာအတွက် ချက်စားနိုင်မည့် ဆန်ဖြစ်လာအောင် ထောင်းနိုင်စွမ်းကိုလည်း အံ့ဘနန်းတွေ့မြင်ခဲ့ရသည်။
ထူးခြားသည့် အခြားပြိုင်ပွဲတစ်ရပ်မှာ ကယားရိုးရာ ချောတိုင်တက်ပွဲဖြစ်သည်။ ကျွန်တော်တို့ဆီမှာလို ဝါးဘိုးဝါးကိုဆီထည့်၍ ချောတိုင်လုပ်ထား ခြင်းမဟုတ်ပေ။ တိုင် နှစ်တိုင်ပေါ်တွင် တန်းပစ်၍ ၎င်းတန်း၌ အရှည် ၁၅ ပေခန့် ငှက်ပျောတုံးအား တွဲလောင်းဆွဲထားပြီး လှုပ်လိုက်လျှင် ဆီတွေထွက်လာအောင် စီမံထားခြင်းဖြစ်၏။ အဖွဲ့လိုက်မပြိုင်ရဘဲ တစ်ဦးချင်းတက်ရသည်။ အချို့တက်သော်လည်း ထိပ်သို့မရောက်ဘဲပြန်ကျသည်။ အချို့ကလေးတွေကတော့ အဖျားထိတက်ပြီး ချိတ်ဆွဲထားသောဆုငွေကို အရယူပြကြသည်။ ယခုအားကစားနည်းများအပြင် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ မူကြိုကလေးများ ကာယစွမ်းရည်ပြိုင်ပွဲ၊ ကယား/ ကယမ်း ရိုးရာနပန်း ပြိုင်ပွဲများကိုလည်း ကျင်းပပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
လွိုင်ကော်ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ
လွိုင်ကော်မြို့သို့ ရောက်ရှိသည့် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာပင် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် လောဓမ္မာရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပန်းဖွားအကအဖွဲ့၊ Zumba အကအဖွဲ့၊ Fitness Dance အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ လမ်းသစ်ကို ဖြတ်သန်းကြည့်ရှု၍ အကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ ထို့နေ့လမ်းဖွင့်ပွဲ၌ အကအဖွဲ့များ၏ မြူးကြွသွက်လက်သောအကများကို တွေ့မြင်ခဲ့ရသလို ကျောက်တောင် ဒိုးပတ်ဝိုင်းအဖွဲ့၏ လက်သံကလည်း မြိုင်ဆိုင်လှပေသည်။ ဗုံထောက်သံခေါ်မလား၊ ခွန်းထောက် ခေါ်လေမလား၊ ဖြတ်သွားရင်းကြားနေရသည်။
“ ဒို့ကယားဆို တစ်ခါတစ်ခေါက်
(လာရောက်ဖို့ ဖိတ်ခေါ်ချင်)၂
ပမာပြဖို့ စိတ်ပျော်ရွှင်
မိတ်ဖော်ဆွေ လူအများ
(တမူခြားလို့ နောက်နောင်မျှော်ရည်)၃
ခေါင်ရည်ချို သောက်ကြစို့လား
ဒိုးပတ်သံ စီစီညံသာ
ရွှင်ပျော်ပျော် ကကြခုန်ကြ
ပြည်နယ်ပွဲပေမို့ ပျော်စရာရွှင်စရာ
ဒီလမ်းဖွင့်ပွဲမှာ၊ ဟေ့ ဒီလမ်းဖွင့်ပွဲမှာ
(ပြည်နယ်တစ်ဝှမ်းမို့ အေးချမ်းသာယာ)၃
စုပေါင်းကာ ဝိုင်းကြစို့လေး
ယခုလို ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးခြင်းအတွက် ဘူတာလမ်းတွင် နေထိုင်သူဦးလှမိုးက ကျေးဇူးတင်စကား ပြောကြားရာ၌ “ခေတ်မီသန့်ရှင်းသပ်ရပ် သာယာလှပတဲ့လွိုင်ကော်မြို့ကြီးကို ပြန်လည်တည်ဆောက်တဲ့နေရာမှာလည်း ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်က အာဆီယံနိုင်ငံများအကြား အသန့်ရှင်းဆုံးမြို့ဆုကိုရရှိခဲ့တဲ့ ကျွန်တော်တို့ ကယားပြည်နယ် လွိုင်ကော်မြို့ကြီးကို ဆက်လက်ပြီးဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ဖို့အတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုများကိုနာခံလျက် နိုင်ငံ့သားကောင်းများ ပီသစွာနေထိုင်သွားကြမှာ ဖြစ်ပါတယ်” ဟု သူ၏ ရင်တွင်းဆန္ဒကို ထုတ်ဖော်ပြောကြားသွားခဲ့သည်။ လွိုင်ကော်မြို့ကြီး ပြန်လည်တည်ဆောက်ရေးအတွက်သာမက ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက်လည်း ပြည်နယ်သူပြည်နယ်သားတိုင်းမှာ တာဝန်ရှိပေသည်။
လွိုင်ကော် ခုတင် ၅၀၀ ဆေးရုံကြီး ပြန်လည်ဖွင့်လှစ်ကုသ
ဆေးရုံပရဝဏ်အတွင်းသို့ ဝေ့ဝိုက်ကြည့်လိုက်ကတည်းက စိတ်ဝင်စားစရာတွေကို စတွေ့ရပါပြီ။ မြင့်မားသည့် ရေစင်ကြီး၏ထိပ်ပိုင်းမှာ ကျည်ထိမှန် ဒဏ်ရာတစ်ချက်ရထားသည်။ မင်္ဂလာရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ဒေါ့ဥခူရပ်ကွက်များမှာ ဒဏ်ရာဒဏ်ချက်တွေ ထောင်းလမောင်းထခဲ့သလို ဆေးရုံကြီးဝင်းထဲမှာလည်း အုပ်ချုပ်မှုဆောင်၊ ဖျားနာဆောင်၊ ကလေးကုသဆောင်၊ အထူးကုပြင်ပလူနာဆောင်၊ လေးခန်းတွဲနှစ်ထပ် အရာထမ်းဝန်ထမ်းအိမ်ရာ၊ သမားတော်နေအိမ်များ ထိမှန်ပျက်စီးပြီး ဆေးသိုလှောင်ခန်း၊ ဓာတ်ခွဲခန်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ယခင်နတလဝန်ထမ်းဘဝက လွိုင်ကော်အပါအဝင် ကယားပြည်နယ် ခရိုင်၊ မြို့နယ်အားလုံးသို့ ရောက်ခဲ့သည်။
ပန်ပက်ဒေသ ကယန်းရွာများမှာ ကျေးရွာရေရရှိရေးလုပ်ငန်းများ၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခရီးသွားလုပ်ငန်းမြင့်မားတိုးတက်လာစေဖို့ စေတနာရည်သန်ခဲ့ကြသည်။ ယင်းသို့ရောက်လင့်ကစား လွိုင်ကော်ဆေးရုံနှင့်မူ ရေစက်မဆုံခဲ့ပါ။ ယခုရောက်ခွင့်ကြုံ၍ ဆေးရုံတည်ဆောက်မှု ကမ္ပည်းမော်ကွန်းကို လေ့လာကြည့်သောအခါ တော်လှန်ရေးကောင်စီဝင်၊ စက်မှုလက်မှုဌာနတာဝန်ခံ၊ တိုင်းမှူးဗိုလ်မှူးကြီး မောင်ရွှေကိုယ်တိုင်ဖွင့်လှစ်သည်၊ ၂၉-၉-၁၉၆၄ ဟုတွေ့ရ၏။ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်၍ အတော်လေးရှေးကျသလို လူနာခန်းများ၏ ဘေးပတ်ပတ်လည် နံရံမှာရှစ်လက်မနီးပါးဗျပ်ရှိသည့် ပျဉ်ပြားကြီးများ (ကျွန်းသစ်ဖြစ်နိုင်ပါသည်) ကပ်ပေးထားသည်။ လူနာများ ၎င်းပျဉ်ချပ်ကို အားပြုဆုပ်ကိုင်ပြီး လမ်းလျှောက်ဖို့ ဖြစ်ပါလိမ့်မည်။
လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၏ ဆောင်ပုဒ်၊ ရပ်တည်မှုနှင့် ရည်မှန်းချက်တို့ကိုလည်း သိရှိခွင့်ရခဲ့သည်။ လူနာများနှင့် ဆေးရုံဝန်ထမ်းများ၏ စိတ်ကျေနပ်မှုရရှိစေသည့် မြန်မာနိုင်ငံ၏ ပြယုဂ်ဆေးရုံတစ်ရုံဖြစ်လာစေဖို့ ရည်မှန်းထားသည်။ ကယားပြည်နယ်တစ်ခုလုံးတွင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးနှင့် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန် လာစေရေးအတွက် စိတ်ပါဝင်စားတက်ကြွစွာ ဆောင်ရွက်ခြင်းတို့ဖြင့် ဆေးရုံ၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုများ၏ ရပ်တည်မှုကို ဖော်ပြသွားမည်ဖြစ်သည်။ ဆေးရုံကြီး၏ ဆောင်ပုဒ်မှာ We belong to the State, We serve the State, We grow with the State ဟူ၍ ဖြစ်ပါသည်။
ကယားပြည်နယ်အတွင်း ယခင်က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုအခြေအနေမှာ လွိုင်ကော်၌ ခုတင် ၅၀၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ သုံးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၅၂ ခု၊ ဒီးမော့ဆို၌ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ လေးရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၇၂ ခု၊ ဘောလခဲ၌ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ရုံ၊ ၂၅ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံနှစ်ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၂၉ ခု၊ မယ်စဲ့၌ ၂၅ ခုတင်ဆံ့ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ ဆေးရုံ တစ်ရုံ၊ ဆေးပေးခန်းနှင့် ကျေးလက်ကျန်းမာရေးဌာန ၁၁ ခု အသီးသီးဖွင့်လှစ်ကုသပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ခဲ့ရာမှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့နယ်အတွင်း၌ လောဓလေးတိုက်နယ်ဆေးရုံတစ်ရုံကိုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် အမှတ် (၇) တပ်မတော်ဆေးရုံခုတင် (၁၀၀) သို့ အရေးပေါ်တက်ရောက်ကုသမှုများ ပြုလုပ်ခဲ့ရသည်။ ယခုကျွန်တော်တို့ရောက်ရှိခဲ့သည့် ခုတင် (၅၀၀) ဆေးရုံကြီးကို ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး တွဲဖက်များအပါအဝင် ဆရာဝန် ၁၆ ဦး၊ သူနာပြု ၆၉ ဦး၊ အခြားဝန်ထမ်း ၅၅ ဦး၊ စုစုပေါင်း ၁၄၀ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တပ်မတော်ဆေးရုံမှ ဆရာဝန်လေးဦး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန် တစ်ဦး၊ သူနာပြု တစ်ဦးတို့လည်း လာရောက်တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ လမ်းဖွင့်ပွဲအပြီး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ပြည်နယ်တာဝန်ခံဆရာဝန် ဆေးရုံအုပ်ကြီး ဒေါက်တာစည်သူက ရှင်းလင်းတင်ပြရာ ဆေးရုံ၏ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကြရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။
ယင်းနောက် ဆေးရုံလူနာဆောင်များအား လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စွက်စာနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပါသည်။ ဖျားနာဆောင်တွင် တက်ရောက်ကုသနေသူ လူနာအမျိုးသမီးကြီး တစ်ဦး၏အမည်မှာ ဒေါ်ညိုဟုခေါ်ကြောင်း၊ လွိုင်ကော်တွင်နေထိုင်သော်လည်း ၎င်း၏ဇာတိက သဲတော၊ ဝမ်းတွင်းအနီးက ဟံဇား ဇာတိဖြစ်ကြောင်း၊ သားသမီး ၁၄ ယောက် ထွန်းကားခဲ့ပြီး တစ်ယောက်ပျက်စီးသွားသဖြင့် ၁၃ ယောက် ကျန်သေးကြောင်း၊ မျက်စိတိမ်ခွဲရန် တက်ရောက်နေရာမှ ကိုယ်တစ်ခြမ်း လေထိသွားသဖြင့် ကုသနေရကြောင်း သိရသဖြင့် အားပေးစကား ပြောကြားခဲ့ပါသည်။
သီရိမင်္ဂလာ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီး
လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ရှိ မြေဧက ၈ ဒသမ ၈၄ ဧကပေါ်တွင် သီရိမင်္ဂလာဈေးကို ၁၉၉၁ ခုနှစ်၌ တည်ဆောက်ပေးခဲ့သည်။ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်းအဆောက်အအုံများ ဖြစ်သည်။ အဆိုပါဈေးအား အကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြရာ ဆိုင်ခန်းပေါင်း ၉၄၈ ခန်း မီးလောင်ပျက်စီးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွိုင်ကော်ခရီးစဉ်၌ အဆင့်မြင့်ဈေးသစ်တည်ဆောက်ပေးရန် လမ်းညွှန်ချက်အရ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကွပ်ကဲကြပ်မတ်၍ မီးလောင်ပြင်ကိုရှင်းလင်းခြင်း၊ ဟင်းသီး ဟင်းရွက်နှင့် သားငါးရောင်းသည့်နေရာတွင် ယာယီဈေးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့၌ စတင် တည်ဆောက်ပေးပြီး ရောင်းချစေခြင်း၊ အဆင့်မြင့် ဈေးတွင်ရှေ့မျက်နှာစာ နှစ်ထပ် ဆိုင်ခန်းများ တည်ဆောက်ခြင်း၊ ဈေးအတွင်း၌ ၉ပေ x ၉ပေ ဆိုင်ခန်း ၂၈၈ ခန်းတည်ဆောက်ခြင်း၊ ဈေးရုံခြောက် ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်လျက်ရှိပါသည်။ မျက်နှာစာ နှစ်ထပ်ဆိုင်ခန်းများမှာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။ မြို့တွင်းရှိ ဗဟိုဈေးနှင့် နှစ်ထပ်ဈေးတို့ကိုလည်း ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။
တစ်သီးတခြားစီဖြစ်တည်နေသော လွိုင်ခေါ်မှ လွိုင်ကော်သို့
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သောအဖွဲ့၏ ဇန်နဝါရီလ ၁၄ ရက်နေ့ လှည့်လည်ကြည့်ရှုသည့် အစီအစဉ်တွင် ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့်လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ်သန်းပေါင်း ၂၃၉ ဒသမ ၀၆၀ သန်း၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ငွေကျပ်သိန်း ၁၅၀ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆရာတော်ကြီးတစ်ပါးက လွိုင်ကော်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ “လွိုင်ကော်လို့ အမည်ခေါ်တွင် ကြတာနဲ့ပတ်သက်ပြီး ပြောရရင် အခုဘုန်းကြီးတို့ကျောင်းဘေးမှာရှိတဲ့ ဘုရားကုန်းလေးကို အစွဲပြုပြီး ခေါ်ကြတာဖြစ်တယ်။ သည်ဘုရားကုန်းလေးကို လွိုင်ခေါ်(တစ်သီးတခြား ဖြစ်တည်နေသော တောင်)လို့ စတင်ခေါ်ဝေါ်ခဲ့ကြရာက မြို့ကိုလည်းလွိုင်ခေါ်လို့ ခေါ်ကြပြီး၊ အဲဒီကမှ လွိုင်ကော်ရယ်လို့ ဖြစ်လာတာပါပဲ” ဟု ဗဟုသုတဖြစ်ဖွယ် မိန့်ကြားသွားခဲ့သည်။
ယာယီနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ်တို့သည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်တို့နှင့်အတူ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့လယ်ဓမ္မာရုံသို့ သွားရောက်ပြီး ယာယီ နေရပ်စွန့်ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြသည်။
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လည်းကောင်း၊ ရေကြီးမှုသဘာဝဘေးကြောင့် လည်းကောင်းနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပေရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ တို့က နေအိမ်များပြုပြင်ရန် ငွေကျပ် ၂၁၁ သန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲများ ပေးအပ်ခဲ့ပါသည်။
ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့နောင်ယား(က)ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးထားသည့် အခြေအနေ၊ ဝန်ထမ်းများ ပြန်လည်နေရာချထားပေးမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုကာ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ပါသည်။ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းအိမ်ရာများကို မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် ပြုပြင်ပေးထားကြောင်းတွေ့ရသည်။ ၎င်းဝန်ထမ်းအိမ်ရာများသည်လည်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အမြန်ဆုံး ပြန်လည်ပြုပြင်၍ ပြီးသမျှအိမ်ရာများ၌ စနစ်တကျနေရာချထားပေးခဲ့သည်။ ဆက်လက်၍လည်း ပြုပြင်ပေးသွားမည်ဖြစ်သည်။ ဝန်ထမ်းအိမ်ရာ မိသားစုများနှင့်အတူ စာရေးဆရာမကြီး မဟူရာ(လွိုင်ကော်)ကို မမျှော်လင့်ဘဲ တွေ့ခွင့်ရခဲ့သောကြောင့် ဝမ်းပန်းတသာ နှုတ်ဆက်ခဲ့ပါသည်။
ကယားပြည်နယ်၏ စိုက်ပျိုးရေးလုပ်ငန်းများ
