ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ပိတ်ရက် တနင်္ဂနွေနေ့မှာ  စိုးသူတို့သူငယ်ချင်းတစ်သိုက် ဂွကန်ဘုန်းကြီးကျောင်းသို့သွားကြသည်။ သူတို့တတ်နိုင်သမျှ ကျောင်းဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ပြီး ချုံနွယ်များကို ရှင်းလင်းပေးကြသည်။ ထိုပွဲသို့ လေးလေးဦးချစ်တိုးလည်းလိုက်လာကာ စိုးသူတို့ကို ဝိုင်းကူပေးသည်။ ကျောင်းထိုင်ဆရာတော်က ခြံဝင်းအတွင်း ရှင်းလင်းလိုသည်များကို ပြောပြလေသည်။

“မောင်အေးပါလား၊ ဆွမ်းချိုင့်လာပို့တာလား”

“တင်ပါ့”

ကျောင်းထိုင်ဆရာတော်က    ဦးချလာသောမောင်အေးကို လှမ်းမေးလိုက်သည်။

“မင်းအမေရော  နေကောင်းလား”

“တင်ပါ့၊ ကောင်းပါတယ်ဘုရား”

“အေး...အေး၊ ဆွမ်းချိုင့်ကို ကျောင်းထဲသွားပို့လိုက်”

မောင်အေးက ဆရာတော်ကို ဦးချပြီးနောက်ဆွမ်းချိုင့်ကိုဆွဲကာ ကျောင်းထဲသို့ ဝင်သွားလေသည်။

“အဲဒါ စိုးလေးတို့နောက်ဘက်ခြံက မဟုတ်လား”“ဟုတ်တယ် လေးလေး၊ သူ့အမေက မျက်စိကွယ်နေတယ်”

“ဟုတ်လား၊ လေးလေး ထင်တော့ထင်သားကွ၊ဒီလူက လိမ္မာသားပဲ၊ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်တယ်”“လေးလေးကလည်း၊ နေ့တိုင်းမြင်နေရတာ အဆန်းလုပ်လို့”စိုးသူက လေးလေးစကားကို ပြန်ချေပလိုက်မိသည်။ လေးလေးက“နေ့တိုင်းမြင်နေရတော့လည်း အဆန်းမဟုတ်ဘူးပေါ့ စိုးသူလေးရာ၊ သေချာကြည့်ရင်တော့ ဆန်းတာပေါ့၊ မိခင်ရဲ့ကျေးဇူးဟာ ဘယ်လောက်အထိကြီးမားတယ်ဆိုတာ စိုးလေးတို့ကျောင်းမှာ မသင်ရဘူးလား”“ဆရာပြောပြပါတယ်လေးလေး”လေးလေးက ခုတ်ထွင်ပြီးသော ချုံနွယ်များကိုစုပုံနေရင်း“မိခင်ဆိုတာ သားသန္ဓေလွယ်ကတည်းက ရင်ထဲက သန္ဓေသားကို ကျန်းမာသူလေးဖြစ်ပါစေ၊ချမ်းသာသူလေးဖြစ်ပါစေ၊ ကိုယ်လက်အင်္ဂါပြည့်စုံပါစေလို့ ရင်ထဲက ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာနဲ့ သူ့သန္ဓေသားလေးကို စချစ်ခဲ့တာ”စိုးသူက လေးလေးစုပုံပေးသော အမှိုက်များကိုသိမ်းကျုံးကာ ကျောင်းထောင့်ကို နှစ်ယောက်သားသွားပုံလိုက်သည်။

“ဒီကနေ့ တိုးတက်နေတဲ့ ခေတ်မို့သာပေါ့၊ ဟိုးရှေးတုန်းကဆိုရင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ဘဝဟာ သိပ်ပင်ပန်းကြရတာ၊ ဒါကြောင့် မိခင်ရဲ့ကျေးဇူးဟာ သိပ်ကြီးမားတယ်၊ ဆပ်လို့မကုန်နိုင်ဘူးလို့ ဘိုးဘေးတွေက မိန့်မှာခဲ့ကြတာပေါ့”“ဒီကနေ့အချိန်မှာ မိခင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့အမေများနေ့လို့ တချို့ကရက်သတ်မှတ်ပြီး အမေတွေကို ဂုဏ်ပြုဦးညွှတ်ဝပ်တွားကန်တော့ကြတယ်၊ဘုရားရှင်ကလည်း မိခင်ရဲ့ဂုဏ်ပုဒ်ကို ချီးကျူးထုတ်ဖော်ဟောပြဖူးတယ်။ အမေတိုင်းဟာ သူတို့ရဲ့သွေးနို့ရည်ကို တိုက်ပြီး လေးလေးတို့ စိုးလေးတို့ကို ကြီးထွားအောင်၊ လောကကြီးအလယ်မှာ မတ်တတ်ရပ်နိုင်အောင်၊ လောကကြီးကိုရှုမြင်နိုင်အောင်  သွန်သင်ဆုံးမခဲ့ကြတာ။ ကဲ စိုးလေးရော အမေ့ကိုချစ်လား၊အမေ့ကျေးဇူးကို  သိရဲ့လား”လေးလေးဦးချစ်တိုး၏    အမေးကို   စိုးသူကခေါင်းညိတ်၍  အဖြေပြန်ပေးလိုက်မိသည်။

မိခင်ဖခင်၏ ကျေးဇူးကိုသိ၍ မိခင်ဖခင်တို့အားကျွေးမွေးစောင့်ရှောက်တတ်သော သားသမီးတို့သည် ယခုဘဝနောက်ဘဝ နှစ်ဌာနလုံး၌ နတ်တို့၏ ချီးကျူးပူဇော်မှုကို ခံယူရရှိကြသည်။ လေးလေးစကားသည်စိုးသူနှလုံးသားထဲ၌ သံမှိုစွဲသလို စွဲထင်သွားသည့်နည်းတူ  မိခင်ဖခင်ကို  လုပ်ကျွေးပြုစုနိုင်သောသားရတနာဖြစ်အောင်ကြိုးစားသွားမည်ဟုလည်း ဆုံးဖြတ်လိုက်မိပါတော့သည်။

Source: https://myawady.net.mm/stories

 

ကိုဇော်ဌေး(ယဉ်ကျေးမှု)

ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းဆိုသည်မှာ လူသားတိုင်း၏  ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊   ရောဂါ ဖြစ်ပွားမှုလျော့ကျစေရန်နှင့် လူတိုင်း သက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်ရန် လုပ်ဆောင်ရသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းသည်ရောဂါကာကွယ်ခြင်းသာမကရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်တို့ကိုပါ ပျော်ရွှင်ကျန်းမာစေရန် အထောက်အကူပြုပါသည်။

ကျန်းမာရေးအဆင့်မြှင့်တင်ရန်အတွက် ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း၊ လူတိုင်းအာဟာရမျှတအောင်စားသောက်ခြင်း၊ မူးယစ်ဆေးဝါးနှင့်ဆေးလိပ်သောက်သုံးမှု ရှောင်ကြဉ်ခြင်း၊   ကျန်းမာသောလူမှုဘဝနှင့် ပတ်ဝန်းကျင်ကောင်းများဖန်တီး ပေးခြင်း၊သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးကို ဦးစားပေးလုပ်ဆောင်ခြင်း၊ မူဝါဒဆိုင်ရာပြုပြင်မှုများ ပြုလုပ်ခြင်း စသည့်အချက်များပါဝင်ပါသည်။

ကျန်းမာခြင်းဟုဆိုရာတွင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းရှိမှသာ ပြည့်စုံသောကျန်းမာခြင်းဖြစ်ပေမည်။ ထို့ကြောင့်ကျန်းမာရေးအဆင့်မြှင့်တင်ရာတွင် စိတ်ကျန်းမာရေးကဏ္ဍကိုချန်လှပ်ထား၍မရနိုင်ပါ။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည်လူတစ်ဦး၏ နေထိုင်မှု၊  အလုပ်လုပ်နိုင်မှု၊   လူမှုပေါင်းသင်းဆက်ဆံ ရေးကောင်းမွန်မှု  စသည့်ဘဝတန်ဖိုးများကို တိုက်ရိုက် သက်ရောက်စေပါသည်။

စိတ်ကျန်းမာရေးသည် အလုံးစုံကျန်းမာရေး၏ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စိတ်ကျန်းမာရေးသည် လူနေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှု ထိန်းချုပ်ခြင်းနှင့်  စိတ်ခံစားချက်များကိုထိန်းညှိ ခြင်းများအတွက်လည်း အရေးကြီးလှပါသည်။ စိတ်ကျန်းမာရေးကောင်းမွန်မှုသည်  ကျန်းမာသောစားသောက်မှုပုံစံ၊   စိတ်ဖိစီးမှုထိန်းချုပ်နိုင်မှုနှင့် ရေရှည်ကျန်းမာရေးကောင်းမွန်အောင်  လုပ်ဆောင်ရာတွင် အရေးကြီးပါသည်။

စိတ်ကျန်းမာရေးကောင်းမွန်သည်ဟုဆိုရာတွင်-

(၁) ကောင်းမွန်သောစိတ်ခံစားချက်ရှိခြင်း(Emotional well-being)-မိမိစိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊     သင့်တင့်လျောက်ပတ်သောစိတ်ခံစားချက်ကိုသာပြသခြင်း၊ စိတ်ဖိစီးမှုများကိုဖြေရှင်းနိုင်ခြင်း၊

(၂) ကောင်းမွန်သောစိတ်အခြေအနေရှိခြင်း (psy-chological well-being) - မိမိ၏ဖြစ်တည်မှုကို လက်ခံခြင်း၊ ဘဝရည်မှန်းချက်ထားရှိခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိခြင်း၊ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိခြင်း၊

(၃) ကောင်းမွန်သော လူမှုအသိုင်းအဝိုင်းရှိခြင်း (Social well-being) - တခြားသူများနှင့် ဆက်ဆံရေးကောင်းခြင်း၊ လူမှုရေးလုပ်ငန်းများတွင်ပါဝင်နိုင်ခြင်း၊  အကူအညီပေးနိုင်သူများနှင့် ချိတ်ဆက်ထားခြင်းတို့ပါဝင်ပါသည်။

ကျန်းမာရေးနှင့်ညီညွတ်သော   လူနေမှုဘဝပုံစံ များက စိတ်ကျန်းမာရေးပြဿနာမဖြစ်အောင် ကာကွယ်နိုင်သကဲ့သို့ ဖြစ်ပြီးသားစိတ်ကျန်းမာရေးပြဿနာများကိုလည်း ပိုမဆိုးလာအောင် ကာကွယ်စေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာကုထုံးများ၊ ပတ်ဝန်းကျင်၏ကူညီစောင့်ရှောက်မှု၊လူနေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝသောအစားအစာများကို   စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံခြင်းသည်   စိတ်ရောကိုယ်ပါကျန်းမာစေရုံသာမက ကျန်းမာသောလူနေမှုပုံစံကိုလည်းဖြစ်စေပါသည်။

နေ့စဉ်နေထိုင်မှုဘဝပုံစံနှင့် စိတ်ကျန်းမာရေးအခြေအနေတို့က အပြန်အလှန်သက်ရောက်မှုရှိပါသည်။ စိတ်ကျန်းမာရေးအခြေအနေကလည်း အပြုအမူကို လွှမ်းမိုးနိုင်ပါသည်။ နေ့စဉ် နေထိုင်မှုဘဝပုံစံကြောင့်လည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံတို့ကို ထိန်းသိမ်းရာတွင်   စိတ်ကျန်းမာရေးသည် အခြေခံအုတ်မြစ်အဖြစ် အရေးပါလှပါသည်။ နေ့စဉ်လူနေထိုင်မှုဘဝပုံစံများကြောင့်  ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေသောအပြုအမူများကို ပြုလုပ်မိနိုင်သည်။