ကယားပြည်နယ်အတွင်း မြေအသုံးချမှုအနေဖြင့် စိုက်ပျိုးမြေ ၁၆၆၁၅၅ ဧက ရှိပါသည်။ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ အဓိကစိုက်ပျိုးလျက်ရှိရာ ဒေသဝမ်းစာအတွက် ဆန်စပါးဖူလုံမှုရှိသည်။ ဆီထွက် သီးနှံအနေဖြင့် ၆၀ ရာခိုင်နှုန်းကျော် ဖူလုံကြောင်း သိရသဖြင့် ယခုထက် ပိုမိုစိုက်ပျိုး နိုင်ရန်အတွက် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု ရှိလာသည်နှင့်အမျှ သမဝါယမအသင်းစု၊ အခြေခံအသင်းများက ပူးပေါင်းစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကယားပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရာသီသီးနှံ စံပြစိုက်ခင်းဆောင်ရွက်နေမှုကို လိုက်လံပြသခဲ့သည်။ လေးလက်မ စက်ရေတွင်းမှ ဆိုလာရေတင် စနစ်ဖြင့် စိုက်ပျိုးရေ ရယူ၍ ရာသီသီးနှံမုန်ညင်း၊ ကြက်သွန်ဖြူ၊ မာလကာ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းအပါအဝင် သီးနှံ ၂၄ မျိုး စိုက်ပျိုးပြသထားသည်။
ကယားပြည်နယ်နှင့် စွမ်းအင်ကဏ္ဍ
လွိုင်ကော်မြို့သို့ ရောက်တုန်းရောက်ခိုက် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ ၄ မိုင် ပင်မဓာတ်အားခွဲရုံ ပျက်စီးမှုအခြေအနေ၊ အောင်သီဟရပ်ကွက် ဓာတ်အားခွဲရုံပျက်စီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အရေးကြီးနေရာများသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့မှစတင်ကာ လွိုင်ကော်မြို့တွင်း၌ ပုံမှန်မီးရရှိမှုအခြေအနေတို့ကို လေ့လာသိရှိခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဧပြီလနှင့် ဇူလိုင် လများအတွင်း ဘီလူးချောင်းအမှတ် ၂ စက်ရုံမှဧက ၅၀၀ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော ၃၃ ကေဗွီဓာတ်အားလိုင်း၏ ကွန်ကရစ်တိုင်များ ဖောက်ခွဲဖျက်ဆီးခံရကြောင်းကိုလည်း သိရှိခဲ့ရသည်။ ယနေ့အချိန်တွင် လွိုင်ကော်မြို့ပေါ် ၂၃ ရပ်ကွက်အနက် ၁၅ ရပ်ကွက်ကိုလည်းကောင်း၊ လောပိတအနီးက ကျေးရွာ ၁၂ ရွာသို့ လည်းကောင်း ဓာတ်အားဖြန့်ဖြူးပေးထားကြောင်း သိရပါသည်။
ကယားပြည်နယ်နှင့် ပညာရေးကဏ္ဍ
အခြေခံပညာကျောင်း ၄၆၀ ကို ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အဆင့်မြင့်ပညာကဏ္ဍတွင် လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
ကယားပြည်နယ်အတွက် စာရေးသူ၏ဆန္ဒမွန်
ပုံမှန်အားဖြင့်ဆိုလျှင် ကယားပြည်နယ်သည် အေးချမ်းသာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ ခရီးသွားလုပ်ငန်းအတွက် အခြေခံကောင်းများနှင့်လည်း ပြည့်စုံပေသည်။ ထူးခြားသော တောတောင်ရေမြေသဘာဝ၊ တိုင်းရင်းသားများ၏ နွေးထွေးပျူငှာဖော်ရွေမှုများ၊ ယဉ်ကျေးမှုဓလေ့ စရိုက်များက များစွာအထောက်အပံ့ ဖြစ်စေခဲ့သည်။ သဘာဝအလှတရားများ ပြည့်စုံကြွယ်ဝသော်ငြား လည်း ခရီးသွားဝင်ရောက်မှု နည်းပါးနေခြင်းကြောင့် Virgin Land ဟုပင် တင်စားခေါ်ဝေါ်နေကြကြောင်း သိရသည်။ အဓိကအကြောင်းရင်းမှာ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိရေးအာမခံချက် ပင်ဖြစ်သည်။ ယင်းသို့ဖြစ်လာစေရန်မှာ ဒေသခံတိုင်းရင်းသားများတွင် အဓိကတာဝန်ရှိနေပါသည်။
ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ရပါမည်။ ပြည်နယ်အစိုးရအနေဖြင့် အထင်ကရ ခရီးစဉ် ၅၇ နေရာ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းပေါင်း ၆၆ ခုအထိ ဖော်ဆောင်နိုင်ခဲ့ကြောင်း တွေ့ရသည်။ ကန္တာရဝတီငွေတောင်ပြည် (သို့မဟုတ်) ကယားပြည်နယ်ကို ကျွန်တော်သံယောဇဉ်ကြီးခဲ့ပါသည်။ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများစွာ လုပ်ပေးခဲ့ဖူးပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံခဲ့ဖူးပါသည်။ ရှေးယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းပြီး သာယာလှပသော ကယားပြည်နယ်အဖြစ် ထာဝစဉ်တွေ့မြင်လိုပါသည်။ မလွဲမသွေဖြစ်လာရမည်ဟု လည်း အလေးအနက်ယုံကြည်မိပါသည်။ ။
Source: moi.gov.mm
တိုင်းရင်းသားများ မျိုးနွယ်စဉ်ဆက်မပြတ်စတမ်းနေထိုင်ခဲ့ကြပြီး ကျူးကျော်လာသူဟူသမျှကို အသက်သွေးချွေး ရင်းနှီးပေးဆပ် ကာကွယ်လာခဲ့ကြသည့် ဇာတိမြေဟုခေါ်ဆိုသောဒေသသည် မိုးကျပစ္စည်းမဟုတ်သလို ငွေကြေးဖြင့် ဝယ်ယူရရှိနိုင်သောပစ္စည်း၊ အဓမ္မတိုက်ခိုက် သိမ်းပိုက် နယ်ပယ်ချဲ့ထွင် ရရှိထားသောနေရာမျိုး မဟုတ်ချေ။ ထို့ကြောင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်သွားရန် လွန်စွာအရေးကြီးသကဲ့သို့ အမိပြည်ထောင်စုနိုင်ငံတော်၏ ပိုင်နက်နယ်မြေကို တစ်လက်မသော်မျှ ပြုန်းတီးဆုံးရှုံးရခြင်းမရှိရေးသည်လည်း မြန်မာနိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး တာဝန်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံတော်၏ နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သော အမျိုးသားရေးဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ဘာသာသာသနာနှင့် ကိုယ်ပိုင်စာပေ၊ ဂီတအနုသုခုမ၊ ဗိသုကာနှင့် ယဉ်ကျေးမှုအစဉ်အလာတို့အတွက်လည်းကောင်း စစ်မှန်ငြိမ်းချမ်းသည့် စည်းလုံးညီညွတ်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာရေး နိုင်ငံသားတိုင်းအပေါ်၌ ကိုယ်စီတာဝန်သက်ရောက် လျက်ရှိသည်။
အမျိုးဘာသာ၊ အယူဝါဒ မတူညီသော တိုင်းတစ်ပါးသားနယ်ချဲ့တို့က မြန်မာနိုင်ငံသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မှေးမှိန်ပျောက်ကွယ်သွားစေရန် ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုများနှင့် ဘာသာအယူဝါဒများကို အတင်းအကျပ် ရိုက်သွင်းခဲ့ကြသည်။ ထို့ကြောင့် ပြန်လည်ရရှိပြီးသော လွတ်လပ်ရေးကြီးထပ်မံဆုံးရှုံးရခြင်းမရှိစေရန် လောကပါလတရားနှင့်အညီအမျိုးဘာသာအပေါ် ချစ်မြတ်နိုးကြရမည်၊ အသက်တမျှ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်ဟူသည် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ဓာတ်ဖြစ်သည့်အတွက် လူ့အသိုက်အဝန်းတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ မြန်မာနိုင်ငံသားတိုင်းအနေဖြင့် ဇာတိသွေးဇာတိမာန် အစဉ်နိုးကြား ထက်သန်နေသော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ် အခြေခံကောင်းရှိရန် လွန်စွာပင် လိုအပ်သည်။
ထို့အပြင် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာကို အပြည့်အဝကာကွယ်မှုပြုနိုင်ရန်နှင့် တိုင်းပြည်ညီညွတ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာ ငြိမ်းချမ်းရေးဖြစ်သည်။
နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော တိုက်ပွဲသံတွေကြားမှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည့် တိုင်းရင်းသား ပြည်သူလူထုတို့၏ဘဝကို ကိုယ်နှင့်ထပ်တူ ကိုယ်ချင်းစာ မိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ မည်သည့် ဒေသတွင်မျှ တိုက်ပွဲမဖြစ်ပွားဖို့ဆိုလျှင် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲဖို့လိုသည်။ ပစ်ခတ်တိုက်ခိုက်မှုမရှိမှ ထိုဒေသသည် ငြိမ်းချမ်းနိုင်မည်၊ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် လက်ရှိ ပကတိ လိုအပ်ချက် ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင်လည်း နယ်ချဲ့တို့ လှည့်ဖျားထားသော လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာများနှင့် ခေတ်ကာလသစ်အခြေအနေအရပ်ရပ်အပေါ် သိမြင်သုံးသပ်နိုင်သူ နည်းပါး နေဆဲပင်ဖြစ်သည်။ ထိုအချက်ကြောင့်ပင် တိုင်းပြည်ညီညွတ်မှုပိုင်း၊ အချင်းချင်း ယုံကြည်မှုပိုင်းတို့၌ယိုယွင်းလျော့ရဲမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ ထို့အပြင် ၎င်းအခြေအနေအရပ်ရပ် ဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံသူနိုင်ငံသားများ၏ စစ်မှန်သည့်မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့အပေါ် မြတ်နိုးယုံကြည်စိတ် လျော့ပါးနေဆဲဖြစ်ခြင်းတို့ကြောင့်လည်း ဖြစ်သည်။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့် အဆိုစကားရပ်မှာ အဓိပ္ပာယ်အားဖြင့် လွန်စွာပင် လေးနက်လှသည့် အဆိုအမိန့်စကားရပ်ဖြစ်သည်။ မည်သည့်ခေတ်ကာလတွင်မဆို အမြဲတစေမှန်ကန်နေမည့် အဆိုအမိန့်လည်းဖြစ်သည်။ မိမိတို့နိုင်ငံတော်၏ အောင်မြင်တိုးတက်ခြင်း၊ ဆုတ်ယုတ်နိမ့်ပါးခြင်းတို့သည်လည်းကောင်း၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းခြင်း၊ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ခြင်းတို့သည်လည်းကောင်း မိမိတို့နိုင်ငံသားများ၊ တိုင်းရင်းသား ညီအစ်ကိုများသာ လက်တွေ့ကျကျ ပိုင်ဆိုင်ကြ၊ ထိတွေ့ခံစားကြရမည်ဖြစ်သည်။
အတိတ်ကိုပြန်ကြည့်လျှင် ကျွန်တော်တို့နိုင်ငံက တိုင်းတစ်ပါးလက်အောက်ခံအဖြစ် နှစ်ကာလတာရှည်စွာ နေထိုင်ဖြတ်သန်းခဲ့ရသည်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ထက်သန်မှုတို့ကို စနစ်တကျ စီစဉ်၍ သွေးခွဲအုပ်ချုပ်ခဲ့သည်ကို တွေ့ရသည်။တိုင်းရင်းသားညီနောင်အချင်းချင်း အထင်အမြင်လွဲမှားအောင်၊ စိတ်ဝမ်းကွဲအောင်၊ အချင်းချင်း ရန်သူသဖွယ် ထင်မြင်လာအောင် နည်းမျိုးစုံဖြင့် သပ်လျှို သွေးခွဲခဲ့ကြသည်။ နယ်ချဲ့တို့ဖန်တီးခဲ့သည့် သွေးခွဲသပ်လျှိုမှုများကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း မသင့်မမြတ်ဖြစ်ခဲ့ကြရသည်။ ထိုမသင့်မမြတ်ဖြစ်မှုက လက်နက်ကိုင်လမ်းစဉ်ကို ဦးတည်သွားခဲ့ရာ ယနေ့အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု အမွေဆိုးကို ဖြေရှင်းနေကြရသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလထိ တိုင်အောင်ပင် တိုင်းရင်းသားညီအစ်ကိုများ သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံးဖြစ်လာမည်ကို မလိုလားသည့် အဖျက်အမှောင့်အုပ်စုများက နည်းလမ်းပေါင်းစုံ အသုံးပြုကာ နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်နေကြသည်ကို သတိကြီးစွာထားကြဖို့ လိုပါသည်။ ‘နွားကွဲလျှင် ကျားဆွဲတတ်သည်’ကို သိပါလျက်နှင့် ‘ငါ့လှေငါထိုး ပဲခူးရောက်ရောက်’ စိတ်မျိုး မမွေးကြဖို့လိုသည်။ ဒါတွေဖြစ်ပွားရတဲ့ အကြောင်းတရား ၃ ခုကတော့ နိုင်ငံရေးဝါဒတစ်ခုကို ကိုယ်စားပြု၍ လက်နက်ကိုင်မှု၊ လူမျိုးရေးဝါဒအမြင်ကြောင့် လက်နက်စွဲကိုင်မှု၊ တရားမဝင် စီးပွားရေးကို အကြောင်းပြုကာ လက်နက်စွဲကိုင်မှုဆိုတဲ့ အချက်တွေကို လေ့လာတွေ့ရှိကြမှာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးပန်းများ ပွင့်ဖူးဝေသည့် ငြိမ်းချမ်းရေး ပန်းခင်းကြီးထဲမှာ အရောင်အသွေး စုံလင်သောပန်းများစွာကို ပျံ့သင်းစေဖို့ အားလုံးမှာ တာဝန်ရှိသည်။ ငြိမ်းချမ်းရေးကိစ္စသည် ကာလံဒေသံ ရာသီဥတုအချိန်အခါကို စောင့်ဆိုင်းလုပ်ဆောင်ရသည်မျိုးမဟုတ်၊ ချက်ချင်း လုပ်လေပိုကောင်းလေ၊ စောနိုင်သမျှစောလေ တန်ဖိုးရှိလေ ဖြစ်ပါသည်။ ရရှိလာမည့် ငြိမ်းချမ်းရေးအကျိုးကျေးဇူးများကို ခံစားပိုင်ခွင့်ရရှိမည့်သူများမှာလည်း ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုများသာဖြစ်ကြသည်မို့ ပြည်တွင်း၊ ပြည်ပက ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီး ကြောင်း ဝေဖန်အပုပ်ချနေမှုများကို လုံးဝနားမယောင်မိကြဖို့ လိုပါသည်။
ထို့ကြောင့် ယနေ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးလိုလားသူ တိုင်းရင်းသားခေါင်းဆောင်များ အားလုံးက အလေးအနက်ထား ဖော်ဆောင်လျက် ရှိကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရပ်ရပ်က ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည်သူလူထုတစ်ရပ်လုံးခံစားနိုင်ဖို့ ဘက်စုံထောင့်စုံမှ ဝိုင်းဝန်းပံ့ပိုးကြရပါမည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လေ့လာကြည့်သောအခါ လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူသည့် လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားသည်ကို တွေ့ရသလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ နိုင်ငံရေးဦးတည်ချက်တွင်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေးဟူသည့် ဦးတည်ချက်တစ်ခုကိုလည်း ထည့်သွင်းချမှတ်ထားသည်ကို တွေ့ရှိရသည်။
NCA စာချုပ်ဆိုသည်က တစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက ရေးဆွဲထားသည့်စာချုပ်မျိုး မဟုတ်ပါ။ တိုင်းရင်းသားညီအစ်ကိုများဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကနဦး အဆိုပြုချက်များအပေါ်အခြေခံပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲထားသောစာချုပ် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာ၏ နိုင်ငံအချို့နှင့် အဖွဲ့အစည်းအသီးသီးတို့၏ အသိအမှတ်ပြု ပါဝင်လက်မှတ် ရေးထိုးထားသည့် စာချုပ်ဖြစ်ပါသည်။ ယခုလိုအခိုင်အမာ အတည်ပြုပြီးသားစာချုပ်တစ်ခုမှ ဆင့်ပွားဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများအားလုံး တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့လိုသည်။ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဟူသည်က ဒီမိုကရေစီ၏ ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ နိုင်ငံ၏လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာကြရသည့် လုပ်ငန်းစဉ်ကသာလျှင် အကောင်းမွန်ဆုံး ရလဒ်ကို ဖော်ဆောင်နိုင်မည်ဟုထင်မိပါသည်။
အမျိုးသားနိုင်ငံရေး အတွေးအမြင် ကြွယ်ဝသည့်၊ နိုင်ငံသားသစ္စာတရားပြည့်ဝသည့်၊ နိုင်ငံကြီးသားစိတ်ထားရှိသည့်၊ ပြည်ထောင်စုစိတ်ဓာတ် ကိန်းဝပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအဖြစ်ခံယူပြီး နိုင်ငံနှင့်လူမျိုးအပေါ် ချစ်ခင်စိတ်ဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်ကြစေလိုကြောင်း ဆန္ဒမွန်ဖြင့် လှိုက်လှိုက်လှဲလှဲ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်…….
မှီငြမ်း
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော ဘုန်းရဲနိုင်(ဂန့်ဂေါ) ရေးသားသည့် “NCA မှသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော “NCA မှသည်….. ထာဝရ ငြိမ်းချမ်းရေးဆီသို့” ဆောင်းပါး
၁-၁၀-၂၀၂၃ ရက်ထုတ် မြဝတီသတင်းစာ
၉-၁၀-၂၀၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖော်ဆောင်မှု အဆင့်ဆင့်
MWD Webportal ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖော်ပြထားသော “ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့” ဆောင်းပါး
ယနေ့ကာလသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ကို စိုက်ထူနိုင်သည့်ကာလဖြစ်သည်။ အဆိုပါ အခြေခံအုတ်မြစ်ကို အလွယ်တကူ စိုက်ထူနိုင်ခဲ့ခြင်း မဟုတ်ပေ။ နယ်ချဲ့ဗြိတိသျှအစိုးရ၏ ပရိယာယ်အမျိုးမျိုး၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် အချို့နှင့်နိုင်ငံရေးခေါင်းဆောင်အချို့၏ နှောင့်ယှက်မှုများကြားမှ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်းဆောင်ကြီးများ၏ မနေမနားကြိုးပမ်းအားထုတ်မှုများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများနှင့် လူထုလူတန်းစားအားလုံးတို့၏ တစ်သွေးတည်းတစ်သားတည်း စုစည်းညီညွတ်မှုဖြင့် အခိုင်အမာစိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
သမိုင်းဝင်ပင်လုံစာချုပ်
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် သမိုင်းတွင်ရစ်မည့် အောင်ဆန်း-အက်တလီစာချုပ် ဟု အမည်တွင်သောစာချုပ်တွင် သဘောတူညီချက် ၁၂ ချက်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မြန်မာခေါင်းဆောင်များ လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ဗြိတိသျှအစိုးရက သဘောတူညီခဲ့သည်။ သို့သော် အောင်ဆန်း-အက်တလီ စာချုပ်ပါကောက်နုတ်ချက်များကို လေ့လာကြည့်လျှင် တောင်တန်းဒေသများကိုမူ တောင်တန်းဒေသ ခေါင်းဆောင်များကိုယ်တိုင်က ပြည်မနှင့်အတူ လွတ်လပ်ရေးယူလိုပါသည်ဟု အခိုင်အမာစာချုပ်တွင် လက်မှတ်ရေးထိုးမှသာလျှင် ဗြိတိသျှအစိုးရအနေဖြင့် ပြည်နယ်နှင့်ပြည်မ ပေါင်းစည်းပါဝင်သော ပုံသဏ္ဌာန်ဖြင့် လွတ်လပ်ရေးပေးမည်ဟု ဆိုလိုထားသည်။ နယ်ချဲ့တို့၏ပရိယာယ်နှင့်အတွင်းအကြံကို သိမြင်နိုင်သည်။
နယ်ချဲ့တို့ကို တော်လှန်စဉ်အချိန်က စည်းလုံးညီညွတ်ခဲ့ကြသော်လည်း လွတ်လပ်ရေးကိုရယူမည့်အချိန်တွင် ခေါင်းဆောင်များ၏ ခံယူချက်အမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ သည်။ အောင်ဆန်း-အက်တလီစာချုပ် မချုပ်ဆိုမီနှင့် ချုပ်ဆိုအပြီးတွင် နိုင်ငံရေးခေါင်းဆောင်များက အပြင်းအထန်ကန့်ကွက်ကြပြီး ပဒေသရာဇ်စော်ဘွားများက ၎င်းတို့နယ်တွင် ခွဲထွက်ရန်စည်းရုံးလှုပ်ရှားကြသည်။ ထိုသို့ အခက်အခဲအနှောင့်အယှက် အမျိုးမျိုးကြားမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြန်မာနိုင်ငံနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးအချက် ၉ ချက် ပါဝင်သည့် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။
သောင်းကျန်းမှုများ
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတွင် နိုင်ငံရေးအရ ခက်ခဲကြမ်းတမ်းဆုံးအချိန်မှာ အောင်ဆန်း-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ်ချုပ်ဆိုမည့် ကာလများအတွင်း ဖြစ်သည်ဟု ဆိုရမည်။ ထိုကာလတွင် နိုင်ငံရေးခေါင်းဆောင်များ၏ အပြင်းအထန်ကန့်ကွက်မှုများ၊ ပဒေသရာဇ်စော်ဘွားများ၏ နယ်ချဲ့လက်အောက်နေလိုမှုများ၊ နယ်ချဲ့ကိုယ်စားလှယ်တို့၏ ပရိယာယ်အမျိုးမျိုး ပြုလုပ်မှုများမှာ သပွတ်အူလို ရှုပ်ထွေးပွေလီနေသည်။ ဇာစ်မြစ်မှာ ဗြိတိသျှနယ်ချဲ့အစိုးရ၏ သွေးခွဲ အုပ်ချုပ်ရေးစနစ်ကြောင့် တစ်ပြည်ထောင်ဖွား တိုင်းရင်းသားညီအစ်ကိုများအချင်းချင်း စိတ်ဝမ်းကွဲကြသည်။ ရန်လိုမုန်းထား၊ အာဃာတများဖြစ်လာကြသည်။ သို့သော် ပြည်ထောင်စုသားအားလုံးတွင် မဖြစ်ပေါ်ဘဲ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့တို့တွင် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသည့်၊ မြန်မာလူမျိုးကို တန်ဖိုးထားကြသည့် မြန်မာလူမျိုးများ အားလုံး၏ တစ်သံတည်းသော တောင်းဆိုချက်မှာ မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်ရေးပင်ဖြစ် သည်။ ဂျပန်ခေတ်က လွတ်လပ်ရေးအတုကို ရရှိခဲ့ရာ လွတ်လပ်ရေးအတွက် မြန်မာလူမျိုးအားလုံးတို့သည် စစ်ဘေးစစ်ဒဏ်ကိုပင် ဂရုမစိုက်တော့ဘဲ ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့ကြသည်။ အင်္ဂလိပ်တို့ ပြန်ဝင်လာသောအခါ မြန်မာများက လွတ်လပ်ရေးကိုမျှော်လင့်ခဲ့ရာ လွတ်လပ်ရေးမပေးဘဲ ဖိနှိပ်အုပ်ချုပ်မှုများသာ ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းရုန်းကန်နေချိန်တွင် နိုင်ငံရေး၊ ဝါဒရေး၊ ဂိုဏ်းဂဏရေး၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး ဆူပူ သောင်းကျန်းမှုများဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်တွင်လည်း သဘောထားများ ဆက်လက်ကွဲပြားကြပြီး လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။
ကာကွယ်တားဆီး
ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုမှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါး ရှိလာပြီဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်မှာ ငြင်းမရသည့်အချက်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက် စည်းလုံးညီညွတ်မှုမှာ အဓိကကျသည့်အချက်ဖြစ်သည်။ စည်းလုံးညီညွတ်မှုကို သံမဏိကဲ့သို့၊ ကျောက်ဆိုင်ကျောက်သားကဲ့သို့ အခိုင်အမာတည်ဆောက်ထားရမည်။ စည်းလုံးညီညွတ်သောတိုင်းပြည်သည် အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်နေသည်ကိုတွေ့ရမည်။ စည်းလုံးညီညွတ်မှုပျက်ပြားသော တိုင်းပြည်တွင် ပဋိပက္ခများ၊ မတည်ငြိမ်မှုများ၊ မဖွံ့ဖြိုးမှုများနှင့် ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံ၊ ပဋိပက္ခအဖြစ်ပွားဆုံးနိုင်ငံဟု သတ်မှတ်ကြသည်မှာ ဂုဏ်ယူစရာမဟုတ်၊ ရှက်စရာဖြစ်သည်။
ပြီးခဲ့သည့်နှစ်များတွင် နိုင်ငံနှင့်နိုင်ငံသားများ ကောင်းကျိုးကိုမလိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများက မြို့ရွာများ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိက ပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြသည်။ မိမိတို့နေထိုင်ရာ မိမိတို့ဒေသနှင့် မိမိလူမျိုးကို ထိခိုက်ပျက်စီးစေသည့် အသိဉာဏ်ဆင်ခြင်တုံ တရားမဲ့သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဟူသည့် ကောင်းမွန်မြင့်မြတ်သည့် အကြောင်းတရားများကို အကြမ်းဖက်လုပ်ရပ်များဖြင့် တလွဲ အသုံးချပြီး မိမိလူမျိုး၊ မိမိဒေသကို အောက်ကျနောက်ကျဖြစ်ပြီး ပျက်စီးအောင်ဖျက်ဆီးနေခြင်းဖြစ်သည်။ အဆိုပါအကြမ်းဖက်လုပ်ရပ်များကို စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်တားဆီးကြရန်၊ ရပ်တန့်အောင်ပြုလုပ်ကြရန်လိုသည်။
အလေးအနက်ဂုဏ်ပြု
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်သောအားမာန်များဖြင့် အမျိုးသားလှုပ်ရှားမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ်ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်နေသူများ ရှိနေသောကြောင့်ဖြစ်သည်။ နိုင်ငံတော်အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို အလေးအနက်ဂုဏ်ပြု ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်မှု၊ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားမှုအပေါ်တွင် အဓိကမူတည်သည်ဟုဆိုချင်သည်။ မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသောအခြေအနေမှာ ပညာတတ်သော်လည်း အသိဉာဏ်ဆင်ခြင်တုံတရား ခေါင်းပါးခြင်း၊ အသိဉာဏ်ဆင်ခြင်တုံတရားရှိသော်လည်း ပညာမတတ်ခြင်း၊ ပညာလည်းမတတ်၊ အသိဉာဏ်ဆင်ခြင်တုံတရားလည်း နည်းပါးခြင်းကြောင့် မနှစ်မြို့ဖွယ်ရာအခြေအနေများ၊ စိတ်မချမ်းမြေ့ဖွယ် အခြေအနေများဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံချစ်စိတ်နှင့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားလာသည်နှင့်အမျှ စည်းလုံးညီညွတ်မှုခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ယင်းတို့အတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။
အသိဉာဏ်မြင့်မား
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘက်စုံပညာရေးကို အကောင်အထည်ဖော်လျက်ရှိပြီး ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းတု၊ သတင်းယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့သော သတင်းအချက်အလက်များဖြင့် ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ ယင်းတို့သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်စီးစေနိုင်သည်။ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် အသိဉာဏ်မြင့်မားသည့် ပညာအရင်းအမြစ်များ လိုအပ်သည်။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် မဏ္ဍိုင်တစ်ခုဖြစ်သည်။ နမူနာအားဖြင့် ဂျပန်နိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် “ကျန်းမာရေး အမျိုးသားရေးဝါဒ (Healthy Nationalism)”၊ “နိုင်ငံကို ချစ်မြတ်နိုးမှု (Love for one’s country)နှင့် ဘိုးဘေးဘီဘင်များကို လေးစားမှု (Respect for one’s ancestors)” စသည့် သင်ရိုးညွှန်းတမ်းများပါဝင်သည်ကို လေ့လာတွေ့ရသည်။ ရပ်ရွာနှင့် မိသားစုပါဝင်ပတ်သက်မှုကို အလေးပေးသည့် လူထုဝန်ဆောင်မှု၊ မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရားနှင့် ရပ်ရွာနိုင်ငံအပေါ် ချစ်ခင်တွယ်တာမှုစသည့်ဘာသာရပ်များ လေ့ကျင့် သင်ကြားပေးသည်ကို တွေ့ရသည်။ ထူးခြားချက်မှာ နိုင်ငံကို ချစ်မြတ်နိုးစိတ်၊ ဘိုးဘေးဘီဘင်များကို လေးစားစိတ်၊ စုပေါင်း လုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ကျောင်းများတွင်သာမက ရပ်ရွာမိသားစုတွင်ကိုပါ လေ့ကျင့်ပေးသည်။
နိုင်ငံချစ်စိတ်တိုးပွား
မြန်မာနိုင်ငံတွင်လည်း ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါအချက်များလည်း ပါဝင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်များကို ပျိုးထောင်လျက် ရှိသည်။ ဘိုးဘေးဘီဘင်များကို တန်ဖိုးထားလေးစား ခြင်းသည် နိုင်ငံကို ချစ်မြတ်နိုးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်များသည် စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးကို တည်ဆောက်ခဲ့ကြသည်။ အင်အားတောင့်တင်းခိုင်မာသော နိုင်ငံတော်ကြီးကို ဖန်တီးခဲ့ကြသည်။ နိုင်ငံလွတ်လပ်ရေးအတွက် အသက်၊ ခန္ဓာများပေးဆပ်ခဲ့ကြသည်။ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးစေရန်၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် အသက်၊ သွေး၊ ချွေး၊ ဇွဲ၊ လုံ့လ၊ အားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းများ အမြောက်အမြား ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။ ၎င်း ပုဂ္ဂိုလ်များကို ဂုဏ်ယူလေးစားတန်ဖိုးထားလျှင် နိုင်ငံချစ်စိတ်များ တိုးပွားလာမည်ဖြစ်သည်။
မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ မိမိလူမျိုး၊ မိမိရပ်ရွာ နိုင်ငံအပေါ်တွင် ချစ်ခင်တွယ်တာမှု စသည့်စိတ်ဓာတ်များ တိုးပွားလာအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အတိတ်သမိုင်းက ကိုလိုနီနယ်ချဲ့စနစ်၏ သွေးခွဲအုပ်ချုပ်မှု စနစ်ဆိုးများကြောင့် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားသည့် အမွေဆိုးကိုရရှိခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့ လက်သစ်တို့၏ အိမ်ကြက်ချင်း အိုးမဲသုတ်ပေးမှု၊ သွေးခွဲမြှောက်ပင့် ထောက်ပံ့ပေးမှုများကြောင့် ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ရသည်။ လက်ရှိတွင် လက်နက်ကိုင်သောင်းကျန်းသူ ခေါင်းဆောင်များက ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးအမျိုးမျိုးပြပြီး လက်တွေ့တွင် ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်နှင့် ပြည်ထောင်စုပြိုကွဲအောင် လက်နက်ကိုင်ပဋိပက္ခများ ဖန်တီးနေသည်ကို တွေ့မြင်နိုင်သည်။ မြန်မာအချင်းချင်းသွေးကွဲပြီး အသုံးချခံ၊ စတေးခံဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။
ကာကွယ်စောင့်ရှောက်
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အရေးကြီးသည့်အခါ သွေးနီးပြီး အရေးကြုံသည့်အခါ သွေးဆုံခဲ့ကြသည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်သွေးတစ်သားတည်း တစ်အူထုံ့ဆင်းဆွေမျိုးရင်းချာ စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကိုအရယူနိုင်ခဲ့ကြသည်။ ပြည်ထောင်စုစိတ်ဓာတ်သည် အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရင်းခံဖြစ်သကဲ့သို့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ထိန်းသိမ်း စောင့်ရှောက်ရေးတွင်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။ ယနေ့မျိုးဆက်များသည် အတိတ်သမိုင်းကြောင်း၏ မြန်မာတို့၏ထွန်းပြောင်မှုကို သိရှိမှ၊ တန်ဖိုးထားမှ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်တိုးပွား ပြီး အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်မည်၊ တည်ဆောက်နိုင်သူများ ဖြစ်လာကြမည်ဖြစ်သည်။