ယင်းတို့မှာ-

(၁) စားသောက်မှုပုံစံများ

စိတ်ဖိစီးမှုများခြင်း၊    စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကလည်း   ကျန်းမာရေးနှင့် မကိုက်ညီသောအစားအသောက်များကို စားမိစေပါသည်။ အဝလွန်ခြင်းများကို ဖြစ်လာစေပါသည်။

(၂) အိပ်မပျော်ခြင်း/အိပ်စက်ရခက်ခဲခြင်း

စိတ်ကျန်းမာရေးမပြည့်စုံမှုကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ ခဏခဏနိုးခြင်း၊ အစောကြီးနိုးနေခြင်းစသည့် အိပ်စက်ခြင်းဆိုင်ရာအခက်အခဲများဖြစ်စေနိုင်ပါသည်။

(၃) မူးယစ်ဆေးဝါးသုံးစွဲမိခြင်း

စိတ်ကျန်းမာရေးအခက်အခဲများကြောင့် ထွက်ပေါက်တစ်ခုအနေဖြင့် အရက်နှင့် ဆေးဝါးများသုံးစွဲမိတတ်ပါသည်။ ထိုမှတစ်ဆင့် အရက်နှင့်မူးယစ်ဆေးစွဲခြင်း၊   ခန္ဓာကိုယ်ရောဂါများဖြစ်ပွားလာခြင်းနှင့် စိတ်ကျန်းမာရေးရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်လာနိုင်ပါသည်။

(၄) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

စိတ်မကျန်းမာခြင်းကြောင့်   ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊  အားမရှိသကဲ့သို့  ခံစားရခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှု    နည်းပါးသွားတတ်ပါသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာ ရေးထိခိုက်လာစေပါသည်။ ထို့ကြောင့် ကျန်းမာသောလူနေထိုင်မှုပုံစံကသာလျှင်       ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ခြင်း၊ စိတ်ကျန်းမာရေးကောင်းမွန်ခြင်း၊ ခွန်အားနှင့်ပြည့်စုံ၍ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်လာခြင်းနှင့် ရေရှည်ကောင်းကျိုးများခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာ    လေ့ကျင့်နည်းများဖြစ်သည့်ယောဂ၊ ထိုက်ချီ၊ သတိပဋ္ဌာန်တရားကဲ့သို့ စိတ်တည်ငြိမ်စေရန်လေ့ကျင့်ခြင်းများနှင့်      အသိ/သတိနှင့်နေထိုင်ခြင်း  (Mindfulness)တို့သည်    စိတ်ဖိစီးမှုများကို   လျော့ကျစေပြီး စိတ်ခွန်အားများရရှိစေပါသည်။ ယောဂကျင့်စဉ်များကြောင့်    ဦးနှောက်၏တည်ဆောက်ပုံနှင့်      လုပ်ငန်းဆောင်တာများကို ကောင်းစေသည့်အတွက် စိတ်ဖိစီးမှုများကိုလျော့ကျစေနိုင်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်လာနိုင်ပါသည်။ Mindfulness Based Stress Reduction (MBSR)ကို လေ့ကျင့်ခြင်းသည် စိုးရိမ်ပူပန်သော စိတ်ရောဂါကိုကုသရာတွင်  ဆေးဝါးများကဲ့သို့ထိရောက်မှုရှိကြောင်း တွေ့ရပါသည်။

အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာစေရေးအတွက် အရေးကြီးသောအချက်တစ်ခုဖြစ်ပါသည်။ လူအများစုတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်း၊   အိပ်ချိန်မမှန်ခြင်းနှင့်  အိပ်ချိန်မပြည့်ဝခြင်းတို့ကြောင့်   ပင်ပန်းနွမ်းနယ်ခြင်း၊  စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊  ဆုံးဖြတ်ချက်များဝေဝါးလာခြင်းနှင့် စိတ်မတည်ငြိမ်ခြင်းတို့ဖြစ်စေနိုင်ပါသည်။  နေ့စဉ်လုပ်ငန်းဆောင်တာများ  အပြောင်းအလဲများခြင်း၊လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် Screen  Time  များခြင်းတို့ကလည်း  အိပ်စက်ခြင်းကို  ထိခိုက်စေပါသည်။ ကျန်းမာသောလူနေမှုပုံစံတွင် အိပ်ရေးဝဝအိပ်ရစေရန် အိပ်ချိန်မှန်မှန်ထားခြင်း၊နေ့စဉ်လုပ်ငန်းများကို  ပုံသေထားခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်ပါသည်။

လူမှုဆက်ဆံရေးကောင်းမွန်ခြင်းသည်    စိတ်ကျန်းမာရေးအတွက် အရေးပါလှပါသည်။ လူတို့သည်အဖွဲ့အစည်းဖြင့်   နေထိုင်ကြရသောသဘာဝတရားဖြစ်ပါသည်။   တစ်ဦးတစ်ယောက်တည်းနေ၍မရ၊ တစ်ဦးတည်းသီးခြားနေထိုင်ပါက  စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများတွေ့ကြုံလာနိုင်ပြီး အချိန်မတိုင်မီ သေဆုံးခြင်းများပင် ဖြစ်လာနိုင်ပါသည်။

စိတ်ကစဉ့်ကလျားနှင့် စိတ်ကြွ၊  စိတ်ကျရောဂါကဲ့သို့သော  ပြင်းထန်သည့်စိတ်ရောဂါများသည်ပင်လျှင် လူမှုပတ်ဝန်းကျင်ပံ့ပိုးမှုကောင်းပါက သက်သာနိုင်ပါသည်။  မိသားစုနှင့်  ပတ်ဝန်းကျင်တို့၏အကူအညီကိုရရှိပါက အခက်အခဲများကို  ရင်ဆိုင်ဖြေရှင်းနိုင်ပြီး    စိတ်ဓာတ်ကြံ့ခိုင်မှုများရရှိလာမည်ဖြစ်ပါသည်။   မိမိအား ပံ့ပိုးကူညီသူ၊ ချစ်ခင်သူများရှိနေသည့်အတွက် စိတ်လုံခြုံမှုများရရှိနိုင်ပါသည်။

အရာရာကို   အကောင်းမြင်သည့်စိတ်များဖြင့်  မိမိကိုယ်ကို  တန်ဖိုးထားတတ်လာပြီး  အခက်အခဲများကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ စိတ်နှင့်ခန္ဓာကျန်းမာရေးအတွက်များစွာအထောက်အပံ့ကောင်းဖြစ်စေပါသည်။

ကျန်းမာရေးထိခိုက်စေသော အပြုအမူများ(ဥပမာ- ဆေးလိပ်၊   အရက်သောက်ခြင်း၊  စည်းကမ်းမဲ့စွာမော်တော်ယာဉ်မောင်းနှင်ခြင်း၊ မသန့်ရှင်းသော အစားအစာများစားသုံးခြင်း)ကြောင့် ရောဂါဖြစ်ပွားစေနိုင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေနိုင်ခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အပြင် လူမှုဒုက္ခများပါ ခံစားရနိုင်ပါသည်။ ထိုအပြုအမူများကို ပြုလုပ်မိအောင် တွန်းအားပေးသောအကြောင်းအရာများလည်းရှိပေသည်။ ယင်းတို့မှာ   တစ်ယောက်တည်းနေခြင်း၊ စိတ်ခံစားချက်များလွန်းခြင်း၊ လူနေထိုင်မှုဘဝနိမ့်ကျခြင်း၊ ပညာမတတ်ခြင်း၊ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ အသက်အရွယ်ကြီးခြင်းနှင့် နာတာရှည်ရောဂါခံစားနေရခြင်းတို့ပါဝင်ပါသည်။ ကျန်းမာရေးထိခိုက်စေသောအပြုအမူများကို  မပြုလုပ်မိအောင်  ကာကွယ်ပေးနိုင်သည်များမှာ မိမိကိုယ်ကိုယုံကြည်ခြင်း၊ သဘောထားပြည့်ဝခြင်း၊ စိတ်ခံစားချက်များကိုထိန်းချုပ်နိုင်ခြင်း၊ မိမိ၏အပြုအမူများကို ထိန်းချုပ်နိုင်ခြင်း၊ လောကဓံကိုခံနိုင်ရည်ရှိခြင်း၊ စိတ်ခွန်အားရှိခြင်း၊ ပတ်ဝန်းကျင်၏အထောက်အပံ့ကို ရရှိခြင်းတို့ဖြစ်ပေသည်။ကျန်းမာသောလူနေမှုပုံစံရရှိရန်အတွက်နည်းလမ်းကောင်းများစွာရှိပါသည်။

(၁) မိမိတွင် ကျန်းမာရေးအတွက် အန္တရာယ်ရှိသောအပြုအမူများ ရှိ/မရှိ ဆန်းစစ်ပါ (ဥပမာ-အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာများများစားခြင်း)၊

(၂) ကျန်းမာသောလူနေမှုပုံစံရရှိအောင်  မိမိတွင်ရှိသော အားနည်းချက်၊ အားသာချက်များကို ရှာဖွေပါ (ဥပမာ-မိတ်ဆွေကောင်းများရှိခြင်း၊ အိမ်နီးချင်းကောင်းများရှိခြင်း)၊

(၃) မိမိကိုယ်တိုင်ပြုပြင် လုပ်ဆောင်နိုင်မည့်နည်းလမ်းများရွေးချယ်ပါ (ဥပမာ -  အချိန်မှန်မှန်အိပ်ခြင်း၊ ဖုန်းနှင့် Screen Time များလျှော့ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း)၊

(၄) မိမိအတွက် အနှောင့်အယှက်ဖြစ်စေမည့်အရာများကိုရှောင်ရှားပါ (ဥပမာ-သူငယ်ချင်းများနှင့် Club သွားခြင်း)၊

(၅) မိမိအား အကူအညီပေးနိုင်သူများနှင့်ပေါင်းသင်းပါ (ဥပမာ- ယောဂသင်တန်းများသွားခြင်း၊ အားကစားဆိုင်ရာအသင်းတစ်ခုခုတွင် ပါဝင်လုပ်ဆောင်ခြင်း)၊

(၆) လိုအပ်ပါက   ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ပါ   (ဥပမာ-ကိုယ်အလေးချိန်လျှော့ချရန် အာဟာရဆရာဝန်နှင့်တိုင်ပင်ခြင်း)၊

(၇) ကျန်းမာသောလူနေမှုပုံစံဖြစ်အောင်ပြုပြင်ပြောင်းလဲရာတွင်ဖြစ်နိုင်သော၊တိုင်းတာ၍ရသော၊ ဖြစ်သင့်ဖြစ်ထိုက်သော၊ အချိန်အကန့်အသတ်ရှိသောရည်မှန်းချက်များချမှတ်ပြီးအောင်မြင်စေရန် ထိန်းသိမ်းဆောင်ရွက်ရပါမည်။(ဥပမာ-တစ်လအတွင်း ဆေးလိပ်လုံးဝပြတ်ရမည်။ တစ်လအတွင်း ကိုယ်အလေးချိန် ၅ ပေါင်ကျအောင်ကြိုးစားမည်)၊

(၈) ကျန်းမာသောလူနေထိုင်မှုပုံစံဖြစ်အောင် ကြိုးစားရာတွင်  သင့်လျော်သောနည်းပညာအကူအညီဖြင့်တယ်လီဖုန်းများ၊ Digital device များတွင် Applicationများကို  ထည့်သွင်းအသုံးပြုခြင်း    (ဥပမာ- နေ့စဉ်လျှောက်သောခြေလှမ်းများမှတ်ခြင်း၊  နှလုံးခုန်နှုန်းမှတ်တမ်းမှတ်ခြင်း၊     Screen  Time   အသုံးပြုမှုမှတ်ခြင်း)၊

အထက်ဖော်ပြပါ  ကျန်းမာရေးထိခိုက်စေသော အပြုအမူများကိုရှောင်ကြဉ်ခြင်းနှင့်  ကျန်းမာသောလူနေထိုင်မှုပုံစံရရှိရန်နည်းလမ်းများကိုလိုက်နာဆောင်ရွက်ခြင်းသည် ကျန်းမာရေးအဆင့်မြှင့်တင်နိုင်ရုံသာမက စိတ်ကျန်းမာရေးကိုပါ များစွာအထောက်အကူဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ရတနာ(သုတေသီ)

ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွား၊ ပွင့်၊ ဟော၊ စံ   ဆိုသည့်နေ့ထူးနေ့မြတ်ကြီး များဖြစ်ပေါ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရှိသည့်နေ့တစ်နေ့ဖြစ်သည်။    ကဆုန်လပြည့်နေ့တွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်း၊ ဇီဝိတဒါနအဖြစ် ငါးသက်စေ့လွှတ်ခြင်း၊  ဥပုသ်သီတင်းဆောက်တည် ခြင်းစသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ အစဉ်အလာမပျက်ကျင့် သုံးလျက်ရှိကြသည်။

သို့သော် ကဆုန်လ၏ထူးခြားဆန်းပြားပုံများအကြောင်းကိုမူ သိသူနည်းသည်။ သို့ပါ၍ အောက်ပါအတိုင်း အကျယ်တဝင့်ရေးသားဖော်ပြလိုက်ရသည်။

ထူးခြားဆန်းပြား ကဆုန်လအကြောင်း သိကောင်းစရာမြန်မာအဘိဓာန်တွင်ဖော်ပြသော ဆယ့်နှစ်ရာသီ အရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားအရ ကဆုန်လ၏ရာသီမှာ ပြိဿရာသီ၊ ရာသီရုပ်မှာ “နွားလား” ၊ ရာသီပွဲမှာ “ညောင်ရေသွန်းပွဲ” ၊ ရာသီပန်းမှာ “စံကားပန်း” ၊ စန်းယှဉ်နက္ခတ်မှာ “ဝိသာခါနက္ခတ်”ဖြစ်ကြောင်းဖော်ပြထားသည်။ ထို့ပြင် ကဆုန်လနှင့် ကဆုန်လပြည့်နေ့ကို “လ၏ ပန္နရသီ ပုဏ္ဍာတိထီ” ပြည့်ညီသောကြောင့်လည်းကောင်း၊ ဂိမှာန်ဥတု နွေရာသီအချိန်အခါ အချက်အချာအလယ်ကာလ ဖြစ်သောကြောင့်လည်းကောင်း၊ ကောင်းကျိုး တရားကို ထူးခြားစွာပေးနိုင်သည့်   “ဝိသာခါနက္ခတ်” နှင့် “စန်း” ဟုခေါ်သော တနင်္လာဂြိုဟ် ငွေလမင်းတို့ယှဉ်တွဲလျက် ထွန်းပေါ်လာသည့်အခါဖြစ်သောကြောင့် လည်းကောင်း အထူးကဲဆုံး၊ အမြင့်မြတ်ဆုံးအချိန်ကာလဖြစ်သည်ဟူ၍    ရှေးပညာရှိများက ညွှန်းဆိုကြ သည်။

ထို့ကြောင့် မြန်မာပြက္ခဒိန်၏ ဒုတိယလဖြစ်သော ကဆုန်လသည် ဆယ့်နှစ်လရာသီအနက် ဗုဒ္ဓဘာသာ ဝင်တို့၏ မွန်မြတ်ထူးခြားလှသော လတစ်လဟုဆိုရပေမည်။ ထို့ပြင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ဟူသော ဝိသေသထူးရှိနေသည်။ ပုဂံကျောက်စာတွင် ကုဆုန် ဟူသောအရေးအပြင် ခူဆုန်၊ ခုဆုန် ဟူသော ကွဲလွဲချက်များကိုတွေ့ရသော်လည်း သဘောမှာအတူတူဖြစ်သည်။ “ကု” သည် “ရေ” ဟုအဓိပ္ပာယ်ရပြီး “ဆုန်” မှာ “သွန်းလောင်းခြင်း” အဓိပ္ပာယ်ရှိသည့်အတွက် အလွန်ပူပြင်းသည့် နွေရာသီ၏အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟုဆိုခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲကို ကဆုန်လပြည့်နေ့တွင်ကျင်းပကြသည်။

ကဆုန်လသည် ရေများခန်းခြောက်ကာ ရေအရှားပါးဆုံး လတစ်လဖြစ်သောကြောင့် ရှေးလူတို့သည် ဘုရားအလောင်းတော်ဘုရားအဖြစ်သို့ရောက်တော်မူရာတွင် မဟာဗောဓိပင်မှကူးယူစိုက်ပျိုးခဲ့သောမဟာဗောဓိပင်ကြီးရေခန်းခြောက်မူကြောင့်သေဆုံးမသွားစေရန်ရေအပြတ်လပ်ဆုံးဖြစ်သော ဤကဆုန်လတွင် ညောင်ရေသွန်းလောင်း၍ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ရေသွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှုကိစ္စတစ်ရပ်ရှိသည်။  ၎င်းမှာ    ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း ဖြစ်သည်။

ကဆုန်လညောင်ရေသွန်းလောင်းခြင်းနှင့်ပတ်သက်၍လောကဗျူဟာအင်ရုံစာတမ်းတွင် ထူးခြားသော မှတ်ချက်တစ်ခုကို   ယခုလိုလေ့လာသိရှိရသည်။ “ကဆုန်နယုန် ဆွေ့ဆွေ့ခုန်” ဆိုရိုးစကားအတိုင်း နွေကာလ၏ အပူဆုံးလများဖြစ်၍   ရေများခန်းခြောက်သည်။  ရမည်းသင်းမင်းတရားလက်ထက်တွင်   ကဆုန်လ  မိုးမရွာ၍ အိပ်မက်မြင်မက်ရာ ထိုအိပ်မက်ထဲကအတိုင်း ပတ္တမြားစေတီ၌ညောင်ရေသွန်း ခြင်းကိစ္စကိုစီရင်သည်။ ညောင်ရေသွန်းပြီးနောက် နန်းတော်သို့အပြန်မှာပင် မိုးသည်းစွာရွာချသည်။ ထိုအချိန်မှစ၍ ပတ္တမြားစေတီ၌ ညောင်ရေကို နှစ်စဉ်မပြတ်သွန်းလောင်းခဲ့ကြောင်းနှင့်   မိုးခေါင်ရေရှား အရပ်များတွင်မိုးကြီးရွာချစေရန် ညောင်ရေသွန်းသောဓလေ့ရှိခဲ့ကြောင်း လေ့လာမှတ်သားရသည်။

ထူးခြားဆန်းပြားသော ကဆုန်လ

ကဆုန်လနှင့်စပ်လျဉ်း၍ မှတ်သားဖွယ် (၁၆) ချက် ရှိသည်။ ၎င်းတို့မှာ-

(၁) အလောင်းတော်သုမေဓာသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတ ဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောလ(ခရစ်တော်မပေါ်မီ ၆၂၃ ဝိသာခါ (ကဆုန်လ) ၏ လပြည့်နေ့တွင်လုမ္ဗိနီအင်ကြင်းတော၌ဖွားမြင်တော်မူခဲ့သည်။)၊

(၃)  တောထွက်တော်မူသောလ၊

(၄)သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသောလ၊

(၅)ပရိနိဗ္ဗာန် စံဝင်တော်မူသောလ၊

(၆)ဗောဓိပင်မြတ်ကို ညောင်ရေဓာတ်သွန်းလောင်းသောလ၊

( ၇)စံကားပန်းပွင့်သောလ၊

(၈)ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ပြည့်သောလ၊

(၉) တံငါတာရာထွန်းသောလ (သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသောလ)၊

(၁၀) နေ့ ၃၂ နာရီ ၊ ည ၂၈ နာရီရှိ၍ ညတာတိုသောလ၊

(၁၁) ရက်စုံသတ်သောလ (ရက်သုံးဆယ်ရှိသောလ)၊

(၁၂)နဂါးဦးခေါင်း အနောက်မြောက်မှာဝမ်းပြင်တောင်ခွင်ကျောသားမြီးကား အရှေ့သို့ထားသောလ၊

(၁၃)စနေနှင့် ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူးနှင့် သောကြာ ပြဿဒါးဖြစ်သောလ၊

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သောလ၊

(၁၅) ပြိဿရာသီမည်သောလ၊

(၁၆)  ဖွားဖက်တော်ခုနစ်ပါးမွေးဖွားဖြစ်ပေါ်သောလ (ညီတော် အာနန္ဒာထေရ်၊ ဗောဓိပင်၊ ကာဠုဒါယီထေရ် သို့မဟုတ် အမတ်၊ ယသော်ဓရာမိဖုရား၊ ဆန္ဒထေရ် သို့မဟုတ် အမတ်၊ ရွှေအိုးကြီးလေးလုံး၊ ကဏ္ဍက      မြင်းဖြူတော်) စသည်တို့ဖြစ်ကြသည်။

ထို့ကြောင့် ၁၉၉၈ ခုနှစ် နို၀င်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ကျင်းပသောအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်တွင် ထူးခြားချက်အပေါင်းနှင့်ပြည့်စုံသော ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်နိုင်ရန်   ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေးအဆိုကို ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းခဲ့သည်။ (၅၄) ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းသော ယင်းအဆိုကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၃၄ နိုင်ငံက ထောက်ခံခဲ့ကြသည်။ ဤသို့ဖြင့် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာရုံးပိတ်ရက် (Vesak Universal Holiday) အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့သည်။

အချုပ်ဆိုရသော် ကဆုန်လသည် မြန်မာပြက္ခဒိန်၏ နွေလများထဲမှ ဗဟိုချက်မ အလယ်လဖြစ်၍ ကဆုန်လမှာ ဆွေ့ဆွေ့ခုန်ရလောက်အောင် ရာသီဥတုပူပြင်းသည်။ မည်သို့ပင်ဆိုစေကာမူ ကဆုန်လတွင် ဝိသာခါနက္ခတ်နှင့်စန်းယှဉ်၍ပွင့်သော “စံကားပန်း" ၏ ရနံ့သည် ပူပြင်းသောရာသီကို အန်တုပေးကာ အမှန်တကယ်ပင် အမောပြေလန်းဆန်းစေသည်။ သို့ပါ၍ ကဆုန်လတွင် ညောင်ရေသွန်းကြရင်း ရှားရှားပါးပါး ခါတော်မီ ရာသီပန်းတစ်မျိုးဖြစ်သော စံကားပန်းပွင့်လေးများကိုလည်း ဘုရားလှူနိုင်ကြပါစေကြောင်းနှင့်  နေ့အပူချိန်မြင့်တက်လျက်ရှိသော ယခုနှစ်နွေရာသီတွင်  ဗောဓိညောင်ပင်ကိုရေသွန်းလောင်းလှူပြီးမြန်မာပြည်သူပြည်သားအားလုံး ကြည်သာရွှင်ပျအေးမြကြပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ရပါသည်။      ။

Source: https://myawady.net.mm/stories

 

တင်ထက်ထက်ဇော်

ယနေ့ကမ္ဘာ့အခြေအနေကိုပြန်တွေးဆကြည့်မယ်ဆိုရင်တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာချစ်ကြည်ရင်းနှီးမှုတွေကို ပိုမိုတိုးမြှင့်တည်ဆောက်လာခဲ့ကြတာတွေ့ရမှာပါ။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအားလုံးက ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နေကြတာတော့မဟုတ်ပါဘူး။ တစ်ဖက်က ဧက ဝင်ရိုးကိုလိုလားတဲ့နိုင်ငံတွေနဲ့    အခြားတစ်ဖက်မှာကျတော့ ဗဟုဝင်ရိုးကို လိုလားတဲ့နိုင်ငံတွေဆိုပြီး ဖြစ်တည်လာကြတာပါ။

ဒီနေရာမှာ ဧကဝင်ရိုးနဲ့ ဗဟုဝင်ရိုးဆိုတာကို အနည်းငယ်ရှင်းပြချင်ပါသေးတယ်။  ဧကဝင်ရိုးကမ္ဘာကြီးဆိုတာက တစ်ကမ္ဘာလုံးရဲ့ အခင်းအကျင်းအဖြစ်အပျက်အားလုံးက အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အင်အားကြီးအုပ်စုတစ်ခုရဲ့  ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားတာမျိုးဖြစ်ပါတယ်။

ဗဟုဝင်ရိုးကမ္ဘာဆိုတာ ကမ္ဘာ့နိုင်ငံအားလုံးက ဧကဝင်ရိုးလိုမျိုးဗဟိုထိန်းချုပ်မှုကနေလွတ်ကင်းပြီး အမှန်တကယ်လွတ်လပ်တဲ့နိုင်ငံများအဖြစ်သို့   ဦးတည် လျှောက်လှမ်းနေတဲ့   အခြေအနေဖြစ်ပါတယ်။ ဒီတော့ ဧကဝင်ရိုးနဲ့ဗဟုဝင်ရိုးမှာဆိုရင် သွားတဲ့ပုံစံချင်းလည်းမတူသလိုရရှိလာတဲ့ အကျိုးကျေးဇူးချင်းလည်း မတူပါဘူး။   ဧကဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးက   တစ်ဦးကောင်း၊ တစ်အုပ်စုကောင်းအတွက်သာဖြစ်ပေမယ့် ဗဟုဝင်ရိုးကနေရရှိလာတဲ့ အကျိုးကျေးဇူးကျတော့   ကိုယ်ကြိုးစားရင်   ကြိုးစားသလောက် ကိုယ့်အတွက်ကျန်မှာဖြစ်သလို အဲဒီအကျိုးရလဒ်ကိုလည်း ဘယ်သူ့ကိုမှပြန်ခွဲပေးစရာမလိုပါဘူး။  ဒါကြောင့် ကမ္ဘာ့နိုင်ငံများက ဗဟုဝင်ရိုးကမ္ဘာကြီးကို   တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်လာနေကြတာဖြစ်ပါတယ်။

ဒီလိုမျိုး ဗဟုဝင်ရိုးကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့အတွက် ရုရှား၊ တရုတ်၊ ဘရာဇီးတို့လိုမျိုး အင်အားကြီးနိုင်ငံများကဦးဆောင်လျက်ရှိပါတယ်။ ဥပမာ BRICS ဆိုတဲ့အဖွဲ့အစည်းကို ကြည့်လိုက်ရင်တွေ့ရမှာပါ။ အဲဒီအဖွဲ့အစည်းကြီးက   သူတို့ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအနေနဲ့ကြိုးပမ်းဆောင်ရွက်နေသလို    သူတို့နဲ့လက်တွဲပါဝင်လိုတဲ့ အင်အားနည်း နိုင်ငံများကိုလည်း အတူတကွဆွဲခေါ်နေတာ တွေ့ရပါတယ်။

နိုင်ငံရေးဆိုတာ အင်မတန်မှပါးနပ်ဖို့လိုပါတယ်။ ဒီအရေးက ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်လာပြီဆိုရင်တော့ အလွန်ကိုကျွမ်းကျင်လိမ္မာစွာကိုင်တွယ်မှသာ   ကိုယ့်အတွက်အကျိုးကျေးဇူးများစွာရရှိစေမှာပါ။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံ့တာဝန်များကိုခေတ္တတာဝန်ယူဆောင်ရွက်နေရတယ်ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံများနဲ့ယှဉ်ပြီး လုပ်ဆောင်ရမယ့်အရေးကိစ္စတွေမှာဆိုရင် လိမ္မာပါးနပ်လွန်းစွာ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့     ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ခဲ့ရုံသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ချစ်ကြည်ရေးကို ပိုမိုခိုင်‌မာအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက     နိုင်ငံတော်တာဝန်များကိုယူထားရတဲ့  ကာလတစ်လျှောက်လုံးမှာ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ရုရှားနိုင်ငံကို လေးကြိမ်မြောက်ချစ်ကြည်ရေးခရီးသွားရောက်ကာ    ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်နဲ့     နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။    ဒီလိုမျိုးတွေ့ဆုံမှုတွေမှာ နှစ်နိုင်ငံကြား အကျိုးရှိစေမယ့်စီမံကိန်းများကို   ပူးပေါင်းအကောင်အထည်ဖော်ရေးအတွက်သာမက   မြန်မာနိုင်ငံအတွက်   အကျိုးများမယ့်ကူညီမှုများပေးအပ်ရေးအတွက်လည်း သဘောတူညီခဲ့ကြပါတယ်။အခုဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကို ငါးကြိမ်မြောက် ချစ်ကြည်ရေးခရီး သွားရောက်ရာကနေ ပြန်လည်ရောက်ရှိလာပါပြီ။

ယခုတစ်ခေါက် ချစ်ကြည်ရေးခရီးစဉ်က ရုရှားနိုင်ငံ မော်စကိုမြို့မှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ   နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့အတူ ဆက်စပ်အခမ်းအနားတွေကိုတက်ရောက်ဖို့အတွက် သွားခြင်းဖြစ်ပါတယ်။ ဒီခရီးစဉ်ကိုလာဖို့ကိုလည်း ရုရှားသမ္မတ  မစ္စတာ  ဗလာဒီမာပူတင်ကိုယ်တိုင်က    ပြီးခဲ့တဲ့တစ်ခေါက်တွေ့ဆုံမှုမှာ   ဖိတ်ကြားလိုက်တာပါ။  ထူးခြားတာက ဒီတစ်ခေါက်ခရီးစဉ်မှာ  နိုင်ငံတော်ဝန်ကြီးချုပ်၏  ဇနီးကိုယ်တိုင်ကလည်း   နိုင်ငံတကာနဲ့မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ  လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။    အထူးသဖြင့် အမျိုးသမီးရေးရာကိစ္စတွေမှာပါ။

နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက မေလ၈ ရက် နံနက်ပိုင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ ဗယ်လက်တီနာမတ်ဗီယန်ကိုနဲ့တွေ့ဆုံပြီး ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ပညာရေး၊ စီးပွားရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရဲ့   ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ အန်နာနက်စတီရိုဗာနဲ့ တွေ့ဆုံပြီး အမျိုးသမီးရေးရာအခန်းကဏ္ဍအားပေးမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးတွေဆွေးနွေးနိုင်ခြင်းဟာ သိပ်ကိုကောင်းမွန်တဲ့လက္ခဏာတစ်ခုလို့ ပြောရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကျား၊ မ ခွဲခြားခြင်းမရှိတဲ့ အားလုံးကိုတစ်ပြေးညီဆက်ဆံနေတဲ့နိုင်ငံဖြစ်တာကြောင့်   မြန်မာနိုင်ငံအတွင်းမှာသာမက  ကမ္ဘာမှာပါ အမျိုးသမီးတွေရဲ့ပါဝင်ပတ်သက်မှုကိုအားပေးမြှင့်တင်နိုင်မယ့်အခွင့်အလမ်းတွေ ပေါ်ထွန်းလာလို့ဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့      အခုသွားခဲ့တဲ့ရုရှားခရီးစဉ်မှာ  နောက်ထပ်ထူးခြားမှုတစ်ခုရှိပါသေးတယ်။   အထက်မှာဆိုခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟာ  ရုရှားနိုင်ငံကကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်    စစ်ရေးပြ အခမ်းအနားနဲ့ဆက်စပ်အခမ်းအနားတွေကိုတက်ရောက်ခြင်းဖြစ်ပါတယ်။ ထူးခြားမှုကတော့  အဲဒီစစ်ရေးပြအခမ်းအနားမှာ မြန်မာ့တပ်မတော်ကိုယ်စားပြု  စစ်ရေးပြတပ်ခွဲက ရင်ပြင်နီမှာ  ပါဝင်တက်ရောက်စစ်ရေးပြခွင့်ရရှိခဲ့တာပါ။ ဒီလိုမျိုးပါဝင်ခွင့်ရခြင်းဟာ သမိုင်းတစ်လျှောက်မှာပထမဆုံး ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကိုယ်စားပြုစစ်ရေးပြတပ်ခွဲက တရုတ်၊ ဗီယက်နမ်၊ လာအို အစရှိတဲ့နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့အတူ စစ်ရေးပြခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးပါဝင်စစ်ရေးပြခွင့်ရရှိခြင်းက      မြန်မာ့တပ်မတော်ကို  ကမ္ဘာ့အသိုင်းအဝိုင်းမှာပိုမိုထင်ရှားလာစေပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့      နိုင်ငံအကျိုးအတွက် ဖော်ဆောင်ရတဲ့ ပြည်ပခရီးစဉ်တွေမှာ အမြဲတမ်းတက်တက်ကြွကြွရှိလှတဲ့ပုံစံအတိုင်းပဲ   အခုတစ်ခေါက်မှာလည်း နိုင်ငံအတွက် အကျိုးရှိမယ့်တွေ့ဆုံမှုတွေကို  တက်ကြွစွာဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။                    

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိပြီး နောက်တစ်ရက် နံနက်ပိုင်းမှာပဲ ရုရှားနိုင်ငံရဲ့ နာမည်ကျော်သတင်းဌာနတွေဖြစ်တဲ့ RT TV Channel နဲ့ Krasnaya Zvezda သတင်းစာတို့ရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ပြည့်ပြည့်စုံစုံဖြေကြားပေးပါတယ်။ ဒီသတင်းဌာနတွေရဲ့တွေ့ဆုံမေးမြန်းမှုနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြန်လည်ဖြေကြားမှုတွေက မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရေးကို   ခိုင်မာစေရုံသာမက  မြန်မာနိုင်ငံရဲ့ပကတိအခြေအနေမှန်များကိုလည်း     ကမ္ဘာကသိရှိခွင့်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၈ ရက်ညနေပိုင်းမှာတော့   ကာဇက်စတန်နိုင်ငံ သမ္မတနဲ့တွေ့ဆုံပြီး    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်က တည်ခင်းဧည့်ခံတဲ့     ညစာစားပွဲအခမ်းအနားသို့ အခြားသောနိုင်ငံ့ခေါင်းဆောင်များနဲ့ အတူတက်ရောက်ပြီး  ရုရှားသမ္မတနဲ့တွေ့ဆုံကာရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။     မေလ ၉ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရင်ပြင်နီမှာကျင်းပတဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ပါတယ်။ ပြီးတဲ့အခါ အခြားနိုင်ငံ့ခေါင်းဆောင်များနဲ့အတူ အညတရစစ်သည်ဗိမာန်သို့သွားရောက်၍ ပန်းခွေချအလေးပြုပါတယ်။ပြီးနောက် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်ရဲ့ရုံးခန်းမှာ နေ့လယ်စာသုံးဆောင်ပါတယ်။

တကယ်တော့   မေလ ၉ ရက်ဆိုတာ နိုင်ငံတော်ဝန်ကြီးချုပ်အတွက်  အလုပ်အများဆုံးသောနေ့တစ်နေ့ဖြစ်သလို အကျိုးအများဆုံးသော နေ့တစ်နေ့ဆိုရင်လည်းမမှားပါဘူး။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့အတွက် နိုင်ငံတကာမှ ခေါင်းဆောင်များနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြား    ဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးတို့အတွက်ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မေလ ၉ ရက် ညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။    

ဒီလိုတွေ့ဆုံစဉ်မှာနှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ   အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင်  ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကြားနှစ်နိုင်ငံဆက်ဆံရေးက ဒီနှစ်မှာစိန်ရတုတိုင်ပြီဖြစ်ပါတယ်။ ဒီကာလအတွင်း တရုတ်နိုင်ငံအနေနဲ့   မြန်မာနိုင်ငံအတွက် ကူညီမှုတွေပေးခဲ့သလို    မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ်  ရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။     နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့နိုင်ငံတကာခေါင်းဆောင်များနဲ့တွေ့ဆုံစဉ်မှာ အမြဲမပြတ်ပြောနေကျစကားတစ်ခုရှိပါတယ်။ ဒါကတော့မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့အကြောင်းနဲ့        အဲဒီရွေးကောက်ပွဲကိုလည်း  နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်က အခုလိုတရုတ်နိုင်ငံသမ္မတနဲ့တွေ့ဆုံစဉ်မှာ ဒီအကြောင်းကိုလည်း ထပ်လောင်းပြောခဲ့တာတွေ့ရပါတယ်။  ဒါဟာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေနဲ့  ကမ္ဘာသိ အသိပေးခြင်းဖြစ်တာကြောင့် နိုင်ငံတကာမျက်နှာစာမှာလည်း မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုတိုးတက်စေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဖော်ဆောင်နေတဲ့ ခါးပတ်တစ်ကွင်း၊လမ်းတစ်ကြောင်းဆိုတဲ့ စီမံကိန်းကြီး အပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း၊တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မြှင့်တင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတော်ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးခဲ့တာတွေ့ရပါတယ်။ ဒီလိုဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကိုဖြစ်ပေါ်လာစေမှာပါ။