ယနေ့ကာလ ကမ္ဘာ့ရေးရာအခြေအနေများမှာ လွန်စွာနက်နဲရှုပ်ထွေးလာနေသလို မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လျက်ရှိသဖြင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်သည်။ “နွားကွဲလျှင် ကျားဆွဲမည်”ဟူသော စကားပုံအတိုင်း စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ရန်စွယ်အမျိုးမျိုးရောက်ရှိပြီး အန္တရာယ်ကျရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေ ထိုင်ကြသော မြန်မာနိုင်ငံအတွင်း အချင်းချင်း ညီညွတ်မှုမရှိဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ၊ ရပ်ရွာပြည်သူလူထုကိုအကြောက် တရားကိန်းအောင်းစေရန် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ တရားဥပဒေစိုးမိုးမှုနှင့် အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် အဖျက်အမှောင့်လုပ်ငန်း များလုပ်ဆောင်မှုများသည် နိုင်ငံတော်ကို အင်အား ချည့်နဲ့စေကာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ထိပါးစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
ယုံကြည်စွာဝန်းရံ
အမိမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့တည်တံ့ခိုင်မြဲနေစေရန်အတွက် ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်ကြရန် အရေးကြီးပါသည်။ မျိုးဆက်များအား မိမိတို့၏နိုင်ငံတော်ကြီးကို အသက်ပေး ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသည့် ဘိုးဘေးဘီဘင်များအား တန်ဖိုးထားလေးစားစိတ်၊ စုပေါင်းလုပ်ဆောင်တတ်သည့်စိတ်နှင့် မိမိကိုယ်ကို အားကိုးတတ်သည့် စိတ်များရှိလာအောင် ပျိုးထောင်ပေးရန်လိုအပ်သည်။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးများရင်းနှီးပေးဆပ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေသော တရားသောစစ်အောင်မြင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်စွာဖြင့် ဝန်းရံကူညီပေးကြရန် လိုအပ်ပါသည်။
မိမိတို့၏ ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စားရယူပေးခဲ့ကြသည့် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးသည် ပြည်ထောင်စုဖွားအားလုံးတို့၏ မွေးရာပါတာဝန်ဖြစ်သောကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော် ကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။
Source: moi.gov.mm
ယနေ့ခေတ်လူငယ်တွေကြား ဂိမ်းကစားတာက အတော်ခေတ်စားလာပါတယ်။ ကွန်ပျူတာနဲ့ ဂိမ်းကစားတာထက် ဖုန်းနဲ့ဂိမ်းကစားတဲ့သူပိုများလာ တယ်။ ကားစောင့်ရင်း၊ ကားစီးရင်း၊ မုန့်ဆိုင်ထိုင်ရင်း၊ ထမင်းစားရင်း၊ မိတ်ဆွေတွေနဲ့တွေ့ရင်း ဘာလုပ်လုပ် လက်ကနေ ဖုန်းကိုမချတမ်း အသုံးပြုနေသူတွေပတ်ဝန်းကျင်မှာ မြင်တွေ့လာရပါတယ်။
တချို့မိဘတွေက အလုပ်မအားလို့ ကလေးနေရင်ပြီးရော ဖုန်းစိတ်ကြိုက်ပေးသုံးထားတတ်ကြတယ်။ နယ်သာလန်နိုင်ငံမှာ အသက် ၁၄ နှစ်နဲ့အောက်၊ ဩစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်နဲ့အောက် လူငယ်တွေ လူမှုမီဒီယာ၊ ဂိမ်းမသုံးရဆိုပြီး ညွှန်ကြားချက် ထုတ်ထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အစာစားချိန်မမှန်၊ ညမအိပ်ဘဲ ဂိမ်းကစားလို့ အရေးပေါ်အခြေအနေအထိဖြစ်လာတဲ့ကလေးတွေရှိလာတယ်။ နိုင်ငံတကာမှာလည်းတွေ့ နေရပါတယ်။ အဲဒီတွေ့မြင်ရတဲ့အထဲမှာ မျက်ကြောလိုက်တာအဖြစ်များပါတယ်။
မိဘတွေက မျက်ကြောလိုက်မှာစိုးလို့ သား၊ သမီးတွေကို ဂိမ်းကစားတာကန့်သတ်ပေးချင်ပေမယ့် ပြောစကားနားမထောင်တဲ့ ကလေးတွေလည်းရှိ ပါတယ်။ မျက်ကြောလိုက်တာကြောင့် ရုပ်ရည်သွင်ပြင်ကြည့်ရဆိုးတာမျိုးမဖြစ်အောင် ကလေးတွေ ကို သေချာရှင်းပြပြီး ဆုံးမသွန်သင်သင့်ပါတယ်။
ဂိမ်းကစားလွန်းသူတွေ၊ တီဗွီကို နေ့မနား ညမအား အနီးကပ်ကြည့်သူတွေမှာ မျက်ကြောလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂိမ်းကစားချိန်မှာ Screen ကို အချိန်ကြာကြာ အာရုံစိုက်ပြီးကြည့်ရတယ်။ အဲဒီတော့ မျက်လုံးညောင်းလာမယ်။ ညောင်းလာတော့ မျက်လုံးကို အနားယူပေးဖို့အတွက် ပုတ်ခတ်ပုတ်ခတ်လုပ်ရာကနေ မျက်လုံးသဘာဝအရ မျက်ကြောလိုက်သလိုမျိုးဖြစ်လာပါတယ်။ ဒီတော့ မျက်လုံးကိုအနားပေးဖို့လိုအပ်ပါတယ်။
မျက်ကြောလိုက်ရတဲ့အကြောင်းရင်းက မျက်လုံး ကို အနားမပေးလို့ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်တစ်ခု လုံးမှာ ခြေထောက်တွေက လမ်းမလျှောက်တော့ဘူး ဆိုရင် အနားရမယ်။ လက်ကလည်း စာမရေးတော့ ဘူး၊ အလုပ်မလုပ်တော့ဘူးဆိုရင် အနားရတယ်။မျက်လုံးက အဲဒီလိုမဟုတ်ဘူး။ ထိုင်နေရင်လည်း အလုပ်လုပ်ရတယ်။ စာဖတ်တာ၊ ကွန်ပျူတာအသုံးပြုနေချိန်ဆိုရင်လည်း မျက်လုံးကအလုပ်လုပ်နေရတယ်။ မျက်လုံးကို ပိတ်မထားမချင်း အလုပ်လုပ်နေ ရတဲ့ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
စာဖတ်တာ၊ ကွန်ပျူတာကြည့်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းကစားတာတွေများလာတဲ့အခါမှာ မျက်လုံးက ညောင်းလာတယ်။ အဲဒီအချိန်မှာ မျက်လုံးက ပုတ်ခတ် ပုတ်ခတ်ဖြစ်လာတတ်တယ်။ ခြေထောက်က အရမ်း ညောင်းလာတဲ့အချိန်မှာ ခြေထောက်ကြွက်သားတွေ တုန်လာသလို မျက်လုံးကလည်း ညောင်းပြီး ဖွင့်လိုက်၊ ပိတ်လိုက်မကြာခဏဖြစ်လာတယ်။ ဒါကိုမျက်ကြောလိုက်တယ်လို့ပြောတတ်ကြတယ်။ ဒါက မျက်လုံးကိုအနားပေးသင့်တဲ့အချိန်မှာ အနားမပေးလို့ဖြစ်ရတာ ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်နိုင်တဲ့အချက်ကအာရုံကြောကြောင့်ဖြစ်တဲ့ မျက်ကြောလိုက်တာပဲဖြစ်ပါတယ်။ဦးနှောက်နံပါတ်(၇) အာရုံကြောမှာ ထိခိုက်မှုတစ်ခုခု ဖြစ်ရင် ဆေးပညာအခေါ်အဝေါ် Blepharospasm လို့ခေါ်တယ်။ လိုအပ်တာထက်ပိုပြီး မျက်လုံးကိုလှုံ့ဆော်မှုများတဲ့ဖြစ်စဉ်မျိုးတွေမှာလည်း မျက်ကြောလိုက်သလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။
နောက်တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိနေတာကြောင့်မျက်လုံးမှာ တစ်ခုခုဖြစ်နေတယ်လို့ထင်ပြီး မျက်လုံးကိုပုတ်ခတ် ပုတ်ခတ်လုပ်ရင်းကနေ မျက်ကြောလိုက်သလိုဖြစ်နေတတ်ပါတယ်။
မျက်ကြောလိုက်တာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်လို့ရသလား။ အမှိုက်ဝင်တာဆိုရင်တော့ ကာကွယ်လို့မရပါဘူး။ ဒါက မတော်တဆဖြစ်တတ်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။
မျက်လုံးညောင်းတာ မဖြစ်အောင်ဆိုရင်တော့ မျက်လုံးကိုအနားပေးတာ၊ အချိန်ကန့်သတ်ပြီး မျက်လုံးကိုအသုံးပြုတာတွေ ပြုလုပ်မယ်ဆိုရင် မျက်ကြောလိုက်တာကို ကာကွယ်နိုင်ပါတယ်။
နံပါတ်(၇) အာရုံကြောလှုံ့ဆော်မှုဖြစ်လာလို့ မျက်ကြောလိုက်တာဆိုရင်လည်း ကာကွယ်လို့မရပါဘူး။ စိတ်ကြောင့်ဖြစ်လာတဲ့ မျက်ကြောလိုက် တာဆိုရင်တော့ စိတ်ကိုသက်သာရာရစေနိုင်မယ့်နည်းလမ်းတွေပြုလုပ်ပြီး နေထိုင်ရမှာဖြစ်ပါတယ်။ သင့်တင့်တဲ့ စိတ်နှလုံးသွင်းမှုပြုလုပ်ပြီး နေထိုင်ကျင့်ကြံတာ၊ တရားအားထုတ်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပြီး နေထိုင်နိုင်မယ်ဆိုရင်တော့ ကာကွယ်ရာ ရောက်ပါတယ်။
မျက်ကြောလိုက်ရတဲ့ အကြောင်းရင်းတွေကမျက်လုံးမှာ ခိုးလိုးခုလုဖြစ်နေတာ၊ မျက်လုံးညောင်း တာ၊ အိပ်ရေးမဝတာ၊ အလုပ်ပင်ပန်းတာ၊ ဆေးဝါးတွေ ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်တာ၊ စိတ်ဖိစီးမှုဖြစ်တာ၊ အရက်၊ ဆေးလိပ်နဲ့ ကဖင်းဓာတ်များတာတွေသောက်တာ၊ မီးရောင်စူးတာ၊ မျက်လုံးကိုလေသလပ်တာ၊ လေထုညစ်ညမ်းတာ၊ မသိလိုက်ဘဲ မျက်ကြည်လွှာဒဏ်ရာရတာ စတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒါ့ပြင် မျက်ခွံရောင်ရမ်းတာ၊ မျက်ကြည်လွှာရောင်ရမ်းတာ၊ မျက်လုံးခြောက်တာ၊ ပတ်ဝန်းကျင်လေထု မသန့်တာ၊ မျက်လုံးကိုနေစူးတာ၊ စိတ်ဖိစီးမှုများတာ စတာတွေက မျက်ကြောလိုက်တာ၊ မျက်ကြောဆွဲတာကို ပိုဆိုးစေပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးဘူးလို့ ထင်စရာရှိပါတယ်။ ခေါင်းကိုက်နေရင် အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး။ မျက်ခွံကြွက်သားတွေက ဘာမှမလုပ်ရဘဲ သူ့အလိုလို အကြောဆွဲနေတာ၊အပေါ်မျက်ခွံမှာအဖြစ်များပေမယ့် အပေါ်မျက်ခွံရောအောက်မျက်ခွံပါ အကြောဆွဲတဲ့သူရှိပါတယ်။ မျက်ကြောလိုက်တာ သိပ်ပြင်းထန်လွန်းရင် မျက်လုံး ပိတ်တဲ့အထိဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးမျက်ကြော ဆွဲတာ၊ မျက်နှာအကြောလိုက်၊ ထိန်းမရတဲ့ တခြားအကြောလိုက်တာတွေဖြစ်လာရင် အာရုံကြောပြဿနာ ဖြစ်နိုင်လို့ ဆေးရုံဆေးခန်းပြသသင့်ပါတယ်။
အချုပ်ဆိုရရင် မျက်ကြောလိုက်တာ၊ မျက်ကြော ဆွဲတာပြတတ်တဲ့ တခြားရောဂါတွေက မျက်နှာအကြောသေရောဂါ (Bell's palsy)၊ လည်ပင်း အကြောဆွဲတာ(Torticollis)၊ ခက်မာရောဂါစု(multi-ple Sclerosis)၊ ပါကင်ဆန်(Parkinson )ရောဂါ၊ တို့ကရက်ရောဂါ (Tourette Syndrome) တို့ဖြစ်ပါ တယ်။ ကဖင်းပါတာတွေ လျှော့သောက်သင့်ပါတယ်။ အရက်၊ ဆေးလိပ်သောက်သုံးတာ ရှောင်ကြဉ် သင့်ပါတယ်။ မျက်လုံးမခြောက်အောင် မျက်စဉ်းခတ် သင့်တယ်။ မျက်ကြောဆွဲနေတဲ့အချိန် ရေနွေးဖတ် လေးကပ်ပေးသင့်တယ်။ စိတ်ဖိစီးမှုတွေလျှော့သင့်ပါ တယ်။ မျက်ကြောလိုက်တာ၊ မျက်ကြောဆွဲတာပိုဖြစ် စေတဲ့ ဂိမ်းစွဲတာ၊ တီဗွီစွဲတာ၊ ကွန်ပျူတာမျက်နှာပြင် ကြည့်တာတွေကို တစ်ရက်ကို နှစ်နာရီထက် ပိုမသုံး သင့်ပါဘူး။ ရောဂါကြောင့်ဖြစ်ရင် စောစောစီးစီး ဆရာဝန်ထံပြသသင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါတယ်။ ။
Source: Myawady Web Portal
မျက်စိနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန် (အောက်ပါ Link များ ဖော်ပြခွင့်ပြုနိုင်ပါရန်)
မျက်ကြောဆွဲခြင်း
https://hellosayarwon.com/eye-health/eye-diseases/about-eye-twist/
မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတမျိုးပဲဆိုတာ သိပါသလား
https://hellosayarwon.com/brain-ns/headaches-and-migraines/eyestrain-headache/
မျက်လုံးခြောက်တာက ကရိကထရှိတဲ့ရောဂါပါ
https://www.bangkokhospital.com/my/content/dry-eyes
Optic Neuritis (မျက်လုံကြောရောင်ရမ်းခြင်း)
https://www.healthcare.com.mm/postslists/5436/postdetail
မျက်ခွံများ လှုပ်ယမ်းခြင်း၊ အနှောက်အယှက်ဖြစ်ရုံမျှမက ဖြစ်နိုင်သည်။
https://www.bangkokhospital.com/my/content/eyelid-twitching
လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကိုမှီခိုနေထိုင်ကြရသည်။ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်အောင် သဘာဝပတ်ဝန်းကျင် ရင်ခွင်ထဲတွင် ကျင်လည်ကျက်စားလာခဲ့ရသည်။ နောင်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်မှီတွယ်ကြရဦးမည်ဖြစ်သည်။ လူသားတို့မှီတင်းနေထိုင်ရာ တောတောင်၊ ရေ၊ မြေ၊ လေ စသော သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် ကျေးဇူးကြီးမားသော မိတ်ဆွေကောင်းကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏စားဝတ်နေရေးအတွက် လိုအပ်သောသယံဇာတများကို ထိုသဘာဝမိတ်ဆွေကောင်းကြီးထံမှရရှိသောကြောင့်ဖြစ်သည်။ လူအပါအဝင် သက်ရှိသတ္တဝါတို့အသက်ရှင်သန်မှုအတွက် ရှူရှိုက်ရသောအောက်ဆီဂျင်ကို သဘာဝလေထုက လက်ဆောင်အဖြစ်ပေးထားသည်။ တစ်မနက်ပင်အငတ်မခံနိုင်သော ရေသယံဇာတကို သဘာဝမိခင်မြေကြီးက တိုက်ကျွေးနေပါသည်။ ဤသို့ လူသားတို့ကိုများစွာအကျိုးပြုနေသော သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးသည် လူသားတိုင်းပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။
လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် အညမညအပြန်အလှန်ဆက်စပ်လျက်ရှိသည်။ လူသားတို့သည် သဘာဝပတ်ဝန်းကျင်တွင် အခြေချနေထိုင်ပြီး သဘာဝပတ်ဝန်းကျင်ကပေးသော သယံဇာတများကို အသုံးပြုရှင်သန်ရလေသည်။ မြေ၊ ရေ၊ လေတို့က လူသားတို့အတွက် အဖိုးတန်ကောင်းကျိုးတို့ကို စဉ်ဆက်မပြတ်ပေးအပ်နေသကဲ့သို့ ၎င်းတို့ချင်းလည်း အပြန်အလှန် ဆက်စပ်အမှီသဟဲပြုလျက်ရှိသည်။ ထိုမြေ၊ ရေ၊ လေတို့နှင့် လူသားတို့သည်လည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန်တည်မှီနေသည့် ကွင်းဆက်များဖြစ်သည်။ ယင်းသို့ကွင်းဆက်များရှိနေသည့်စနစ်ကို ဂေဟစနစ်ဟုခေါ်သည်။ သို့သော် လူသားတို့သည် သဘာဝတရား၏ ဆက်စပ်ဖြစ်တည် မှုဂေဟစနစ်ကို အလေးမထားဘဲ ကမ္ဘာ့လေထု၊ မြေထု၊ ရေထုတို့ကို အလွန်အကျွံအသုံးချမှုများကြောင့် တဖြည်းဖြည်းယိုယွင်းပျက်စီးလာရသည်။ ထိုယိုယွင်းပျက်စီးမှုများကို အချိန်မီထိန်းသိမ်းပြုပြင်မှုမလုပ်ခဲ့လျှင် ဂေဟစနစ်များ ပိုမိုပျက်ယွင်းကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပြီး လူသားတို့၏ ရှင်သန်နေထိုင်မှုကို ဒုက္ခပေးလာမည်ဖြစ်သည်။
ကမ္ဘာ့အပူချိန်ပို၍တိုးလာရ
လူသားတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မယုံကြည်နိုင်လောက်အောင် အဘက်ဘက်မှ ဆုတ်ယုတ်လာသည်။ တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူသားများက မိမိတို့ နေရာထိုင်ခင်းအတွက် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းကြသည်။ သစ်များအလွန်အကျွံထုတ်လုပ်ကြသည်။ လောင်စာအတွက်အသုံးပြုကြသည်။ ထိုအခါ ကမ္ဘာမြေကို ထီးကဲ့သို့အုပ်မိုးပေးထားသော သစ်တောသစ်ပင်များ လုံးပါးပါးလာပြီး စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်သည် ကန္တာရလွင်တီးခေါင်ဖြစ်လာရသည်။ သစ်ပင်များလျော့ပါးလာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်မှု အားနည်းလာသည်။ လေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ များပြားလာသည့်အခါ ကမ္ဘာ့အပူချိန်ပို၍တိုးလာရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် နေမှလာသော အနီအောက်ရောင်ခြည်များကို စုပ်ယူကာ ပြန်မလွှတ်ဘဲစုဆောင်းထားသည်။ ထိုအခါ အနီအောက်ရောင်ခြည်ကြောင့် လေထုအပူချိန်ကို မြင့်မားလာစေပြီး ကမ္ဘာမြေ၏ ဝင်ရိုးစွန်းဒေသမှ ရေခဲတောင်များ အရည်ပျော်လာရသည်။ ထို့ကြောင့် ပင်လယ်ကမ်းစပ်ကုန်းမြေများ ရေလွှမ်းမိုးခံရပြီး ရေခဲဒေသမှ ကျေးငှက်တိရစ္ဆာန်တို့ သေကျေပျက်စီးကြရသည်။ ပုံမှန်အားဖြင့် ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုပမာဏမှာ အလွန်နည်းပါးပြီး တစ်ရာခိုင်နှုန်းပင်မရှိပေ။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းမြင့်မားလေလေ ပူပြင်းလေလေဖြစ်သည်။ သောကြာဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု ရာခိုင်နှုန်း ၉ဝ ကျော်ရှိ၍ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိမြင့်မားကာ လောင်ကျွမ်းလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းမှသာ အပူရှိန်နည်းပြီး လူသားတို့အသက်ရှူရာတွင် သန့်စင်သော အောက်ဆီဂျင်ကိုလည်းရရှိမည်။ ရာသီဥတုပူပြင်းမှု လျော့နည်းပြီး မိုးခေါင်မှုဘေးမှကင်းဝေးမည်။