နောက်တစ်ခုက တရုတ်နိုင်ငံသမ္မတမစ္စတာရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို  ဆက်လက်ထောက်ခံကြောင်း၊   နိုင်ငံတည်ငြိမ်ရေးနဲ့   အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာနိုင်ငံရဲ့ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံမှာကျင်းပမယ့်   ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတဲ့အကြောင်းတွေ ပြောခဲ့တာတွေ့ရပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေက  တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ကတိပြုမှုတွေလို့ပြောရင်လည်းမမှားပါဘူး။ 

မေလ ၁၀ ရက်မှာတော့   နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့     အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို   အောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရှိလာပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် များလှစွာသောအကျိုးကျေးဇူးများကို ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ဆိုရပါမယ်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အခင်းအကျင်းသစ်မှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်ပါဝင်နိုင်မယ့်အခြေအနေသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်နိုင်တဲ့အခွင့်အရေးရရှိခဲ့ပါတယ်။ နောက်ထပ်မြန်မာနိုင်ငံအတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ အမျိုးသမီးရေးရာအခန်းကဏ္ဍကို နိုင်ငံတကာအထိ  ထိုးဖောက်နိုင်မယ့် အခွင့်အရေး၊ မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံများရဲ့ တပ်မတော်များနဲ့ ရင်ပေါင်တန်းနိုင်မယ့်အခွင့်အရေး၊   မြန်မာနိုင်ငံရဲ့အနာဂတ် ပိုမိုတောက်ပလာမယ့်အခွင့်အရေးတွေကိုဆောင်ကြဉ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ကမ္ဘာ့နိုင်ငံတချို့ဟာ ဧကဝင်ရိုးနဲ့အသားကျနေကြတာများပါတယ်။ အဓိကကတော့ ဧကဝင်ရိုးကနေ အကျိုးအမြတ်ကြီးစွာရရှိနေတဲ့ လက်တစ်ဆုပ်မျှသောနိုင်ငံများက    ဒီအခြေအနေကနေ တခြား အခြေအနေတစ်ခုကို ပြောင်းလဲသွားမှာမလိုလားကြပါဘူး။  ဒါကြောင့်လည်း ဧကဝင်ရိုး ကမ္ဘာကြီးကိုဆက်လက်လည်ပတ်နိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြချိန်မှာ ကျန်ရှိတဲ့နိုင်ငံတွေကတော့နိုင်ငံများအတွက် ကိုယ်စီအကျိုးကျေးဇူးရရှိစေမယ့်     ဗဟုဝင်ရိုးကမ္ဘာကြီးကိုအကောင်အထည်ဖော်လာနေပြီ ဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဗဟုဝင်ရိုးကမ္ဘာကြီးကို  အကောင်အထည်ဖော်နေကြသူများ မှာတူညီသောအကျိုးစီးပွားပန်းတိုင်ရှိပါတယ်။ အဲဒီပန်းတိုင်ကတော့ မျှဝေသောအနာဂတ်နဲ့ အေးအတူ ပူအမျှရှိတဲ့ အသိုက်အဝန်းကိုတည်ထောင်သွားဖို့ဖြစ်ပါတယ်။  ဒါကြောင့်လည်း အခုနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့  ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်ဟာ အကျိုးစီးပွားချင်းထပ်လို့ ကောင်းမြတ်တဲ့ ခရီးစဉ်တစ်ခု ဖြစ်လာပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။       ။

Source: https://myawady.net.mm/stories

 

ထက်မြတ်

ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်။ မြစ်ချောင်းအင်းအိုင်များ  ရေခန်းခြောက်ချိန်ဖြစ်သည်။   သို့ရာတွင်  မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက်ရွာသွန်းတတ်သဖြင့်  မိုးရေစွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလလည်းဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း   မြေသင်းပျံ့ပျံ့မိုးနှံ့နှံ့ ဟု ဆိုရိုးပြုခဲ့ကြသည်။  ကဆုန်လတွင်  နေအပူရှိန် အပြင်းထန်ဆုံးအချိန်ဖြစ်သောကြောင့် တချို့သောဒေသများတွင် ရေရှားပါးပြတ်လပ်ခန်းခြောက်မှုများ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပွင့်တော်မူရာ ဗောဓိပင်ကိုရည်မှန်းကာ ဗောဓိပင်အပွားတော်များကို သဒ္ဓါတရားထက်သန်စွာ  ရေစင်သွန်းလောင်းလေ့ရှိကြသည်။

ကဆုန်လဆိုသည်မှာကဆုန်လသည်   မြန်မာတစ်ဆယ့်နှစ်လတွင်ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ ကဆုန် လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင်စန်းယှဉ်နက္ခတ်မှာဝိသာခါနက္ခတ်ဖြစ်သည်။

ယှဉ်သောတာရာမှာ  တံငါတာရာဖြစ်သည်။ ရာသီရုပ်မှာ နွားလားရုပ်ဖြစ်သည်။ ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ကဆုန်ကို ပုဂံခေတ်ကျောက်စာများတွင် ကုဆုန်ဟုရေးထိုးထားသည်။ ထိုမှတစ်ဆင့် ကဆုန်ဟူ၍ရေးသားလာခြင်းဖြစ်သည်။ ကု၊ က ၏ အနက် အဓိပ္ပာယ်သည် ရေဖြစ်သည်။ ဆုန်၏ အနက်အဓိပ္ပာယ်သည်  သွန်းလောင်းခြင်းဖြစ်သည်။   ထို့ကြောင့် ကဆုန်လကို  ရေသွန်းလောင်းလ၊ ရေလောင်းလဟုအဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။

“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်”  ဆိုသည့်အတိုင်း ကဆုန်လ၏အပူချိန်သည်  လွန်စွာပင်ပူပြင်းလှသည်။ ထိုသို့အပူချိန်မြင့်မားလာမှုကြောင့် တချို့သောဒေသများတွင်သောက်သုံးရေရှားပါးသော်လည်း အလှူဒါန ရက်ရောကြသည့် မြန်မာလူမျိုးတို့သည်ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ရေကို ရနိုင်သည့်နေရာမှ ပင်ပန်းကြီးစွာ သွားရောက်ခပ်ယူကာ  မဟာဗောဓိညောင်ပင်အားကုသိုလ်ဖြစ်ရေလောင်းလှူကြသည်။  ရှေးယခင်ကတည်းက ကျေးရွာ၊ ရပ်ကွက်အလိုက် ဘုရား၊ကျောင်းကန်များရှိ မဟာဗောဓိညောင်ပင်များကို စုပေါင်းရေလောင်းလှူကြသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ကောင်းမွန်သောအလေ့အထတစ်ခုပင် ဖြစ်သည်။

ဗုဒ္ဓနေ့

“ဖွားမြင်၊  ပွင့်စံ၊  ဗျာဒိတ်ခံ၊  နိဗ္ဗာန်ကြွတော်မူ” ဆိုသည့်အတိုင်း ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓ ဘာသာဝင်များအထွတ်အမြတ်ထားရာနေ့တစ်နေ့ပင်ဖြစ်သည်။ထိုနေ့တွင်  ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှ ဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ်ခံယူရရှိခြင်း၊ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့(သောကြာနေ့) တွင် ဘုရားအလောင်းတော်အားဖွားမြင်တော်မူခြင်း၊   ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့(ဗုဒ္ဓဟူးနေ့)တွင် သစ္စာလေးပါးကို   သိမြင်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ (အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနှင့် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း စသည့်အကြောင်းတရားလေးပါးနှင့်ပြည့်စုံတော်မူသော နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။

ဖွားမြင်တော်မူ

မြတ်စွာဘုရား၏မိခင်  သီရိမဟာမာယာဒေဝီ မိဖုရားကြီးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေချိန်တွင် မွေးရပ်မြေဒေဝဒဟပြည်ရှိ ဆွေမျိုးများထံသို့ပြန်ပြီး ဘုရားလောင်းအား မီးဖွားသန့်စင်လိုသဖြင့် ကပိလဝတ်တိုင်းပြည်မှ ထွက်ခွာခဲ့သည်။  ဘုရားလောင်း၏ဖခင် သုဒ္ဓေါဓနမင်းကြီးသည် မယ်တော် မာယာအား  ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေသဖြင့် ထိုသို့ခရီးရှည်မသွားရောက်ရန်အကြိမ်ကြိမ်တားဆီး ခဲ့သည်။ သို့ရာတွင် မိဖုရားကြီး၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့်   နောက်ဆုံးတွင်   ဆွေမျိုးများထံသို့ သွားရောက်ရန်ခွင့်ပြုပေးခဲ့ရသည်။ မင်းကြီးထင်ထားသည့်အတိုင်းပင်  ဘုရားအလောင်းတော်ကို လမ်းခုလတ်  လုမ္ဗိနီအမည်ရှိ အင်ကြင်းဥယျာဉ်၌ ဖွားမြင်တော်မူခဲ့သည်။ ထို့ကြောင့် ဘုရားအလောင်းတော်ကို ယခုလို ပူပြင်းသည့်နွေရာသီ  ကဆုန်လ၌ပင် ဖွားမြင်တော်မူခဲ့ခြင်းဖြစ်သည်။

သစ္စာလေးပါးကိုသိမြင်ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားသည် ၁၆ နှစ်အရွယ်တွင် ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို  နွေ၊  မိုး၊  ဆောင်းနန်းဆောင်သုံးခု၌ ၁၃ နှစ်ကြာ စံမြန်းတော်မူခဲ့သည်။ ထို့နောက် ဥယျာဉ်တော်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးတို့ကိုမြင်တွေ့ပြီးနောက် မအို၊ မနာ၊ မသေသော လမ်းစဉ်ကိုရှာဖွေရန်အတွက် တောထွက်တော်မူခဲ့သည်။  တောရပ်မြိုင်တွင် ခြောက် နှစ်ကြာ ဒုက္ကရစရိယာကျင့်ပြီး သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်းဖြစ်သည်။ မလျှော့သောဇွဲ၊ လုံ့လဖြင့်စဉ်ဆက်မပြတ် အားထုတ်ကျင့်ကြံခဲ့ခြင်းကြောင့်သာ ချစ်ချစ်တောက်ပူပြင်းလှသည့် ကဆုန်နေရောင် အောက်တွင် သစ္စာလေးပါးကို သိမြင်တော်မူသော သုံးလောကထွတ်ထားမြတ်ဘုရားအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ခြင်းဖြစ်သည်။

ပရိနိဗ္ဗာန်စံဝင်

မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်ရှိတော်မူသည့်နေ့မှစပြီး  သတ္တဝါများကိုကယ်တင် နိုင်ရန်အတွက် ညဉ့်အချိန်တွင် ၂ နာရီခန့်သာ သတိတရားဖြင့်  တရားမှတ်အနားယူခဲ့သည်မှလွဲ၍ လူ၊ နတ်၊ ဗြဟ္မာတို့အား  ၄၅  ဝါတိုင်တိုင် အချိန်ပြည့် တရားတော်များဟောကြားသွန်သင်ဆုံးမခဲ့သည်။ထိုသို့ ကရုဏာကြီးမားစွာ သွန်သင်ဆုံးမ ဟောကြားနေရာမှ သက်တော် ၈၀ ပြည့်သည့်အချိန်သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့(အင်္ဂါနေ့)တွင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ မြတ်စွာဘုရားနှင့် ဆက်စပ်သော   ထူးခြားသည့်ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင်    အများဆုံးဖြစ်ခဲ့သည်။

ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာများအတွက် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။

အမြတ်ဆုံးနေ့

ဆိုရလျှင်နှစ်စဉ်ကဆုန်လပြည့်နေ့သည်ဗုဒ္ဓနေ့ပင်ဖြစ်သည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအတွက် ထူးခြားလေးနက်သောနေ့တစ်နေ့ဖြစ်သည်။ အကြောင်းမူကား ဘုရားအလောင်းတော်သည် လွန်ခဲ့သော သက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး မြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ မြတ်စွာဘုရားအလောင်းတော်သည် ယခုလိုပူပြင်း ခြောက်သွေ့သောနွေရာသီ  အပူချိန်အောက်တွင် သစ္စာလေးပါးတရားထူးတရားမြတ်ကို ထိုးထွင်းသိမြင်နိုင်အောင်ကျင့်ကြံအားထုတ်ခဲ့ရသည်။ ဘဝပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ရသော ပါရမီအဟုန် တို့ကြောင့် မာရ်နတ်နှောင့်ယှက်နေသည့်ကြားမှပင် ဗောဓိပင်နှင့်ရွှေပလ္လင်ထက်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုအကြောင်းတရားများကြောင့် မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့ကို အမြတ်ဆုံးနေ့အဖြစ် သတ်မှတ်ထားကြခြင်းဖြစ်သည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်အမှန်တော့ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား၏ ဖွားဖက်တော် ခုနစ်ပါးတွင် မဟာဗောဓိညောင်ပင်လည်းပါရှိသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ပိုင်း မဟာဗောဓိ ညောင်ပင်ကို မြတ်စွာဘုရားအဖြစ်ရည်မှန်းကာ နှစ်စဉ် ကဆုန်လပြည့်နေ့တွင် အမွှေးနံ့ သာများဖြင့် ညောင်ရေသွန်း    ကုသိုလ်ပြုကြခြင်းဖြစ်သည်။ ညောင်ရေသွန်းပွဲတော်ကို   ပုဂံခေတ်ကတည်းက ကျင်းပခဲ့သည်။ ထိုသို့မြတ်စွာဘုရားအားရည်မှန်း၍ကုသိုလ်ပြုကြသောကြောင့် ယုံကြည်မှုသဒ္ဓါတရား အပေါ်မူတည်၍ အကျိုးပေးမှုများလည်းကွာခြားလှပေသည်။

မည်သို့ပင်ဆိုစေကာမူ   မြန်မာလူမျိုးတို့သည် ကဆုန်လပြည့်နေ့တွင်    ညောင်ရေသွန်းပွဲတော် များအား တောရောမြို့ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ နိုင်ငံတစ်ဝန်းတွင်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုစည်ကားလာလျက်ရှိသည်။  ထိုမြင်ကွင်း များကိုတွေ့ရမြင်ရသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက် များစွာပီတိဖြစ်ရသည်။

ထိုသို့ ထူးမြတ်သည့်ဗုဒ္ဓနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ ကျောင်းကန်၊ စေတီပုထိုး၊ ရိပ်သာများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများ၊ ဒါန၊ သီလ၊ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် အစိုးရရုံး၊ ဌာနများအား ပိတ်ပေးထားသဖြင့်  နိုင်ငံ့ဝန်ထမ်းများ သည်လည်း  အခြားပြည်သူများနည်းတူ  ဘုရား၊ ကျောင်းကန်များသို့သွားရောက်ကာ ဥပုသ်သီတင်း သီလဆောက်တည်ခြင်း၊  ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းတို့ကို လွတ်လပ်စွာပြုလုပ်ပွားများလှူဒါန်း နိုင်ကြသည်။

မြန်မာလူမျိုးတို့သည်   ကဆုန်လပြည့်နေ့တွင် ယဉ်ကျေးသိမ်မွေ့သော   ဝတ်စားဆင်ယဉ်ထုံးဖွဲ့ မှုမျိုးဖြင့် သာ ညောင်ရေသွန်းပွဲတော်သို့သွားရောက်လေ့ရှိကြသည်။ ထိုနေ့တွင် ဘုရား၊ စေတီပုထိုးများ၌    ညောင်ရေသွန်းပွဲတော်သို့လာရောက်ကုသိုလ်ပြုကြသည့်   အလှူရှင်များနှင့်ပြည့်နှက် နေလျက်ရှိသည်။ ထိုသို့ လာရောက်ကုသိုလ်ပြုကြသည့် အသက်အရွယ်ပေါင်းစုံသည် ယောဂီအရောင် ထဘီ၊ ပုဆိုးနှင့် အဖြူရောင်အင်္ကျီသန့်သန့်ကလေးများကိုသာ ဝတ်ဆင်ထားကြသည့်အပြင် ယောဂီရောင်   တဘက်ကလေးများကိုပါ    ခြုံထားသည့် မြင်ကွင်းကလည်း   ကြည့်ရ၊   မြင်ရသူများ၏ရင်ကို အေးမြစေ သည်။

ထိုသို့သွားရောက်ရာတွင် ကလေး၊ လူကြီးပါမကျန် မီးခိုးတိတ်သွားရောက်ကြပြီး မဟာဗောဓိ ညောင်ပင် အနီးအနားတွင် သံဃာတော်များထံမှသီလခံယူပြီးမှသာ အမွှေးနံသာရည်များဖြင့် ကုသိုလ် ဖြစ် ညောင်ရေသွန်းလောင်းကြသည်။ ပီတိဖြစ်ဖွယ်မြင်ကွင်းများပင်ဖြစ်သည်။ ထိုမြင်ကွင်းမျိုးကို ကမ္ဘာ ပေါ်ရှိ မည်သည့်နိုင်ငံတွင်မျှ တွေ့မြင်ရလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့်   ပြည်ထောင်စုဖွား   တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့်  ဗုဒ္ဓ၏ဖြစ်တော်စဉ်များ ပြည့်နှက် လွှမ်းခြုံလျက်ရှိသည့်   ထူးခြားလေးနက်ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မြတ်ဗုဒ္ဓ၏ဖွားဖက်တော် မဟာဗောဓိ ညောင်ပင်အား  ရေသွန်းလောင်းရင်း ဒါန၊ သီလ၊ ဘာဝနာများပွားများကာ ကောင်းမှုကုသိုလ် အစုစုကို   ဆတက်ထမ်းပိုးပြုလုပ်သွားကြပါစို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။    ။

မောင်သောင်းဝင်း(တမန်ဟောင်း)

ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသည် ၎င်းတို့အတွက်  အခြေခံကျသောလူမှုစီးပွားရေးဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်  စီးပွားဖြစ် ဖြစ်စေ၊ တစ်နိုင်တစ်ပိုင်ဖြစ်စေ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးအတွက် အထောက်အကူပြုဝလံအုပ်စုဝင် ဘူးပင်စိုက်ပျိုးရေးအား တင်ပြသွားမည်ဖြစ်သည်။

ဘူးပင်၏မူရင်းဒေသမှာ အာဖရိကတိုက်မှစတင်ပေါက်ရောက်ပြီးနောက် တောင်အမေရိကတိုက်ဘက်သို့ပျံ့နှံ့ရောက်သည်ဟုသိရသည်။ ဘူးပင်သည် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသော ဝလံမျိုးနွယ်တစ်မျိုးဖြစ်၍  ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံးအသီးသီးနိုင်သော ဝလံမျိုးနွယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပြီး    တစ်နှစ်ပတ်လုံးအသီးသီးအောင် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရသည်။

ဘူးပင်သည် အရွက်ဖားဖားနှင့် နွယ်တက်ပင်မျိုးဖြစ်ပြီး သုံးလတစ်ကြိမ် အသီးသီးသည်။ အပွင့်မှာ မြေဖြူရောင်ရှိပြီး ညအချိန်တွင်သာပွင့်၍ ပင်တည်းဝတ်မှုန်ကူးခြင်းဖြင့် မျိုးပွားသည်။ ဘူးသီးများသည် အရွယ်အစားစုံသီးတတ်ပြီး အရည်ရွှမ်းသည်၊  စိုက်ပြီးနှစ်လအကြာတွင် ပန်းစတင်ပွင့်သည်။ ဘူးပင်သည် မိုးရေကို အဓိကထားစိုက်ပျိုးကြသော်လည်း ရေအခြေအနေပေးပါက   တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အားသာချက်ရှိသောအပင်ဖြစ်သည်။

ဘူးသီး၏  ပုံသဏ္ဌာန်ကိုလိုက်၍   ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်၊ ဘူးရှည်စက၊ ဘူးရေမှုတ်ဟူ၍ အမျိုးမျိုးခေါ်တွင်ကြသည်-

(က) ဘူးသပိတ် - ဤဘူးပုံသဏ္ဌာန်သည် သပိတ်ပုံ ရှိပြီး အလွန်အလုံးကြီးသည်။ လည်ပင်းမရှိချေ။

(ခ)ဘူးလည်လှ   -  ဤဘူးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည့် တိုင်အောင်ထားပြီး  အထဲမှအစေ့များ ထုတ်၍ ရေဘူးလုပ်ကြသည်။အလွန်ပူအိုက်သော နွေရာသီတွင်ကျေးလက်တောရွာများ၌ ဘူးခါး ရေနှင့်ကြမ်းကြားလေသည် အေးမြ သောအသွင်ကိုဖော်ကျူးကြသည်။

(ဂ) ဘူးရှည်စက     - ဤဘူးမျိုးသည်   အရှည်လည်း မဟုတ်၊ အပုလည်းမဟုတ် စက ဖြစ်သည်။

(ဃ)  ဘူးရှည်      -   ဤဘူးမျိုးကို ဆင်နှာမောင်းမျိုး ဟုလည်းခေါ်သည်။  အချို့ ၇ ပေ ခန့်ထိရှည်သည်။

(င) ဘူးရေမှုတ်-ဤဘူးမျိုးသည် လက်သီးဆုပ်သာသာရှိပြီး  လည်ပင်းမှာတစ်တောင်ခန့် ရှည်သည်။  တောင်သူ ကြီးများသည် ၎င်းဘူးကို အလျား လိုက် အလယ်မှခွဲပြီးလျှင် ရေခပ်ရန်ရေမှုတ်ပြုလုပ်ကြသည်။

ဘူးပင်၏ အင်္ဂလိပ်အမည်မှာ Bottle Gourd ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Lagenria Vulgaris ဖြစ်သည်။ မျိုးရင်း Cucurbitaceae အတွင်းပါဝင်သည်။

မြေအမျိုးအစားအများအပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း သဘာဝမြေဆွေးများနှင့် ကြွယ်ဝနေသော၊ ရေသွင်းရေထုတ်ကောင်းမွန်စွာပြုလုပ်နိုင်သော နုန်းမြေအမျိုးအစားတွင်   ပိုမိုအထွက်ကောင်း၍   အရည်အသွေးပြည့်မီသော   အသီးများထုတ်လုပ်ပေးနိုင်သည်။ မြေချဉ်ငန်ဓာတ် ၆ နှင့် ၇ ကြားတွင် ပိုမိုဖြစ်ထွန်းနိုင်သည်။

ပူနွေးသောရာသီဥတုကို    ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို    အသင့်အတင့်ခံနိုင်ရည်ရှိသည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။

ဘူးပင်ကို အထက်မြန်မာပြည်၌ မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း အောက်တိုဘာလတွင် အများအပြားစိုက်ပျိုးသည်။ စိုက်ပျိုးနည်းမှာ  မြေဆွေး ဓာတ်မြေဩဇာများ သမအောင်မွှေထားသောမြေကို စိုက်ပေါင်များပြုလုပ်၍ စတင်စိုက်ပျိုးသည်။