အကယ်၍သာ ကာဗွန်ဒိုင်အောက်ဆိုက်များပြား လာမှုကိုမထိန်းချုပ်နိုင်လျှင် အပူရှိန်ပြင်းထန်မှုကြောင့် ရေခဲတောင်များအရည်ပျော်ပြီး ကျွန်းစုများနှင့် ပင်လယ်ကမ်းစပ်မြို့များသည် ရေအောက်သို့နစ်မြုပ်သွားရပေလိမ့်မည်။ စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သော တန်ချိန်သန်းပေါင်းထောင်ချီသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲတွင် များပြားလာသဖြင့် ကမ္ဘာကြီးပူနွေးပြီး ရာသီဥတုဖောက်ပြန်၍ အပူလှိုင်း၊ အအေးလှိုင်းတို့ ဖြတ်သန်းခြင်း၊ မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ကာ အသက်အိုးအိမ်များစွာကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လူ့အသက်တစ်သိန်းကျော်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရသည်က သက်သေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ နာမကျန်းဖြစ်လာသော သဘာဝပတ်ဝန်းကျင်ကို ကုစားရန်သည် လူသားတို့၏တာဝန်မှတစ်ပါး အခြားမရှိတော့ပြီ။
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်
ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ကုစားပြုပြင်ရန် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်ဖြစ်သည်။ ထိုသို့လျှော့ချရန် ရေနံ၊ ကျောက်မီးသွေး ရုပ်ကြွင်းလောင်စာများအစား နေရောင်ခြည်စွမ်းအင်နှင့် ဇီဝလောင်စာများအစားထိုးရမည်။ သစ်တောများသည် ကမ္ဘာ့လေထု၏ ၈ဝ ရာခိုင်နှုန်းကို စုပ်ယူလျှော့ချပေးနိုင်သဖြင့် သစ်ပင်များကို အင်တိုက်အားတိုက် တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များရှင်သန်အောင် ဂရုစိုက်ခြင်း၊ သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ဥပမာ- ကားမစီးဘဲ စက်ဘီးစီးခြင်း၊ လျှပ်စစ်ဓာတ်အား ချွေတာခြင်း၊တစ်နိုင်တစ်ပိုင်သစ်ပင်များ စိုက်ပျိုးခြင်း စသည့်ဆောင်ရွက်ချက်များဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိုသို့ပြုလုပ်ထိန်းသိမ်းကြရန် ဆရာဇော်ဂျီက “ပုပ္ပားမောင် တောင်ကတုံး၊ သျှောင်ထုံးစို့ကွယ်တို့ရယ်” ဟု ကဗျာဖြင့်နှိုးဆော်ခဲ့သကဲ့သို့ စာဆိုဘုတလင်ချစ်လေးကလည်း “သည်ချောင်းအရေး၊ အသက်ပေး၍၊ တုံ့နှေးမဆ၊ ဖြေရှင်းရမည်”ဟု ကဗျာ ခေါင်းလောင်းထိုး၍ နှိုးဆော်ခဲ့သည်။
နည်းပညာမြင့်မားလာသည်နှင့်အမျှ လူတို့သည် အခန်းများတွင် လေအေးစက်များကို တပ်ဆင်ကြသည်။ အဖျော်ယမကာနှင့် အချိုရည်စသည်တို့ကို အေးအေးမြမြသောက်သုံးနိုင်ရန် ရေခဲသေတ္တာကို တီထွင်သုံးစွဲကြသည်။ မိမိ၏ ကိုယ်ခန္ဓာရနံ့သင်းပျံ့စေရန် ရေမွှေးများ ထုတ်လုပ်ပက်ဖျန်းကြသည်။ ယင်းလုပ်ရပ်တို့၏ ဘေးထွက်ဆိုးကျိုးကားလေထုထဲသို့ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့များ ထွက်လာခြင်းပင်ဖြစ်သည်။ ထိုဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော အိုဇုန်းလွှာကိုတိုက်စားပြီး တဖြည်းဖြည်းပါးလွှာကာ အပေါက်ဖြစ်လာစေသည်။ ခရမ်းလွန်ရောင်ခြည်သည် ထိုအိုဇုန်းလွှာအပေါက်မှဖြတ်သန်း၍ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက်သည့်အခါ လူသားတို့အရေပြားနှင့်ထိတွေ့ပြီး အရေပြားကင်ဆာရောဂါဖြစ်စေသည်။ ထို့ကြောင့် နေမှလာသောခရမ်းလွန်ရောင်ခြည်ကို လူသားတို့နှင့်မထိတွေ့စေရန် ကြားခံတံတိုင်းကြီးသဖွယ် ကာကွယ်ပေးနေသော အိုဇုန်းလွှာမပျက်စီးရေးအတွက် ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အက်စစ်မိုးများရွာသွန်း
ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့်အတူ စားရေရိက္ခာထုတ်လုပ်ရေးကလည်း အရေးပါလာသည်။ သီးနှံများကို သမားရိုးကျနည်းဖြင့် အချိန်ကုန်ခံမစိုက်ပျိုးတော့ဘဲ အချိန်တိုကာလအတွင်း သီးနှံအထွက်တိုး ရေးနည်းလမ်းများကို ရှာဖွေလာကြသည်။ သီးနှံအထွက်တိုးရန် ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများကို များစွာအသုံးပြုလာကြသည်။ စိုက်ပျိုးရေးတွင်အသုံးပြုလိုက်သော နိုက်ထရိုဂျင်ဓာတ်မြေ သြဇာများသည် သဘာဝမြေကြီး၏ မီသိန်းဓာတ်ငွေ့ စုပ်ယူနိုင်သောစွမ်းအားကို ထိန်းချုပ်တားဆီးထားလေသည်။ ထိုအခါလေထုထဲတွင်မီသိန်းဓာတ်ငွေ့များ ကြောက်ခမန်းလိလိစုဝေးလာကာ ကမ္ဘာကြီး၏ အပူချိန်ကို မြင့်မားလာစေပြန်သည်။ စက်ရုံ အလုပ်ရုံများတွင်အသုံးပြုသော ဓာတုဆေးများသည် လည်း မိုးရေမှတစ်ဆင့် မြေကြီးနှင့် မြစ်ချောင်းအင်းအိုင်ထဲသို့ပျံ့နှံ့စိမ့်ဝင်ကာ အဆိပ်အတောက် များဖြစ်ပွားစေသည်။ ထို့အတူ ကလိုရင်းဓာတ် အခြေခံသော ချွတ်ဆေးများမှ ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဒိုင်အောက်ဇင်းဓာတ်အညစ်အကြေးများသည် မြစ်ချောင်းအတွင်း စိမ့်ဝင်ကာ အဆိပ်အတောက်များ တိုးပွားလာစေပြန်သည်။ ကျောက်မီးသွေးများ လောင်ကျွမ်းမှုကြောင့်လည်း လေထုညစ်ညမ်းကာ အက်စစ်မိုးများရွာသွန်းစေသည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ချင်းဖြေရှင်း၍ မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်ကိုဖွဲ့စည်းကာ ကမ္ဘာမြေစိမ်းလန်းသာယာပြီး သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် လုံခြုံစိတ်ချရပြီး ကောင်းမွန်သောကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် လူသားများအား သယံဇာတအရင်းအမြစ်များကို အချိန်အခါမရွေး ထင်သလိုရရှိနေမည်မဟုတ်သော ကြောင့် သဘာဝအရင်းအမြစ်များကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းထားပေသည်။ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်အသီးသီးမှ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ သစ်တောများ၊ သမုဒ္ဒရာများ၊ ရေချိုနှင့် သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲသည့် နည်းလမ်းများကိုလည်း ရှာကြံပေးသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း ငွေကြေးနှင့် နည်းပညာအကူအညီများပေးကြရန်လည်း တိုက်တွန်းထားသည်။ မည်သို့ပင်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓာတ်ဖြင့် နိုးကြားစွာပါဝင်ဆောင်ရွက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးကို လှမ်းမျှော်ကြည့်လိုက်လျှင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ တရုတ်နိုင်ငံတွင် သစ်ပင်ပြန်လည်စိုက်ပျိုးရေးကို ယန်စီမြစ်ဒေသတစ်လျှောက်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ဒေသခံအစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုပိတ်ပင်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စိုက်ပျိုးသစ်ပင်များ ၈ဝ ရာခိုင်နှုန်းရှင်သန်ပြီး ရေထုနှင့် မြေထုထိန်းသိမ်းမှုများကို သိသာတိုးတက်စေခဲ့ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်ရေမြေတောတောင် စိမ်းလန်းစိုပြည် သာယာရေးအတွက် နိုင်ငံတော်က သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးပြုစု ကာကွယ်ထိန်းသိမ်းလျက်ရှိရာ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေ ဧရိယာစတုရန်းမိုင် ခြောက်သောင်းကျော် ဖြစ်ထွန်းတည်ရှိနေပြီဖြစ်သည်။ ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းများ၊ သဘာဝနယ်မြေနှင့် ဘေးမဲ့တောထူထောင်ခြင်းများကို ဖော်ဆောင်လျက်ရှိပါသည်။
ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကော်မရှင်က ၁၉၈၇ ခုနှစ်တွင် “ကျွန်ုပ်တို့၏ ဘုံအနာဂတ်” ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် “ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်အမျိုးမျိုးသည် ပတ်ဝန်းကျင်အရင်းအမြစ်ပေါ်တွင် အခြေခံပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် ပတ်ဝန်းကျင်အရင်းအမြစ်များအား ထိပါးပျက်စီးစေသည်” ဟု ဖော်ပြထားသည်။ သဘာဝကမ္ဘာမြေကြီးပျက်စီးရခြင်းမှာ လူတို့၏စီးပွားရေးနှင့် လူမှုရေးမညီမျှမှုတို့၏ အကျိုးဆက်ဟုဆိုပါသည်။ လူသားတို့၏ မိုက်မဲမှု၊ ဥပေက္ခာပြုမှု၊ အမြော်အမြင်ကင်းမဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးရခြင်းဖြစ်ပေရာ မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ကိုးကား။ ။ဝန်းကျင်ကမ္ဘာထိန်းသိမ်းပါ(ဦးရဲဝေ မြန်မာစာ)
အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင်ကို ပူနွေးလာစေပြီး ကမ္ဘာ့ရာသီဥတုပုံစံကို ပြောင်းလဲစေနိုင်သော ဖြစ်စဉ်ဖြစ်ပါသည်။ အယ်လ်နီညိုသည် ၂ - ၇ နှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး ၉ - ၁၂ လအထိ ကြာတတ်ပါသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်၏ ပြင်းထန်သော သက်ရောက်မှုကို ခံစားရနိုင်သောနိုင်ငံများကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများအတွက် ဦးစားပေး စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်သည်။ မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ် မှ ၂၀၁၅ ခုနှစ်အတွင်း-
(၁) ၁၉၈၂- ၁၉၈၃၊
(၂) ၁၉၈၆-၁၉၈၇၊
(၃) ၁၉၈၇-၁၉၈၈၊
(၄) ၁၉၉၁-၁၉၉၂၊
(၅) ၁၉၉၇-၁၉၉၈၊
(၆) ၂၀၀၂-၂၀၀၃၊
(၇) ၂၀၀၉-၂၀၁၀၊
(၈) ၂၀၁၄-၂၀၁၅ များတွင် အယ်လ်နီညိုဖြစ်ပွားမှု ရှစ်ကြိမ်ကြုံတွေ့ခဲ့ရပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲမိုးရေချိန်အောက်လျော့နည်းရရှိပြီး အပူချိန်မြင့်တက်မှုပြင်းထန်နိုင်ပြီး ပူပြင်းခြောက်သွေ့မှုဒဏ်ကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံ၏ တရားဝင်မိုးလေဝသကြေညာချက်များကို စောင့်ကြည့်လေ့လာပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရန် ကမ္ဘာ့မိုးလေဝသအဖွဲ့က နှိုးဆော်ထားပါသည်။
အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှု
ကမ္ဘာ့ရာသီဥတုသည် အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ကြောင့် ပူနွေးလာလျက်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ရိုက်ခတ်လျက်ရှိသကဲ့သို့ ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကိုပါ သက်ရောက်နေပါသည်။ အယ်လ်နီညိုအားကောင်းမှုက စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေပြီး စားနပ်ရိက္ခာထောက်ပံ့မှုကွင်းဆက်ကို နှောင့်ယှက်ဟန့်တားမှုများနှင့် နိုင်ငံစီးပွားရေးကို ထိခိုက်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းသောဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တို့တွင် အဓိကစိုက်ပျိုးပြီး ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် ပြည်နယ်များရှိ မြို့နယ်အချို့တွင်လည်း စိုက်ပျိုးလျက်ရှိပါသည်။
ထို့ကြောင့် အယ်လ်နီညိုသည် ဝါသီးနှံကို အဓိကစိုက်ပျိုးနေသော ဒေသများ၌ ကာလရှည်မိုးခေါင်မှုကို ဖြစ်စေနိုင်ပြီး စိုက်ပျိုးရာသီအတွက် အထူးသဖြင့် မိုးကောင်းသောက် ဝါစိုက်ဒေသများတွင် ပုံမှန်ရာသီဥတုရှိသော နှစ်များနှင့်ယှဉ်ပါက ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်ပါသည်။ တခြားတစ်ဖက်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်ရှိပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကို သက်ရောက်စေနိုင်ပါသည်။ မိုးခေါင်ရေရှားမှုနှင့် အပူချိန်တိုးလာမှုကြောင့် ဝါသီးနှံအပေါ် ရေလိုအပ်ချက်သည် ပုံမှန်စိုက်ရာသီများထက် ပိုနိုင်ပြီး မြေအောက်ရေနှင့် ဆည်ရေသောက်ဒေသများတွင် ရေကိုစနစ်တကျသုံးစွဲရန် အရေးကြီးပါသည်။
ထို့ပြင် ကမ္ဘာကြီးပူနွေးလာပြီး အပူချိန်တိုးလာသည်နှင့်အမျှ အင်းဆက်အားလုံးနီးပါးကို သက်ရောက်မှုရှိပြီး အင်းဆက်ဖျက်ပိုးများကိုသာမက ရောဂါဖြစ်စေသော သက်ရှိများ (မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ နီမတုတ် စသည့်) သက်ရှိများ၏ ဇီဝဖြစ်စဉ်ကိုပါ လျင်မြန်စေသည်ဟု သုတေသနစာတမ်းများတွင် ဆိုထားသည်။ ဤအကျိုးသက်ရောက်မှုများသည် အင်းဆက်ဖျက်ပိုးများနှင့် ရောဂါဖြစ်စေသော သက်ရှိများ၏အရေအတွက် တိုးလာပြီး ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သက်ရောက်မှုများ ကြုံလာရနိုင်ပါသည်။ ဝါပင်၏ ပြင်ပပုံသဏ္ဌာန်နှင့် အပင်ဇီဝဆိုင်ရာ တည်ဆောက်ထားမှု ပုံသဏ္ဌာန်ထူးခြားချက်များသည် အခြားသီးနှံများထက် ပိုးကျရောက်ဖျက်ဆီး ပိုမိုကျရောက်ရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။
ဝါပင်၏ ရာသီဥတုအပေါ်တုံ့ပြန်မှု
ဝါသည် ပူ၍ခြောက်သွေ့သောဒေသများကို ကြိုက်နှစ်သက်ပြီး အမြင့်ဆုံးအထွက်နှုန်းကို ၎င်းဒေသများတွင် ရရှိနိုင်သော်လည်း ၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်အတွင်း ညီညာသောအပူချိန်ရရှိရန် လိုအပ်ပါသည်။ ဝါပင်သည် အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်အထက်ဆိုလျှင် မသင့်လျော်ပါ။ သို့သော် ၄၃ - ၄၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ရက်အနည်းငယ် ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိပါသည်။ ၎င်းအပူချိန်အတိုင်း ရက်အတော်ကြာ ဆက်ရှိနေမည်ဆိုပါက ဝါအထွက်နှုန်းကို ဆိုးကျိုးသက်ရောက်နိုင်ပါသည်။
ဝါပင်ဖြစ်ထွန်းမှုအတွက် အကောင်းဆုံးနေ့တာမှာ ၈ - ၁၂ နာရီအတွင်း ဖြစ်ပါသည်။ ဝါပင်သန်စွမ်းကြီးထွားစေရန် ရေ(အစိုဓာတ်) လိုအပ်သည်။ အစိုဓာတ် မလုံလောက်လျှင် ဝါပင်ညှိုးစေပြီး အဖူး၊ အပွင့်နှင့် သီးကင်းများကြွေကျမည်။ အပင်ကြီးထွားမှုနှေးမည်။ အစိုဓာတ်များလျှင်လည်း အမြစ်များမှ အောက်ဆီဂျင်မရသဖြင့် အပင်ဖြစ်ထွန်းမှုမရှိဘဲ အဖူးနှင့် သီးကင်းများကြွေကျမည်။ အပင်ပုမည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် ပုံမှန်ရာသီဥတုတွင် ရေ ၂၈ ဒသမ ၀ - ၃၈ ဒသမ ၅ ဧကလက်မ လိုအပ်သည်။ သို့ဖြစ်၍ အပင်ကြီးထွားမှု အဆင့်အလိုက် မြေအစိုဓာတ်ထိန်းစွမ်းအား (Field Capacity) လိုအပ်ချက်မှာ- ပန်းမပွင့်မီအချိန်တွင် ၆၅ ရာခိုင်နှုန်း၊ ပန်းပွင့်ဖြိုင်ချိန်တွင် ၇၀ ရာခိုင်နှုန်း၊ ဝါသီးကွဲချိန်တွင် ၆၀ ရာခိုင်နှုန်း အသီးသီးဖြစ်ပါသည်။
မိုးကောင်းသောက်စိုက်ပျိုးမည့်ဒေသတွင် ပျမ်းမျှမိုးရေချိန် ၂၀ လက်မ- ၄၀ လက်မရရှိရန်လိုသည်။ ဝါစိုက်ရန် အသင့်လျော်ဆုံးနှစ်စဉ်ပျမ်းမျှမိုးရေချိန် မှာ ၃၅ လက်မ - ၄၅ လက်မအတွင်း ဖြစ်ပါသည်။ ဝါစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုညီညာပျံ့နှံ့ရန်လိုသည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅ ရာခိုင်နှုန်းအောက် ရှိသင့်သည်။
ဝါစေ့စတင်စိုက်ပျိုးသည်မှ ဝါပင်မြေပေါ်ထွက်လာသည်အထိ ကာလကြာမြင့်မှုမှာ မြေတွင်းအပူချိန်နှင့် သက်ဆိုင်ပါသည်။ မြေအပူချိန် ၁၈ - ၂၂ ဒီဂရီဆဲလ်စီးယပ်အတွင်းတွင် ၁၀-၁၃ရက်ကြာတတ်ပြီး ၂၃-၂၆ ဒီဂရီဆဲလ်စီးယပ် အတွင်းတွင် ၇- ၉ ရက် ကြာတတ်ပါသည်။ မျိုးစေ့အပင်ပေါက်ရန် မြေအနက်လေးလက်မတွင် အနည်းဆုံး ၁၆ ဒီဂရီ ဆဲလ်စီးယပ်ရှိရန် လိုအပ်သည်။ ၎င်းထက်နည်းလျှင် အပင်ပေါက်စုံလင်စွာမရနိုင်ပေ။ ပန်းပွင့်ချိန်နှင့် ဝါသီးသီးချိန်တွင် နေ့အပူချိန် ၂၆ - ၃၂ ဒီဂရီဆဲလ်စီးယပ်အတွင်း ညအချိန်တွင် အအေးအသင့်အတင့် လိုအပ်ပါသည်။ ညအပူချိန်မြင့်မားခြင်း (၈၀ ဒီဂရီဖာရင်ဟိုက်=၂၆ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်နှင့်အထက်)သည် ဝတ်မှုန်အောင်မြင်မှုကျဆင်းစေပြီး အချို့ဝါမျိုးများသည် ညအပူချိန် (၉၈ ဒီဂရီဖာရင်ဟိုက် = ၃၆ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်နှင့်အထက်)တွင် ဝတ်မှုန်ရှင်သန်မှု လုံးဝရပ်တန့်သွားပြီး ဝါစေ့အောင်မြင်မှုနည်းပါသည်။
ဝါစေ့အောင်မြင်မှု နည်းသည့်အတွက် ဝါအထွက်နှုန်းကို ထိခိုက်ကျဆင်းစေနိုင်သည်။ ဝါပွင့်ဝတ်မှုန်သည် အစိုဓာတ်နှင့် တုံ့ပြန်မှုပြင်းထန်သည်။ ဝတ်မှုန်သည် ရေနှင့်ထိတွေ့ပါက ငါးစက္ကန့်အတွင်း ပေါက်ကွဲသွားလေ့ရှိသဖြင့် ပန်းပွင့်ရက်များတွင် နံနက်စောစောမိုးရွာခြင်း၊ ရေစိုခြင်းဖြစ်ပါက မျိုးကူးစက်အောင်မြင်မှုနည်းသည်။ ဝါပွင့်၏ ပွင့်ဖတ်များ ပြန့်ကားပန်းပွင့်လာစေရန် အဓိကအားဖြင့် ရေအစိုဓာတ်က ဆောင်ရွက်ပါသည်။ သို့သော် ပန်းပွင့်ရန်အတွက်မူ ရေနည်းသော်လည်း အောင်မြင်စွာ ပွင့်နိုင်သည်။
ထိုကာလတွင် ပန်းပွင့်သည် ရေငတ်ဒဏ်ကို ခံနိုင်သော်လည်း သန္ဓေအောင်ပြီးနောက် ခံနိုင်ရည်အနည်းဆုံးအဆင့်သို့ ချက်ချင်းရောက်ရှိသွားပြီး ရေနည်းလျှင်ချက်ချင်းကြွေပါသည်။ ပန်းပွင့်ဖြိုင်ချိန်တွင် ဝါခင်းရေမငတ်စေရန် သတိပြုရ မည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် ပြင်းထန်စွာရောက်ရှိပါက ဝါပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ မျိုးကူးစက်မအောင်မြင်ဘဲ အပွင့်နှင့် သီးကင်းကြွေကျမှုကို ဖြစ်စေပါသည်။
ဝါသီးကွဲချိန်တွင် မိုးရွာပါကအထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေနိုင်ပါသည်။ ဝါသီးရင့်မှည့်ချိန်တွင် ပျမ်းမျှနေ့အပူချိန် ၂၂ ဒီဂရီဆဲလ်စီးယပ်ရှိသင့်ပြီး ၎င်းကာလအတွင်း အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာပါက ဝါသီးရင့်မှည့်မှု ရပ်တန့်ကာ သေးငယ်စေပြီး ချည်မျှင်ရင့်မှည့်မှုကို အပြည့်အဝမဖြစ်စေဘဲ အထွက်နှုန်းနှင့် ဂွမ်းအရည်အသွေးကို ကျစေသည်။ ချည်အရည် အသွေးမြင့်မားစေရန် ဝါပင်အင်္ဂါအစိတ်အပိုင်းအလိုက် ပုံမှန်ဖွံ့ဖြိုးမှုလိုအပ်ပါသည်။ ထို့ကြောင့် ဝါကြိုက်နှစ်သောအပူချိန် (၂၀-၃၀ ဒီဂရီဆဲလ်စီးယပ်)တွင် သင့်တော်သော စိုထိုင်းဆရှိပါက ဝါသီးတစ်လုံးတွင် ချည်မျှင်ပါဝင်မှုမြင့်မားပြီး ချည်အလျားတိုနေစေကာမူ ချည်မျှင်ကိုထူစေ၍ ခိုင်မာစေပါသည်။ မြေအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်အောက် ရက်အနည်းငယ် (ကာလတို) ကျရောက်ပါက ရေစုပ်ယူမှုကို နှေးကွေးစေပြီး သင့်လျော်သော အစိုဓာတ်ရှိလျှင်တောင်မှ ဝါပင်ကိုညှိုးစေနိုင်သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေသော သီးညှပ်စိုက်ပျိုးနည်းစနစ်
အချို့ဒေသများတွင် ဝါသီးနှံတစ်မျိုးတည်း စိုက်ပျိုးကြသည်များရှိသကဲ့သို့ သီးညှပ်စိုက်ပျိုးသော ဒေသများလည်းရှိပါသည်။ သီးနှံစိုက်ပျိုးနည်းစနစ်များ များစွာရှိသည့်အနက်မှ အယ်လ်နီညိုရာသီနှင့် လိုက်လျောညီထွေရှိသည့် စိုက်နည်းစနစ်များမှာ-
ချည်မျှင်ရှည်ဝါနှင့် ပဲတီစိမ်း - ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၂ ပေ တစ်ကျင်း နှစ်ပင်ချန် သို့မဟုတ် ၃ ပေ x ၃ပေ တစ်ကျင်း နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်ရှည်ဝါ စိုက်တန်းများ၏ အလယ်တွင် ပဲတီစိမ်းကို ကြွက်မြီးတန်းချစိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် မြေပဲ - မြေပဲကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ကြွက်မြီးတန်းချစိုက်ပျိုးပြီး မြေပဲနှစ်တန်း (ဝါအဓိကပုံစံ) သို့မဟုတ် မြေပဲငါးတန်း (မြေပဲအဓိကပုံစံ) စိုက်ပျိုးပြီးတိုင်း ဝါနှစ်တန်း စိုက်ပျိုးရန် ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေး ဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် နှမ်း - နှမ်းကို ၁ ဒသမ ၅ ပေ စိုက်တန်းဖြင့် ဖြူးချစိုက်ပျိုးပြီး နှမ်းငါးတန်းကျော်တိုင်း ဝါနှစ်တန်းစိုက်ရန်၊ ဝါကိုသတ်မှတ်အတန်းကြား အပင်ကြားအကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ငရုတ် - ပင်ကြား တန်းကြား ၃ပေ x ၂ပေ သို့မဟုတ် ၃ပေx ၃ ပေစနစ်ဖြင့် စိုက်ပျိုးထားသော ငရုတ်ခင်းတွင် ငရုတ်ပင်ကိုင်းခွပြီး ပန်းစပွင့်ချိန်၌ ငရုတ်စိုက်တန်းများအကြား သို့မဟုတ် ငရုတ်နှစ်ပင်ကြား ဝါကိုသတ်မှတ်အပင်ကြား အကွာအဝေးဖြင့် စိုက်ပျိုးခြင်း။
ချည်မျှင်ရှည်ဝါနှင့် ပဲစင်းငုံ- ချည်မျှင်ရှည်ဝါကို ပင်ကြားတန်းကြား ၃ ပေ x ၃ ပေ နှစ်ပင်ချန်စနစ်ဖြင့် စိုက်ပျိုးပြီး ဝါ ၆-၈ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ ၁-၂ တန်း စိုက်ပျိုးခြင်း။
ချည်မျှင်တိုဝါနှင့် ပဲစင်းငုံ - ချည်မျှင် တိုဝါကို ၂ ဒသမ ၅ ပေ x ၁ ပေ နှစ်ပင်ချန် စနစ်ဖြင့် စိုက်ပျိုးပြီး ချည်မျှင်တိုဝါ ၈-၁၀ တန်း စိုက်ပျိုးပြီးတိုင်း ပဲစင်းငုံ တစ်တန်းစိုက်ပျိုးခြင်း။
အထက်ပါ သီးနှံအတွဲများသည် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ အကြံပြုထားသော ဝါစိုက်ပျိုးနည်းစနစ်များထဲမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပုံမှန်မဖြစ်ခြင်းကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိသော သတင်းများကို အမြဲမပြတ်လေ့လာစောင့်ကြည့်၍ ဝါစိုက်တောင်သူဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာစီမံခန့်ခွဲမှုများ (အထူးသဖြင့် စိုက်ပျိုးနည်းစနစ်၊ သီးနှံကာကွယ်ရေး)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် သို့မဟုတ် အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို စီမံဆောင်ရွက်ကြရန် ဖြစ်ပါသည်။ စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ ထက်မံသိလိုသည်များရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဝက်ဆိုက် (www.doa.gov.mm) တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ (Call Center) MPT Free Call ဖုန်းနံပါတ် ၀၈၀၀၈၀၀၈၈၀၀ လည်းကောင်း၊ Viber No. ၀၉၇၆၄၀၀၀၈၄၁ သို့လည်းကောင်း ဖုန်းနံပါတ် ၀၆၇၃၄၁၀၁၃၉ သို့ ရုံးပိတ်ရက်မှအပ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ ။
ဂရင်းလန်းဒေသ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုနှင့် အင်အားကြီးနိုင်ငံအချို့နှင့်ဖြစ်ပေါ်နေသော တင်းမာမှုများကြောင့်ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့အနေဖြင့် ၎င်းတို့၏တပ်ဖွဲ့များကို အဆိုပါကျွန်းပေါ်၌ တပ်ဖြန့်ထားသင့်သည်ဟု အီးယူစစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက ပြောကြားလိုက်သည်။
ဂရင်းလန်းသည် အနာဂတ်တွင် ဥရောပတပ်များကို တပ်ဖြန့်ရာတွင် အကောင်းဆုံးဒေသတစ်ခုဖြစ်လာနိုင်ကြောင်း ဗိုလ်ချုပ်ကြီးရောဘတ်ဘရီဂျာက ဂျာမနီသတင်းစာကြီးတစ်စောင်ဖြစ်သည့်Die Welt နှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခြင်းဖြစ်သည်။
အမေရိကန်တပ်များသည် အဆိုပါကျွန်းပေါ်တွင် ၁၉၄၀ ပြည့်နှစ်အစောပိုင်းအထိ တပ်စွဲခဲ့ရာ နေရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ပင် ဥရောပတပ်များကိုလည်း အဆိုပါဒေသတွင် တပ်ဖြန့်မည့်အစီအစဉ်ကို ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက အမေရိကန်၏လုပ်ဆောင်ချက်ကိုရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီးရောဘတ်ဘရီဂျာ၏အဆိုပါပြောကြားချက်သည် ဂရင်းလန်းနှင့် စပ်လျဉ်း၍ အမေရိကန်သမ္မတ ထရမ့်က ၎င်း၏သဘောထားများကို ထုတ်ဖော်ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အကယ်၍ အီးယူအဖွဲ့က ၎င်းတို့၏ဥရောပတပ်များအား ဂရင်းလန်းပေါ်တွင် တပ်ဖြန့်နိုင်မည်ဆိုပါက ဒေသတွင်းတည်ငြိမ်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ၎င်းကယုံကြည်လျက်ရှိသည်။
သို့ရာတွင် အမေရိကန်တပ်များသို့မဟုတ် အီးယူတပ်များအား အဆိုပါဒေသတွင် တပ်ဖြန့်မည်ဆိုပါကဒေသတွင်းတည်ငြိမ်မှုအပေါ် ဂယက်ရိုက်ခတ်လာနိုင်ကြောင်း အချို့ကယူဆလျက်ရှိသည်။ထို့ပြင် ဒိန်းမတ်နိုင်ငံမှ ကန့်ကွက်မှုများနှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။
အမေရိကန်တို့သည် အဆိုပါကျွန်းအား ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီကတည်းက မျက်စိကျနေခြင်းဖြစ်ပြီး ယင်းကျွန်းအား အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက်ဟုဆိုကာအမေရိကန်ပြည်ထောင်စုနှင့်ပေါင်းစည်းလိုကြောင်းကိုလည်း ထရမ့်ကလူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသည်။
ဂရင်းလန်းဒေသသည် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် အရေးပါမှုကြောင့် ယင်းဒေသသည် အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသင့်ကြောင်းအမေရိကန်သမ္မတ ထရမ့်က ၎င်းသမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းပြောဆိုချက်သည် ဒေသတွင်းနိုင်ငံများကိုအံ့အားသင့်စေခဲ့သည်။ ထို့ပြင် ထရမ့်သည် ၎င်း၏ အဆိုပါအယူအဆကို ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖရက်ဒရစ်ဆင်အား ဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ခြင်းကြောင့် ဒိန်းမတ်အစိုးရအဖွဲ့အတွင်း စိုးရိမ်မှုများမြင့်တက်လာခဲ့သည်ဟု Financial Times သတင်းစာကပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းဖော်ပြခဲ့သည်။
သို့သော် လက်ရှိအချိန်တွင် အမေရိကန်၏ အဆိုပါအစီအစဉ်ကို ဒိန်းမတ်နိုင်ငံသား များက သဘောတူမည့်လက္ခဏာမရှိပေ။ အကြောင်းမှာ ဂရင်းလန်းဒေသအား အမေရိကန်ပြည်ထောင်စုနှင့် ပေါင်းစည်းခြင်းကို ဒိန်းမတ်နိုင်ငံသား ၉၀ ရာခိုင်နှုန်းက ကန့်ကွက်လျက်ရှိသည်ဟု DR ရုပ်သံဌာနက ဇန်နဝါရီလ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
Epinion သုတေသနအဖွဲ့ကြီးသည် ဂရင်းလန်းဒေသက အမေရိကန်ပြည်ထောင်စုနှင့် ပေါင်းစည်းမှုနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိလူ ၁၀၁၆ ဦးအား ၎င်းတို့၏ သဘောထားများကို စစ်တမ်းကောက်ယူခဲ့ရာ ဒိန်းမတ်နိုင်ငံသား ၃ ရာခိုင်နှုန်းကသာ ဂရင်းလန်း အား အမေရိကန်နှင့်ပေါင်းစည်းခြင်းကို လိုလားပြီး အခြား ၇ ရာခိုင်နှုန်းကမူ တိကျသည့် သဘောထားဖော်ပြနိုင်ခြင်းမရှိကြောင်းတွေ့ရှိခဲ့ရသည်။
တစ်နည်းအားဖြင့်ဆိုရပါမူ ဂရင်းလန်းဒေသအား အမေရိကန်နှင့်ပေါင်းစည်းခြင်းကို ဒိန်းမတ်နိုင်ငံသားအများစုက ကန့်ကွက်နေခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါဒေသအား ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေရန်၎င်းတို့ကဆန္ဒရှိနေသည်။
ဂရင်းလန်းဒေသည် ၁၉၅၃ ခုနှစ်အထိ ဒိန်းမတ်နိုင်ငံ၏ ကိုလိုနီနယ်မြေတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်လာခဲ့သော်လည်း ဒိန်းမတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
ဂရင်းလန်း၏ အားသာချက်များကိုလေ့လာမည်ဆိုပါက ယင်းဒေသတွင် သတ္တုတွင်းထွက်များနှင့် ကုန်ကြမ်းပစ္စည်း ပေါကြွယ်ဝသည့်အပြင် အာတိတ်ဒေသရှိ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းနှင့်လည်း နီးစပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းဒေသသည် ပထဝီနိုင်ငံရေးရှုထောင့်အရ အလွန်အရေးပါသည့်နယ်မြေတစ်ခုအဖြစ် အမေရိကန်တို့က ရှုမြင်နေခြင်းဖြစ်သည်။