ဘူးသည်   စင်တင်စိုက်ပျိုးရသော အပင်တစ်မျိုးဖြစ်ပြီး ပေါင်တင်၍စိုက်ပျိုးနိုင်သည်။ စိုက်ပေါင်မြေကို ပေါက်တူးဖြင့်ပေါက်ပြီး မြေဆွေးနှင့်သမအောင်ရော၍ စိုက်ပေါင်ပြုလုပ်သည်။ စိုက်ပေါင်တစ်ပေါင်လျှင် အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့်ထား၍ပြုလုပ်ကြသည်။

ဘူးပင်တစ်ဧကလျှင် နွားချေး  သို့မဟုတ် သစ်ဆွေးမြေဩဇာ နွားလှည်း ၁၀ မှ ၂၀ အထိလိုအပ်ပြီး ဓာတ်မြေဩဇာတစ်ဧကလျှင် ယူရီးယား ၂၀ ကီလိုဂရမ် (၁၂ ပိဿာ)နှင့် တီစူပါ ၂၄ ကီလိုဂရမ် (၁၄ ပိဿာ) ကျော်ခန့်လိုသည်။ စိုက်ပေါင်များပြုလုပ်ရာတွင် ဓာတ်မြေဩဇာနှင့်မြေဆွေးများကို သမအောင်ရောမွှေပေးရမည်။ တီစူပါမြေဩဇာကို ပထမအကြိမ် ၂၀ ကီလိုဂရမ် (၁၂ ပိဿာ) နှင့် ယူရီးယားဓာတ်မြေဩဇာ ၁၀ ကီလိုဂရမ် (ခြောက်ပိဿာ)ကို စိုက်ပေါင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်သောယူရီးယား ၁၀ ဂရမ်ကို ပန်းစတင်ပွင့်ချိန်တွင် ထည့်ပေးရမည်ဖြစ်သည်။

ဘူးပင်ကိုပျိုးထောင်ရာတွင် မြေဆွေးထည့်ထားသော ပလတ်စတစ်အိတ်အတွင်း   ဘူးစေ့နှစ်စေ့ခန့်  အပင်အရွက်သုံးရွက်၊ လေးရွက်ထွက်လျှင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

စင်တင်စိုက်ပါက စိုက်ပေါင်အလျားငါးပေ၊ အနံသုံးပေ၊ အမြင့်တစ်ပေခန့် ပေါင်ပြုလုပ်ပြီး မျိုးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း တစ်ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့ခုနစ်စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်နှစ်ပင်ချန်ထားလျှင် သင့်လျော်သည်။ကျင်းဖြင့်စိုက်ပျိုးပါက အနက် ၁ ဒသမ ၅ ပေ၊ အနံနှစ်ပေ၊ အလျားသုံးပေရှိ ကျင်းများတူးပြီး နွားချေးနှင့်မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း ၃-၄ လက်မအလိုခန့်ထိထည့်ပြီးလျှင် အပေါ်မှမြေရိုးရိုးကိုဖို့ရမည်။ တစ်ကျင်းလျှင်ခုနစ်ပင်၊ ရှစ်ပင်ခန့်စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင်နှစ်ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရမည်။

ဘူးပင်ကို တစ်နိုင်တစ်ပိုင်  စင်တင်စိုက်ပျိုးနိုင်သကဲ့သို့ အရွက်စားသုံးနိုင်ရန်အတွက် ခြံစည်းရိုးများတွင်တင်၍လည်းကောင်း၊ စိုက်ခင်းများတွင်ကျင်းတူး၍လည်းကောင်း စိုက်ပျိုး၍ အပင်တစ်လသားတွင် စတင်ကာ   ဘူးညွန့်များခူး၍ရောင်းချခြင်း၊ စားသောက်ခြင်းများ ပြုလုပ်နိုင်သည်။

ဘူးပင်ကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ ၂-၃ ကီလိုဂရမ် (၁ ပိဿာ၂၀ ကျပ်သားမှ ၁ ပိဿာ ၈၀ ကျပ်သား) လိုအပ်သည်။ နောင်နှစ်တွင်စိုက်ပျိုးရန် ဘူးမျိုးစေ့ရရှိရန်အတွက် မိမိစိုက်ပျိုးသော စိုက်ခင်းအတွင်းမှ အကောင်းဆုံး၊ အကြီးဆုံးဘူးသီးသုံးလုံးခန့်ကို အပင်တွင်ရင့်အောင်ထားရှိပြီး မျိုးထားရန်လိုသည်။ ဘူးသီးတစ်လုံးလျှင် မျိုးစေ့ ၁၅၀ မှ ၂၀၀  ခန့်အထိရရှိနိုင်သည်။ မျိုးကောင်းမျိုးသန့်ရရှိရန်အတွက် မိမိဒေသထွက်မျိုးများကိုထားရှိပြီး စနစ်တကျထိန်းသိမ်းထားရန်လိုအပ်သည်။  အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင်စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်သည်။

အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ သုံးရက်ခြားတစ်ကြိမ် ရေသွင်းပေးရန်လိုအပ်သည်။ ဘူးပင်ကလေးများ တစ်လသားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုသည်။

ဘူးစိုက်ရာတွင်ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာနှိမ်နင်းရန်လိုအပ်သည်။ ထိရောက်စွာမနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကျေပျက်စီးနိုင်သည်။ ဘူးပင်ကို ပိုးသတ်ဆေးပက်ဖျန်းပါက ဓာတ်ကြွင်းအာနိသင်ဖြစ်စေနိုင်သည့် ပိုးသတ်ဆေးများမပက်ဖျန်းမိစေရန်အတွက် နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သင့်သည်။

ဘူးပင်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ဘူးညွန့်များခူးရသည်။ ဘူးညွန့်ခေါင်ညွန့်ကိုချိုးနှိမ်ပေးမှသာလျှင် ဘူးညွန့်များများထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်သည်။ ဘူးခေါင်ညွန့်ကို     ဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှအရွက်များထွက်ပေါ်လာပြီး အတက်များမှအသီးများလည်း  တင်လာမည်ဖြစ်သည်။ ကိုင်းကျွန်းမြေများတွင် ဘူးပင်တစ်ပင်လျှင် ဘူးသီးအလုံး ၃၀ ခန့်သီးကြောင်း လေ့လာသိရှိရသည်။

ဘူးသီးကိုစိုက်ပြီးနောက် ၇၅ ရက်မှ ရက်  ၉၀  အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါကချက်ပြုတ်စားသောက်ရန်   မကောင်းသကဲ့သို့ နုပါကလည်း  အခါးဓာတ်ရှိသည်။သို့အတွက် ဘူးကိုမနုမရင့်အနေတော်ခူးရသည်။ တစ်ဧကလျှင် ဘူးသီးအလုံးရေ ၆၀၀၀ မှ ၈၀၀၀ အထိထွက်သည်။ ဘူးသီးနှင့်ဘူးညွန့်များ၏ ဈေးကွက်အခြေအနေကိုလိုက်၍ တစ်ဧကလျှင် ငွေကျပ်ရှစ်သိန်းမှ ၁၀ သိန်းအထိ အကျိုးအမြတ်ရရှိနိုင်သည်။ ထို့ကြောင့်ပင် မြန်မာလူမျိုးတို့၏စကားပုံများတွင် ဘူးဆိုဖရုံမသီး၊ ဘူးလေးရာဖရုံဆင့်၊ ဘူးသီးသီးမှ အရီးလာမတော်နှင့် စသည့်စကားပုံများရှိခဲ့ခြင်းဖြစ်သည်။

ဘူးသီးနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့သည် ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း၊ ဘူးသီးကြော်၊ ဘူးသီးချဉ်၊ ဘူးသီးကြက်သားဟင်း၊ ဘူးသီးမြေပဲထောင်းသုပ်၊ ဘူးသီးခေါက်ဆွဲကြော်၊ ဘူးသီးဟင်းခါးအဖြစ် အမျိုးမျိုးပြုလုပ်သုံးစွဲကြသည်။ ဘူးညွန့်ကိုလည်း ကြော်၍စားခြင်း၊  ချက်၍စားခြင်း၊   အတို့အမြှုပ်ပြုလုပ်၍စားခြင်းအပြင်ဆောင်းရာသီတွင် နှင်းဓာတ်ဖြင့်သီးသော ဘူးသီးများကိုလည်း ဘူးသီးချောင်းကြော်အဖြစ်ပြုလုပ်၍ လူတိုင်းကြိုက်နှစ်သက်စွာ စားသုံးကြသည်။

ဘူးသီးကိုစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက်ရရှိသော ကောင်းကျိုးများမှာ ဘူးသီးမှရရှိ သောသတ္တုရည်သည် အမြဲတမ်းသုံးစွဲပါက ကျန်းမာရေးအထောက်အကူဖြစ်စေသည်။  အစာကြေခြင်း၊ ဝမ်းမှန်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်သွေးအတွင်းရှိ   သကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုသွေးချိုရောဂါဖြစ်သူများအတွက် ပိုမိုစားသုံးပေးသင့်ပြီး ဝမ်းချုပ်ခြင်းကိုသက်သာစေကာ အိပ်မပျော်သောရောဂါကိုကုသရန်အတွက် အသုံးပြုနိုင်သည်။ ဘူးရွက်မှာလည်း အမျှင်ဓာတ်များစွာပါရှိ၍ အစာအိမ်အူလမ်းကြောင်းကိုသန့်စင်ပေးသည့်အတွက် ကျန်းမာရေးအတွက်      အထောက်အကူဖြစ်စေသောကြောင့် နေ့စဉ်စားသုံးပေးသင့်သော     သီးနှံတစ်မျိုးဖြစ်သည်။

ဘူးပင်စိုက်ပျိုးခြင်းဖြင့် ထွက်ရှိသောဘူးသီး၊ဘူးရွက်များကို စားသုံးသူများအနေဖြင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးရပြီး စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးစိုက်ထုတ်ငွေနည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံးနေ့စဉ်ဝင်ငွေရရှိ၍ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပြီး စိုက်ပျိုး၍လွယ်ကူသော ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့ အိမ်ခြံမြေများတွင်လည်း   တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့်    မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက်ကောင်းကျိုးပြုသည့်ဘူးပင်ကို စိုက်ပျိုးသွားရန်တင်ပြအပ်ပါသည်။      ။

Source: https://myawady.net.mm/stories

 

ဟိန်းထက်နိုင်(ဥဿာ)

သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သိသာထင်ရှားသော သက်ရောက်မှုများရှိသည်။ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့်မိုးခေါင်ရေရှားမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် အခြေခံအဆောက်အအုံများ၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို ပျက်စီးစေပြီး စီးပွားရေးဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာရေးအရင်းအမြစ်နည်းပါးမှုကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည်နှေးကွေးတတ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် လူသေဆုံးမှု၊ ဒဏ်ရာရမှုနှင့်အိုးမဲ့အိမ်မဲ့ဖြစ်မှုများကိုဖြစ်ပေါ်စေပြီးဆင်းရဲမှုနှင့်မညီမျှမှုကို ပိုမိုဆိုးရွားစေသည်။ သောက်သုံးရေပြတ်လပ်မှု၊ ကူးစက်ရောဂါများဖြစ်ပွားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထိခိုက်ခြင်းစသည်တို့ကြောင့် ပြည်သူများ၏ကျန်းမာရေးကိုထိခိုက်စေသည်။ ကျောင်းများနှင့် ပညာရေးအဆောက်အအုံများပျက်စီးခြင်းကြောင့် ကလေးများ၏ပညာသင်ကြားမှု ရပ်တန့်သွားတတ်ကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုကိုဦးတည်ပြီး ရေရှည်ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ဝိသေသများ