အမေရိကန်ကွန်ဂရက်ရှိ ရီပတ်ဘလစ်ကန်အမတ်အချို့က ထရမ့်၏အဆိုပါရပ်တည်ချက်၊ သဘောထားကို ထောက်ခံလျက်ရှိပြီး ထရမ့်နေဖြင့် ဂရင်းလန်းအား နိုင်ငံနှင့်ပေါင်းစည်းနိုင်ရေးလုပ်ဆောင်နိုင်ရန်အတွက် “Make Greenland Great Again” ဟုအမည်ပေးထားသည့် မူကြမ်းတစ်ရပ်ကို အန်းဒီ အိုလက်ဆိုသူ ရီပတ်ဘလစ်ကန်အမတ်တစ်ဦးက တင်သွင်းခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် ဒိန်းမတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကာလာဆန်းကလည်း ထရမ့်၏အဆိုပါ သဘောထားကို ထောက်ခံထားသည်။ အကြောင်းမှာ ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းအား အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိသောကြောင့်၎င်းကျွန်းအား အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းကသာ အခြေခံအသိဉာဏ်ပင်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိကန်အနေဖြင့် အခြားနိုင်ငံများ၏ နယ်မြေပေါင်းစည်းမှုနှင့် ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံဥပဒေတို့ကို လေးစားမည်ဟု မျှော်လင့်ကြောင်း အီးယူစစ်ရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရောဘတ်ဘရီဂျာက ပြောကြားခဲ့သည့်အပြင် ဂရင်းလန်းဒေသနှင့် စပ်လျဉ်း၍ အမေရိကန်၏ ဆောင်ရွက်ချက်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟုရုရှားနိုင်ငံကလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအာတိတ်ဒေသ၏ ပထဝီနိုင်ငံရေးအရအရေးပါမှုသည် ဒေသတွင်းတင်းမာမှုများကို ဖြစ်ပေါ်လာစေနိုင်သည့်အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: moi.gov.mm
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ ရပ်တည်လာခဲ့ပြီးမှ ၁၉၉၀ ပြည့်လွန်နှစ်များအရောက်တွင် ဝါးအစည်းပြေသလိုပြိုကွဲကာ သမိုင်းအတွင်း ပြန်လည်တိုးဝင်ပျောက်ကွယ်သွားခဲ့သော တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။
ယူဂိုဆလားဗီးယားနိုင်ငံကို မာရှယ်တီတိုးက ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ယူဂိုဆလားဗီးယားသည် ဧရိယာစတုရန်းမိုင် ၉၈၇၆၆ ရှိပြီး ထိုစဉ်က လူဦးရေ ၁၇ သန်းကျော်မျှသာရှိသည်။ သို့သော် ပြည်နယ်နှင့် လူမျိုးအလိုက် ကွဲပြားခြားနားမှုများရှိသောကြောင့် ဒေသနယ်ပယ်အစွဲရှိကြသော တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်သူ့သမ္မတနိုင်ငံ ခြောက်နိုင်ငံထူထောင်ရန် မာရှယ်တီတိုးက လက်ခံသဘောတူခဲ့သည်။
ပြည်ထောင်စု ယူဂိုဆလားဗီးယားသမ္မတနိုင်ငံ
သို့ဖြင့် ဆားဘီးယား၊ ခရိုအေးရှား၊ ဆလိုဗီးနီးယား၊ မွန်တီနီဂရိုး၊ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား၊ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံတို့ကို စုပေါင်း၍ ပြည်ထောင်စု ယူဂိုဆလားဗီးယား သမ္မတနိုင်ငံအဖြစ် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ဆားဘီးယားသမ္မတနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်နှစ်ခုအဖြစ် ကိုဆိုဗိုနှင့် ဗော့ချ်ဗိုဒီနာတို့ ပါဝင်သည်။ ယူဂိုဆလားဗီးယား ဖက်ဒရယ်ဆိုရှယ်လစ်သမ္မတနိုင်ငံ တစ်ခုလုံးကို ရှစ်ဦးပါ သမ္မတအဖွဲ့က ဦးဆောင်သော်လည်း အလုံးစုံအာဏာပိုင်အဖွဲ့မှာ ယူဂိုဆလားဗီးယား ကွန်မြူနစ်အဖွဲ့ချုပ်ဖြစ်သည်။
မာရှယ်တီတိုးသည် စစ်ထောင်း၍ ကျေခဲ့သော ယူဂိုဆလားဗီးယားနိုင်ငံကို အမြန်ဆုံးပြန်လည်ထူထောင်ရန် ကြိုးစားခဲ့ရသည်။ မာရှယ်တီတိုးသည် ယူဂိုဆလားဗီးယားနိုင်ငံကို ဆိုရှယ်လစ်စနစ်ဖြင့် တည်ဆောက်ခဲ့သော်လည်း တံခါးဖွင့်ပေါ်လစီကို ကျင့်သုံးခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယူဂိုဆလပ်စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့လေသည်။
သို့ရာတွင် မာရှယ်တီတိုးခေတ်မှာပင် ယူဂိုဆလားဗီးယားသည် ဖြေရှင်းရန် ပြဿနာများစွာရှိခဲ့သည်။ လူဦးရေအများဆုံး ဆာ့ဗ်လူမျိုးများနှင့် ဒုတိယအများဆုံးဖြစ်သော ခရိုအေးရှန်းတို့မှာ သမိုင်းရန်ငြိုးရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ခရိုအေးရှားနယ်သား အများစုသည် နာဇီဂျာမနီတို့နှင့်ပူးပေါင်းကာ ခရိုအေးရှားနယ်၌ နေထိုင်ကြသော ဆာ့ဗ်လူမျိုးများကို လူမျိုးရေးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြရာ ဆာ့ဗ်လူမျိုး တစ်သိန်းခန့်အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထိုဖြစ်စဉ်များကြောင့် ဆာ့ဗ်နှင့် ခရိုအေးရှန်းတို့မှာ ရန်ငြိုးမပြေရှိခဲ့ကြသည်။
တစ်ဖန် မြောက်ပိုင်း / တောင်ပိုင်းပြဿနာလည်း ရှိပြန်သည်။ ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့ ပါဝင်သော မြောက်ပိုင်းဒေသများသည် ရေမြေသယံဇာတကြွယ်ဝသဖြင့် အစဉ်အဆက် ပြည့်စုံကြွယ်ဝချမ်းသာခဲ့သော်လည်း တောင်ပိုင်းဒေသများမှာမူ သယံဇာတရှားပါး၍ ဆင်းရဲသည်။ မြောက်ပိုင်း ခရိုအေးရှားနှင့် ဆလိုဗီးနီးယားမှ လူတစ်ဦးချင်း၏ တစ်နှစ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၀၀၀ ရှိသော်လည်း တောင်ပိုင်းမွန်တီနီဂရိုးနယ်နှင့် ကိုဆိုဗိုတွင် ဒေါ်လာ ၇၀၀ မျှသာရှိလေသည်။
ထိန်းမနိုင်သိမ်းမရ
သို့နှင့် မာရှယ်တီတိုးက ပြည်ထောင်စုမူအရသမ္မတနိုင်ငံများ အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်မှုအပေါ် ပြည့်စုံကြွယ်ဝသော မြောက်ပိုင်းက ဆင်းရဲသော တောင်ပိုင်းဒေသများကို အမြဲတမ်းဝေမျှပေးနေရသည့်အတွက် မကျေမနပ်ဖြစ်လာသည်။ အချိုးညီညီ တိုးတက်ရေးဟူသော ဗဟိုအစိုးရ၏ လှုံ့ဆော်ချက်သည် မြောက်ပိုင်းသားများအကြားတွင် အရာမဟုတ်ဘဲရှိနေခဲ့သည်။ ဗဟိုချုပ်ကိုင်မှုဖြင့် စီမံခန့်ခွဲနေချိန်၌ ပြဿနာအကြီးအကျယ်မတက်ခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှု ကို ၁၉၆၆ ခုနှစ်မှစ၍ လျှော့ပေးလိုက်သည့်နောက်တွင် သမ္မတနိုင်ငံများအကြား ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ကြသည်။
ခရိုအေးရှားအရေးအခင်းသည် မာရှယ်တီတိုးအဖို့ ခေါင်းခဲစရာ ပြည်တွင်းရေးပြဿနာတစ်ရပ် ဖြစ်လာခဲ့လေသည်။ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများ အလာများ၍ နိုင်ငံခြားဝင်ငွေ အလွန် ကောင်းသော ခရိုအေးရှားနိုင်ငံက နိုင်ငံခြားဝင်ငွေ ခွဲဝေသုံးစွဲရာတွင် ခရိုအေးရှားနိုင်ငံအတွက် ခွဲတမ်းအများဆုံးပေးရမည်ဟု တောင်းဆိုရာမှ စတင်ခဲ့သည်။
ခရိုအေးရှားမြို့တော် ဇာဂရက်တွင် ၁၉၇၁ ခုနှစ် နိုဝင်ဘာလကဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲကြီးမှတစ်ဆင့် ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်လေကြောင်းဆက်သွယ်ရေး၊ ကုလသမဂ္ဂသို့ သီးခြားဝင်ရောက်ရေးအပါအဝင် ခရိုအေးရှားသမ္မတနိုင်ငံ သီးခြားခွဲထွက်ရေးအထိ တောင်းဆိုလာခဲ့ကြသည်။
အစွန်းရောက်မှုကို သည်းမခံနိုင်
ခရိုအေးရှားသီးခြားခွဲထွက်ရေး အယူအဆမှာ ဒုတိယကမ္ဘာစစ်အတွင်းမှစ၍ တည်ရှိခဲ့သည်။ ခွဲထွက်ရေးသမား ၁၀၀၀ ခန့်သည် အနောက်ဥရောပ နိုင်ငံအချို့နှင့် ကနေဒါ၊ အမေရိကန်နိုင်ငံများတွင် ပြည်ပြေးများအဖြစ် နေထိုင်ခဲ့ကြပြီး ခရိုအေးရှား ပြည်တွင်းဆူပူလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် အခွင့်ကြုံတိုင်း အားပေးအားမြှောက်လုပ်ခဲ့ကြသည်။ ဇာဂရက်ဆန္ဒပြပွဲကြီးသည် ပြည်ပြေးများနှင့် တစ်လေသံတည်း ထွက်လာသောအခါ မာရှယ်တီတိုးသည် ခရိုအေးရှားနယ်သားဖြစ်သော်လည်း မိမိဇာတိဌာနေသားတို့၏ အစွန်းရောက်မှုကို သည်းမခံနိုင်တော့ဘဲ ခပ်ကြမ်းကြမ်းကိုင်တွယ် ခဲ့လေသည်။ တစ်ဖက်တွင်လည်း မာရှယ်တီတိုးသည် ပြည်ထောင်စုကြီးတည်မြဲရေး၊ သမ္မတနိုင်ငံများ ခွဲမထွက်ဘဲ သင့်မြတ်စွာ ပူးပေါင်းနေထိုင်ရေးအတွက် နည်းလမ်းရှာဖွေရန် ဆွေးနွေးခဲ့သည်။
သို့ရာတွင် ခွဲထွက်ရေးသမားပြည်ပြေးတို့က ယူဂိုဆလားဗီးယားလေကြောင်းပိုင် လေယာဉ်တစ်စင်းနှင့် အမြန်ရထားတစ်စင်းတို့ကို ဗုံးပေါက်ခွဲ၍ အပြစ်မဲ့ခရီးသည်အချို့ သေကျေဒဏ်ရာရရှိခဲ့ကြသည်။ ထို့ပြင် ဆွီဒင်နိုင်ငံမြို့တော် စတော့ဟုမ်းရှိ ယူဂိုဆလပ်သံအမတ်ကြီးကိုလည်း ခရိုအေးရှား အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ခရိုအေးရှားအကြမ်းဖက်သမားများသည် မာဖီးယားဂိုဏ်းကြီးပုံစံမျိုးဖြင့် ဖွဲ့စည်းထားပြီးနိုင်ငံခြားတွင် အလုပ်လုပ်နေကြသော ခရိုအေးရှား လူမျိုးများထံမှ နှစ်စဉ်ဆက်ကြေးကောက်ခံ၍ ရန်ပုံငွေအဖြစ် စုဆောင်းခဲ့ကြသည်။
၁၉၈၀ ပြည့်နှစ် မေလတွင် မာရှယ်တီတိုးကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်သော်လည်း ခေါင်းဆောင်ကောင်းပီပီ နိုင်ငံတစ်နိုင်ငံကို ၃၅ နှစ်လုံးလုံး ဦးဆောင်မှုပေးခဲ့သည်။ မာရှယ်တီတိုး မကျန်းမမာဖြစ်စဉ်ကတည်းက လေ့လာသူများက ယူဂိုဆလားဗီးယားနိုင်ငံ၏ အခြေအနေကို သုံးသပ်တွက်ချက်ခဲ့ကြရာ ဘာသာအမျိုးမျိုးနှင့် စကားအထွေထွေရှိသည့် လူမျိုးစုများအနေဖြင့် ဆက်လက်ပြီး စည်းလုံးညီညွတ်ပါ့မလား၊ ကိုယ်ကျိုးစီးပွားအခြေခံသည့် အယူအဆများ လွှမ်းမိုးပြီး ရှေ့တန်းရောက်သူက နောက်ကျကျန်သူကို အနစ်နာခံပြီး တွဲခေါ်နိုင်ပါ့မလား၊ အစဉ်အလာအရ သမိုင်းနှင့်ချီပြီး ရန်ဘက်ပဋိပက္ခဖြစ်ခဲ့မှုတွေကို ဆက်လက်ပြီးပြည်ဖုံးကားချနိုင်ပါ့မလား စသည်ဖြင့် မေးခွန်းများစွာထုတ်ခဲ့ကြပြီး ယူဂိုဆလားဗီးယား နိုင်ငံအတွက် အန္တရာယ်အရှိဆုံးမှာ ပြည်တွင်းရေး ပင်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။
အက်ကြောင်းပေါ်ပေါက်လာ
လေ့လာသူများ သုံးသပ်အဖြေထုတ်သကဲ့သို့ပင် ယူဂိုဆလားဗီးယားနိုင်ငံသည် မာရှယ်တီတိုးကွယ်လွန်ပြီး ၁၀ နှစ်မျှအကြာတွင် စတင်အက်ကြောင်းပေါ်ပေါက်လာသည်။ နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း တစ်စစီပြိုကွဲသွားခဲ့လေသည်။
၁၉၈၈ ခုနှစ်တွင် ဆားဘီးယားပါတီဥက္ကဋ္ဌအဖြစ် ဆလိုဘိုဒန်မီလိုဆီဗစ် တက်လာသည်။ မီလိုဆီဗစ်သည် ယူဂိုဆလားဗီးယားပြည်ထောင်စုတစ်ခုလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ဆာ့ဗ်တို့က ပြန်လည်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဆာ့ဗ်လူမျိုးစုမဟုတ်သော တိုင်းရင်းသားလူမျိုးများ စိုးရိမ်ထိတ်လန့်လာကြသည်။ ၁၉၈၈ နှင့် ၁၉၈၉ ခုနှစ်တွင် မီလိုဆီဗစ်သည် ဗော့ချ်ဗိုဒီနာနှင့် မွန်တီနီဂရိုးပါတီ နှင့် ပြည်နယ်ခေါင်းဆောင်များကို ဖယ်ရှားပစ်ခဲ့သည်။ ကိုဆိုဗိုနှင့်ဗော့ချ်ဗိုဒီနာပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကိုလည်း ရုပ်သိမ်းလိုက်သည်။ ကိုဆိုဗိုတွင် လူများစုဖြစ်သော အယ်လ်ဘေးနီးယား လူမျိုးများကို နှိပ်ကွပ်လွန်းဟုယူဆပြီး အယ်လ်ဘေးနီးယားများ သူပုန်ထကြသည်။
၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလတွင် ယူဂိုဆလားဗီးယားကွန်မြူနစ်အဖွဲ့ချုပ် ပြိုကွဲလေသောအခါ ထိုနှစ်နှောင်းပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများတွင် အမျိုးသားရေးပါတီများ နေရာရလာကြသည်။ ထိုအခါ သီးခြားခွဲထွက်ရေးတောင်းဆိုမှု ဖြစ်ပေါ်လာ၍ ဆန္ဒခံယူပွဲများပြုလုပ်ခဲ့ကြရာ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆလိုဘင်းတို့ကစတင်၍ ခွဲထွက်မည်ဟုဆန္ဒပေးကြသည်။ ၁၉၉၁ ခုနှစ် ဇွန်လတွင် ခရိုအေးရှားကလည်း ခွဲထွက်မည်ဟု ဆန္ဒပေးကြပြန်သည်။ သို့နှင့် ၁၉၉၁ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ခရိုအေးရှားနှင့် ဆလိုဗီးနီးယားတို့က လွတ်လပ်ရေးကြေညာခဲ့ကြသည်။
မကြာမီ ခရိုအေးရှားတွင် ပြည်တွင်းစစ်ထဖြစ်လာတော့သည်။ ယူဂိုဆလပ်တပ်မတော်၏ ထောက်ပံ့မှုရရှိသော ခရိုအေးရှားဆာ့ဗ်ပြည်သူ့စစ်များက တစ်ဖက်၊ အရေးပေါ် ခရိုအေးရှားလွတ်လပ်ရေးတပ်ကတစ်ဖက် တိုက်ခိုက်ကြရာ ကုလသမဂ္ဂက အထူးကိုယ်စားလှယ်စေလွှတ်၍ ကြားဝင်ဖျန်ဖြေခဲ့ရသည်။ ဥရောပအဖွဲ့ EC (ယခု EU)က ယူဂိုဆလားဗီးယား ပြန်လည်စည်းလုံးညီညွတ်ရေးကို ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အဆုံး ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ဆလိုဗီးနီးယားနှင့် ခရိုအေးရှားကို အသိအမှတ်ပြုလိုက်သည်။
ထိုအခါ မက်ဆီဒိုးနီးယားနှင့် ဘော့စနီးယား နှစ်နိုင်ငံစလုံးကလည်း ဆာ့ဗ်များကြီးစိုးနေသည့် လက်ကျန် ယူဂိုဆလားဗီးယားပြည်ထောင်စုထဲတွင် မနေလိုတော့ဟုဆိုကာ လွတ်လပ်ရေးကြေညာရန် စိုင်းပြင်းခဲ့ကြပြန်သည်။ EC က အသိအမှတ်ပြုရန် ၁၉၉၁ ခုနှစ် နှစ်ကုန်ခါနီးတွင် လျှောက်ထားခဲ့ကြသည်။
၁၉၉၂ ခုနှစ် နွေဦးတွင် ယူဂိုဆလပ်နှင့် မက်ဆီ ဒိုးနီးယားတို့ ဆွေးနွေးညှိနှိုင်းမှု အောင်မြင်ခဲ့ပြီး ယူဂိုဆလပ်စစ်တပ်များ ငြိမ်းချမ်းစွာ ပြန်လည်ရုပ်သိမ်းပေးခဲ့၍ မက်ဆီဒိုးနီးယားသည် စစ်မဖြစ်ဘဲ လွတ်လပ်ရေးရသော ယူဂိုဆလားဗီးယား၏ အမွေခံနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။
ဘော့စနီးယားတို့မှာမူ ကံမကောင်းခဲ့ချေ။ ၁၉၉၂ ခုနှစ် ဧပြီလတွင် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ စစ်ဖြစ်ချိန်မှာပင် အမေရိကန်နှင့် EC (ယခု EU) က ဘော့စနီးယားကို အသိအမှတ်ပြုခဲ့သည်။ ဘော့စနီးယားတွင် ဆာ့ဗ်၊ ခရိုအက်နှင့် ဘော့စနီးယား မူဆလင်တို့သည် လူမျိုးရေးကို ရှေ့တန်းတင်၍ အပြင်းအထန်တိုက်ခိုက်ကြရာ အပြစ်မဲ့ပြည်သူ အမြောက်အမြားသေကျေပျက်စီးခဲ့ကြရလေသည်။
တစ်ဖန် ဆားဘီးယားနိုင်ငံ၏ ပြည်နယ်အစိတ်အပိုင်းတစ်ခုဖြစ်သော ကိုဆိုဗိုပြည်နယ်ကလည်း သီးခြားလွတ်လပ်ခွင့်တောင်းဆိုရာမှ ၁၉၉၈ ခုနှစ်တွင် ကိုဆိုဗိုစစ်မီး ထပ်ဆင့်လောင်ကျွမ်းခဲ့လေရာ ယခုတစ်ကြိမ်တွင် အမေရိကန် ဦးဆောင်သော နေတိုးစစ်အုပ်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မပါဘဲ ယူဂိုဆလားဗီးယားကို လေကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့သည်။ နေတိုးစစ်အုပ်စုသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပနေစဉ်မှာပင် စစ်ရေးပစ်မှတ်များကို ပြင်ဆင်နေခဲ့ပြီး ဆွေးနွေးပွဲပျက်ပြားသွားပြီးနောက် ၁၉၉၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လေကြောင်းမှ စတင်ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ဆားဘီးယားနှင့် မွန်တီနီဂရိုးသည် ၁၉၉၂ ခုနှစ် ဧပြီလတွင် ယူဂိုဆလား ဗီးယားဖက်ဒရယ်သမ္မတနိုင်ငံဟု ကြေညာခဲ့ရာ ထိုကြေညာချက်သည် ကျန်လေးနိုင်ငံ ခွဲထွက်သွားသည်ကို အသိအမှတ်ပြုလုပ်သည့်သဘော သက်ရောက်သွားလေသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင်မူ ယူဂိုဆလားဗီးယားဖက်ဒရယ် သမ္မတနိုင်ငံကို ဆားဘီးယားနှင့် မွန်တီနီဂရိုးနိုင်ငံဟု အမည်ပြောင်းလိုက်သည်။
ဝါးအစည်းပြေသလို ဖရိုဖရဲ
ဤသို့ဖြင့် ၃၅ နှစ်ကြာမျှ မာရှယ်တီတိုး တည်ဆောက်ခဲ့သော ယူဂိုဆလားဗီးယား ပြည်ထောင်စုသည် တီတိုးလွန်ပြီး ဆယ်စုနှစ်တစ်ခုမျှအကြာတွင် ဝါးအစည်းပြေသလို ဖရိုဖရဲပြိုကွဲသွားခဲ့ရလေသည်။
ယခင်က အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံများထဲတွင် စံပြတစ်နိုင်ငံအဖြစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံတစ်နိုင်ငံသည် စစ်ပွဲကာလအတွင်း ထောင်းလမောင်း ကြေမွပျက်စီးသွားခဲ့သည်။ စစ်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူများ သိန်းနှင့်ချီ သေကျေပျက်စီးခဲ့ကြရသလို ကျန်ရှိသူများမှာလည်း စားရမဲ့၊ သောက်ရမဲ့ စစ်ဘေးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများတွင် ခိုလှုံနေခဲ့ကြရသည်။ ယူဂိုဆလားဗီးယားနိုင်ငံ၏ သမိုင်းဖြစ်စဉ်များသည် ပြည်ထောင်စုနိုင်ငံများအတွက် သမိုင်းသင်ခန်းစာတစ်ရပ်ဖြစ်ပေသည်။
သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားတိုင်းက ဥမကွဲသိုက်မပျက်၊ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ အေးအတူပူအမျှဟူသည့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်စေရန် ကျင့်ကြံမွေးမြူကြရပါမည်။
နွားကွဲလျှင် ကျားဆွဲပေလိမ့်မည်။ ယခုမျက်မှောက်ကာလမှာပင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအချို့ကြီးစိုးနေသော ဒေသအချို့တွင် လက်နက်ကိုင်အချင်းချင်း သူတစ်လူငါတစ်မင်း နယ်မြေလုရင်း ပဋိပက္ခများဖြစ်ပေါ်နေသည်ကို သင်ခန်းစာအဖြစ် ကျွန်ုပ်တို့ ပြည်ထောင်စုသားအားလုံး ရှုမြင်သတိချပ်ကြရပေမည်။ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ပြည်ထောင်စု၏ မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုစိတ်ဓာတ်ကိုသာ ဦးထိပ်ပန်ဆင်ကြရပေမည်။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲနေမှသာ ပြည်ထောင်စု၏အရိပ်ကို ကျွန်ုပ်တို့ သားစဉ်မြေးဆက် ငြိမ်းချမ်းပျော်ရွှင်စွာ ခိုလှုံနိုင်ကြမည်ဖြစ်ပါသည်။ ။
ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”
Source: moi.gov.mm
ယနေ့နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေကိုရှုမြင်လျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် အချို့ဒေသများတွင် ဒေသခံပြည်သူများ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေသည်ကို တွေ့မြင်နိုင်ပါသည်။
ဒေသခံတိုင်းရင်းသား ပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေရသည့် အဖြစ်ဆိုးများသည် တစ်မြေတည်းဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်းဖြစ်၍ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ဆင်းရဲဒုက္ခပင်ဖြစ်သည်။ မိသားစုအတွင်း ညီအစ်ကို မောင်နှမတစ်ဦးဦး ဆင်းရဲဒုက္ခရောက်သည့်အခါ အခြားညီအစ်ကို မောင်နှမများလည်း စိတ်ဆင်းရဲ၊ စိတ်မကောင်းဖြစ်ကြရသကဲ့သို့ သောကအပူမီးကူးစက်ခံရပါသည်။
စိတ်မကောင်းဖြစ်ရ
ပြည်တွင်း၊ ပြည်ပ ပယောဂအမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ ပြည်ပမှ အိမ်ကြက်ချင်း အိုးမည်းသုတ်သည့် ယုတ်မာပက်စက်သည့် အကြံအစည်များကြောင့်လည်းကောင်း နှစ်ဖက်စလုံးထိခိုက်ကြေပြုန်းနေရသည့် အဖြစ်များမှာ မိမိတို့ တိုင်းရင်းသားအချင်းချင်း ဖြစ်နေသည်ဆိုသည့် အချက်ကို သတိချပ်ဖို့လိုပါသည်။ လက်ရှိကာလအတွင်း၌ပင် အယူအဆ၊ ခံယူချက်လွဲမှားမှု၊ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် မြန်မာနိုင်ငံသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ် ဖျက်ဆီးခဲ့ကြသဖြင့် သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရ၊ ဒုက္ခဆင်းရဲ ခံခဲ့ကြရသည့် မြန်မာနိုင်ငံသားများမှာ ရာထောင်သောင်းချီရှိနေပြီ။ မိမိတို့နိုင်ငံသားအချင်းချင်း ဖြစ်၍ မိသားစုဝင်နိုင်ငံသားများအားလုံးအနေဖြင့်လည်း စိတ်မကောင်းဖြစ်ကြရသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး အချိန်မှစ၍ မျက်မှောက်ကာလယနေ့အချိန်အထိ နိုင်ငံတစ်ဝန်း၌ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခအမျိုးမျိုးတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသည့် ပြည်သူများအရေအတွက် မည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အသက်ခန္ဓာများ အချည်းနှီးဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ဆုံးရှုံးသွားခဲ့ရသော မိသားစုများ၏ ဘဝများ၊ လူသားအရင်းအမြစ်များ အမြောက်အမြားဆုံးရှုံးခဲ့ရခြင်းတို့သည် နိုင်ငံတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ ပြည်သူအားလုံးအတွက် ဝမ်းနည်းကြေကွဲစရာပင် ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ကြဖို့၊ တော်လောက်ကြဖို့ အချိန်ကျရောက်နေပြီဟု ဆိုချင်ပါသည်။
ညီညွတ်မှုတည်ဆောက်
ပြည်တွင်း၊ ပြည်ပ ပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့် လုပ်ရပ်များ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနေသူ များတွင် အများစုမှာ အသက် ၁၈ နှစ်ဝန်းကျင်မှ အသက် ၃၀ ဝန်းကျင်ရှိသည့် မျိုးဆက်သစ် လူငယ် လူရွယ်များဖြစ်နေသည်ကို ပြည်သူအားလုံး သတိချပ်စေချင်ပါသည်။ ထို့ကြောင့် သွေးထိုးမြှောက်ပင့်ပေးမှု၊ စိတ်ဝမ်းကွဲပြားအောင် ပြုလုပ်မှုများကြောင့် အချင်းချင်းကျေကွဲပျက်စီးအောင် ပြုလုပ်မှုများကို ဆင်ခြင်ကြရန်လိုပါသည်။ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးအချင်းချင်း စာနာမှု၊ ရိုင်းပင်းမှု၊ မေတ္တာတရားထားမှုများနှင့် လူငယ်လူရွယ်များ အချည်းနှီးပျက်စီးဆုံးရှုံးမှု မဖြစ်စေဘဲ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင် ပျိုးထောင်ပေးကာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးအဖြစ် လက်တွဲညီညီစည်းလုံးညီညွတ်စွာ တည်ဆောက်သွားရန် တိုက်တွန်းအပ်ပါသည်။
မကြာသေးမီကာလအတွင်းက သောင်းကျန်းသူအဖွဲ့အမျိုးမျိုးတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရသည်။ ပြည်နယ်နှင့်ဒေသများအတွင်း နေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်သည်။ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသများတွင် နေထိုင်ကြသူများကပင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုပျက်စီးစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်မှုများကို အချိန်မီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်မှာလည်း ဒေသခံများပင်ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံတိုင်းရင်းသားအဖွဲ့များက လုပ်ဆောင်ခြင်းသည် အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့ပြီး လွဲမှားသော အတွေးအခေါ်အယူအဆဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်းနှင့် ကိုယ်မွေးဖွားဒေသ၊ ကိုယ့်တိုင်းရင်းသား ပြည်သူများအပေါ် သစ္စာဖောက်ဖျက်ခြင်းပင်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ
အေးချမ်းသာယာဝပြောသည့် နိုင်ငံတည်ဆောက်နိုင်ရန် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးသော အချိန်ကာလဖြစ်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်။ နှစ်ပေါင်းရှည်ကြာလာခဲ့ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံသားများ အသက်ခန္ဓာများ အမြောက်အမြားဆုံးရှုံးခဲ့ရပြီးဖြစ်သလို နိုင်ငံတော်ကြီးသည်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင်ပင် အတော်ပင်နောက်ကျ ကျန်ရစ်နေပြီကို သတိမူကြဖို့ လိုမည်ဖြစ်သည်။ ဆက်လက်၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အချင်းချင်းကြားတွင် စိတ်ဝမ်းကွဲပြားမှုများ ဆက်ဖြစ်နေမည်ဆိုလျှင် တိုင်းရင်းသားပြည်သူများပင် ထို့ထက်မက ဆုံးရှုံးပျက်စီးမှုများ များလာမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးမှု ယခုထက်မက နောက်ကျလာမည်ဖြစ်သည်။
အဓိကမှာ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးဖြစ်သည်။ နိုင်ငံရေးအရ ဆွေးနွေးခြင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခြင်းသည် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ခြေလှမ်း များပင်ဖြစ်သည်။ နိုင်ငံရေးအရ၊ ဝါဒရေးအရ၊ တိုင်းရင်းသားအရေးအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနည်းလမ်းနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုပါသည်။ ငြိမ်းချမ်းရေးကို ရှေးရှုရာတွင် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်းတစ်ခုတည်းသာ မဟုတ်ပါ။ ဒီမိုကရေစီနည်းလမ်းဖြင့်လည်း အဖြေရှာနိုင်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာရောက်မည်ဖြစ်သည်။
ပဋိပက္ခသံသရာလည်
နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်လာပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံကာ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ရိုးသားမှုရှိရန်လိုသည်။ သို့သော် အရေးမသာတော့မှ နိုင်ငံရေးနည်းလမ်းကိုဆိုလိုက်၊ အခြေအနေအလှည့်အပြောင်း အကွက်ချောင်းပြီး နိုင်ငံရေးနည်းလမ်းဆိုလိုက်ဖြင့် မရိုးမသားပြုလုပ်နေမည်ဆိုလျှင် ငြိမ်းချမ်းရေးခရီးနှင့် မနီးဘဲဝေးသထက်ဝေးပြီး ပဋိပက္ခသံသရာတွင် လည်နေမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများလည်း ထိခိုက်သထက်ထိခိုက်လာမည်ဖြစ်သည်။ တိုင်းပြည်လည်း ကျဆင်းသထက် ကျဆင်းလာမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းနေသည်ကို တွေ့မြင်နေရသည်။ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရက အရှိန်အဟုန်ဖြင့် မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်နေသည်မှာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအရေးအတွက် ဖြစ်သည်။ ထိုကဲ့သို့ လျှောက်လှမ်းနိုင်ရန် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်အောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်ချက်မှာ ပြည်သူအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအကျိုးကို ပြည်သူများကပင် အသိဉာဏ်ပညာဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဖန်တီးပေးလျက်ရှိသည်။
ထိရောက်စွာဆောင်ရွက်
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များ ချမှတ်နိုင်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အစိုးရတစ်ရပ်တည်းက ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့်အတူ ဒေသခံပြည်သူများကလည်း အတူလက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်မှသာ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြည်ပမှ သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေးမှုများ၊ ခံယူချက်၊ ယုံကြည်ချက်၊ အသိအမြင်လွဲမှားမှုများဖြင့် ပြည်ထောင်စုကြီးနှင့် ပြည်သူများအကျိုးကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကိုသာ ဇွတ်တိုးလုပ်ကိုင်နေပါလျှင် မြန်မာပြည်ဖွား ပြည်သူများအချင်းချင်း ကြေပြုန်းပျက်စီးခြင်းသို့ရောက်ကြပြီး မိမိတို့ဒေသ၊ မိမိတို့ဒေသခံပြည်သူများ၏ အနာဂတ်ပျောက်နေမည်ကို သတိပြုရမည်ဖြစ်သည်။ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည့်နယ်တစ်ခု၊ ဒေသတစ်ခုဖြစ်စေရန် ပြည်နယ်အတွင်း၊ ဒေသအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ စိတ်ဓာတ်နှင့်အင်အားသည် အဓိကဖြစ်သည်။ နိုင်ငံ၏အင်အားသည် နိုင်ငံအတွင်းမှာ ရှိသကဲ့သို့ ပြည်နယ်၊ ဒေသများ၏ အင်အားသည်လည်း ပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းအင်အားများပင်ဖြစ်သည်။
ညီညွတ်သောအင်အား
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် စည်းလုံးညီညွတ်မှုကို အခိုင်အမာသက်သေထူပြနိုင်ခဲ့သော ပင်လုံစာချုပ်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး၏ ညီညွတ်သော စုပေါင်းအင်အားများကို အထောက်အပံ့ပြု၍ ပေါ်ထွက်လာသောရလဒ်ဖြစ်သည်။ မိမိတို့၏ အမျိုးသားခေါင်းဆောင်ကြီးများ၊ ဘိုးဘေးဘီဘင်များ အခိုင်အမာစိုက်ထူခဲ့သော စည်းလုံးညီညွတ်မှု အဖိုးတန်အမွေအနှစ်ကို မပျက်စီးအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ မျက်မှောက်ကာလရှိ တိုင်းရင်းသား ပြည်သူများအားလုံး၏ တာဝန်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဆက်လက်တည်ဆောက်ကြရမည် ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား မျိုးချစ်စိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်နှင့် ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
နိုင်ငံ၏ အနာဂတ်မျိုးဆက်များကို ပျက်စီးပြုန်းတီးမှုမဖြစ်စေဘဲ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ကာကွယ်စောင့်ရှောက်ပျိုးထောင်ကြရမည် ဖြစ်သည်။ ပြည်နယ်များ၊ ဒေသများရှိ တိုင်းရင်းသားပြည်သူများလည်း အတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း စဉ်များတွင် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပြီး ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာဝပြော၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြပါရန် ဆန္ဒပြုတိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Source: moi.gov.mm