ဖွံ့ဖြိုးဆဲနိုင်ငံများသည် GDP နှင့် စီးပွားရေးဖွံ့ဖြိုးမှုနိမ့်ကျကာ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများထက် စိုက်ပျိုးရေးကို အဓိကမှီခိုနေရသည်။ လူမှုဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index)ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် သက်တမ်းရှည် နေထိုင်နိုင်မှုတို့တွင် အဆင့်နိမ့်ကျကာ စာတတ်မြောက်မှုနှုန်းနည်းပါးပြီး  ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း  အားနည်းနေတတ်သည်။ အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးစနစ်များတွင် အကန့်အသတ်ရှိကာ မြို့ပြဖွံ့ဖြိုးမှုနှုန်းလည်း နှေးကွေးသည်။ မွေးဖွားနှုန်းမြင့်မားပြီး သေဆုံးနှုန်းလည်း မြင့်မားနိုင်သည်။ ချမ်းသာသူနှင့် ဆင်းရဲသူအကြား ကွာဟချက် ကြီးမားသည်။  အလုပ်အကိုင်အခွင့်အလမ်း အကန့်အသတ်ရှိပြီး အလုပ်လက်မဲ့နှုန်းမြင့်မားနိုင်သည်။  သုတေသနနှင့် ဖွံ့ဖြိုးရေးတွင်  ရင်းနှီးမြှုပ်နှံမှုနည်းပါးကာ  နည်းပညာတိုးတက်မှု နှေးကွေးသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် သဘာဝသယံဇာတများ (ဥပမာ- သတ္တုတွင်း၊ စိုက်ပျိုးရေး)ကို အဓိကမှီခိုနေရသည်။  ပို့ကုန်မှာလည်း အဓိကအားဖြင့် ကုန်ကြမ်းများသာဖြစ်တတ်သည်။ ကျား၊ မ တန်းတူညီမျှမှု သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာများတွင်လည်း စိန်ခေါ်မှုများရှိနိုင်သည်။

သဘာဝဘေးအန္တရာယ်များ၏အတိုင်းအဆ

သဘာဝဘေးအန္တရာယ်များသည် လူတစ်ဦးချင်းစီအပေါ်တွင် ကြီးမားသည့်သက်ရောက်မှုများရှိသလို နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအပေါ်တွင်လည်း သက်ရောက်မှု အတိုင်းအဆကြီးမားတတ်သည်။

အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက  သက်ရောက်မှုပမာဏအလွန်များပြားတတ်သည်။ အခြေခံအဆောက်အအုံများ(လမ်းများ၊ တံတားများ၊ စက်ရုံများ)ပျက်စီးမှုကြောင့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုရပ်တန့်သွားနိုင်သည်။ လယ်ယာမြေများ ပျက်စီးခြင်းနှင့် သီးနှံဆုံးရှုံးမှုသည် စားနပ်ရိက္ခာဖူလုံမှုနှင့် ပို့ကုန်ဝင်ငွေကို ထိခိုက်စေသည်။ ပြန်လည်ထူထောင်ရေးအတွက် ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ် လိုအပ်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရန်ပုံငွေကို လမ်းကြောင်းပြောင်းသွားစေသည်။ သဘာဝဘေးအန္တရာယ်များကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် ဆင်းရဲမှုတိုးပွားခြင်းသည် လူမှုတည်ငြိမ်မှုကို ထိခိုက်စေသည်။ ကျောင်းများနှင့် ဆေးရုံများ ပျက်စီးခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြတ်တောက်စေကာ အကျိုးဆက်အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည်။ လူထုအတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများသည် ရေရှည်တွင် လူမှုဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်သည်။ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှုကဲ့သို့သော ဘေးအန္တရာယ်များသည် သဘာဝအရင်းအမြစ်များ(မြေဆီလွှာ၊ ရေအရင်းအမြစ်၊ သစ်တောများ)ကို ပျက်စီးစေပြီး ရေရှည်တည်တံ့သော  ဖွံ့ဖြိုးမှုကိုထိခိုက်စေသည်။  ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုပြင်းထန်လာစေကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်   ရင်းနှီးမြှုပ်နှံရန်လိုအပ်မှုတိုးလာသည်။ သဘာဝဘေးအန္တရာယ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးစနစ်များအတွက် ကြီးမားသောစိန်ခေါ်ချက်များကို ဖြစ်စေနိုင်သည်။  ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ  ဦးစားပေးအသုံးပြုရသဖြင့် အခြားဖွံ့ဖြိုးရေးမူဝါဒများ နှောင့်နှေးနိုင်သည်။ သဘာဝဘေးအန္တရာယ်များသည် အားနည်းသော လူထုအပေါ် ပိုမိုသက်ရောက်မှုရှိပြီး ဆင်းရဲမှုသံသရာကို ပိုမိုဆိုးရွားစေသည်။ သဘာဝဘေးကြောင့်  အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေနည်းပါးမှုမှတစ်ဆင့် လူမှုအဖွဲ့အစည်းအတွင်း မညီမျှမှုကို ပိုမိုဖြစ်ပေါ်စေသည်။

လျော့ပါးသက်သာစေရေးနည်းအသွယ်သွယ်

သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစီအမံများ၊ နည်းလမ်းများကို အကောင်အထည်ဖော်ထားရှိရန်  လိုအပ်သည်။ ဘေးအန္တရာယ်စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးစနစ်များ (ဥပမာ- မုန်တိုင်းသတိပေးချက်၊ ငလျင်စောင့်ကြည့်ရေးစနစ်) တည်ဆောက်ရန်၊ ဒေသခံလူထုအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးရန်နှင့် ကယ်ဆယ်ရေးလေ့ကျင့်မှုများပြုလုပ်ရန်၊ ငလျင်၊ ရေကြီးမှု၊ မုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အအုံများ (ဥပမာ- ခိုင်ခံ့သောနေအိမ်၊ တံတားများ) တည်ဆောက်ရန်၊ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းများဖြင့် အန္တရာယ်ဖြစ်ပေါ်နိုင်သည့်နေရာများကို ရှောင်ရှားရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းများ (ဥပမာ- မိုးခေါင်ဒဏ်ခံသီးနှံများ) နှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကိုမြှင့်တင်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (ဥပမာ- နေစွမ်းအင်၊ လေစွမ်းအင်)အသုံးပြုမှုကိုတိုးမြှင့်ရန်၊ အမျိုးသားအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များဖွဲ့စည်းပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေစုဆောင်းရန်၊ ဘေးအန္တရာယ်အာမခံအစီအစဉ်များကို အကောင်အထည်ဖော်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘဏ္ဍာရေး၊ နည်းပညာနှင့် လေ့ကျင့်ရေးအကူအညီများရယူရန်၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများဖြင့် အရင်းအမြစ်များနှင့် အသိပညာမျှဝေရန်၊ အမျိုးသမီးများ၊ ကလေးများနှင့်  အားနည်းသောအုပ်စုများအတွက် အထူးအကာအကွယ်နှင့်ပံ့ပိုးမှုများပေးရန် စသည့်အချက်များ အလေးထားဆောင်ရွက်ခြင်းဖြင့်   ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေနိုင်သည်။

အကျိုးကျေးဇူးများ

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးရမှုလျော့နည်းစေရေးနှင့် ခံနိုင်ရည်ရှိစေရေး စီမံဆောင်ရွက်မှုများမှတစ်ဆင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအနေဖြင့် စီးပွားရေးတည်ငြိမ်မှုရရှိပြီး ပြန်လည်ထူထောင်ရေးကုန်ကျစရိတ်များ လျော့နည်းနိုင်သည်။ လူမှုဖွံ့ဖြိုးမှုအားကောင်းလာပြီး ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းနိုင်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိလာနိုင်သည်။ သဘာဝဘေးကြိုတင်ခန့်မှန်းနိုင်ပြီး   အရေးပေါ်အခြေအနေတုံ့ပြန်မှုစနစ်များ ကောင်းမွန်လာခြင်းကြောင့် သေဆုံးမှုနှုန်းလျော့ကျစေသည်။ ပြည်သူများအား ဘေးအန္တရာယ်သတိပေးစနစ်များ၊ ပညာပေးလုပ်ငန်းများဖြင့် ကြိုတင်ပြင်ဆင်နိုင်စွမ်း တိုးမြင့်လာစေသည်။ ကြိုတင်ကာကွယ်မှုများအစီအစဉ်တကျ ဆောင်ရွက်ထားရှိခြင်းအားဖြင့် လူနေအဆောက်အအုံများ၊ အခြေခံအဆောက်အအုံများ (လမ်း၊ တံတား၊ ဆည်များ) ပျက်စီးမှုကို လျှော့ချနိုင်သည်။  စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ပိုမိုတည်ငြိမ်စေသည်။ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရသူများ (Displaced Persons) နည်းပါးလာပြီး ဒုက္ခသည်ပြဿနာ လျော့ကျစေသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာကာ ကပ်ဘေးကြောင့်ဖြစ်ပွားသောရောဂါများ (ဥပမာ - ရေကြီးပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါ)ကို ကာကွယ်နိုင်သည်။  သစ်တောပြုန်းတီးမှုကို ကာကွယ်ခြင်း၊ ရေရှည်တည်တံ့သော  စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးခြင်းဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည် (Climate Resilience)တိုးမြင့်လာစေသည်။  ရေဝေရေလဲနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများက ရေကြီး/မိုးခေါင်မှုကို လျော့ပါးစေသည်။ သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ငွေကြေး၊   နည်းပညာပံ့ပိုးမှုများ  ပိုမိုရရှိနိုင်သည်။ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ   အသိပညာပေးခြင်း၊   လေ့ကျင့်သင်ကြားခြင်းများဖြင့် ပြည်သူများ၏ဘေးဒဏ်ခံနိုင်ရည် (Resilience) တိုးတက်လာစေသည်။ 

နိဂုံး

သဘာဝဘေးအန္တရာယ်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးမှုအလားအလာများကို သိသာစွာထိခိုက်စေသည်။ သို့သော် ကြိုတင်ပြင်ဆင်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများဖြင့် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လျော့ပါးစေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်သည်။ ဤဗျူဟာများကို ဒေသအလိုက် လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ပြင်ဆင်အကောင်အထည်ဖော်ရန်လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက်     ကြိုတင်ကာကွယ်မှုမူဝါဒများ၊ အခြေခံအဆောက်အအုံခိုင်မာရေးများအပြင်  ပြည်သူများအနေဖြင့်လည်း  ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

ဒေါက်တာဇေယျာဝင်း

ရာသီဥတုက တော်တော်လေးကို သာယာသည်ဟုဆိုရမည်။ ဘယ်နေရာမှာလဲဆိုရင် ရုရှားနိုင်ငံ မော်စကိုမြို့၊ နေရာအတိအကျဆိုရရင်တော့ ရင်ပြင်နီမှာဖြစ်သည်။ ရင်ပြင်နီဆိုတာ သမိုင်းမှတ်တမ်းကောင်းများစွာ ကိုစိုက်ထူထားခဲ့တဲ့နေရာတစ်ခုဖြစ်သလို ကမ္ဘာတည်သရွေ့ ထာဝရတည်ရှိနေမယ့် နေရာလို့ပြောမည်ဆိုပါကလည်း ပြောနိုင်သည့်နေရာတစ်ခုဖြစ်သည်။  ကျွန်တော့်အနေနဲ့ ဘာအတွက်ကြောင့် ရုရှားနိုင်ငံမော်စကိုမြို့ရဲ့ အထင်ကရနေရာရင်ပြင်နီကို ရောက်နေရသလဲလို့မေးလာမယ်ဆိုရင်တော့ အဖြေကတစ်ခုတည်းရှိသည်။

မေလ ၉ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခွင့်ရလာခြင်းကြောင့်ပင်ဖြစ်သည်။

တကယ်တမ်းပြောရလျှင် ဒီနေ့လိုနေ့ ရက်ရောက်လာမည်ကို စောင့်မျှော်နေခဲ့ ခြင်းဖြစ်သည်။ ကျွန်တော့်အနေဖြင့် စစ် ရေးပြအခမ်းအနားများစွာကို မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။  သို့သော် ယခုကဲ့သို့နိုင်ငံ ပေါင်းစုံပါဝင်ဆင်နွှဲသည့် စစ်ရေးပြအခမ်းအနားကိုတော့ အခုမှသာမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခြင်းဖြစ်သည်။ ဒီလိုအတွေ့အကြုံကိုပေးစွမ်းသည့်အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူများကို ကျေးဇူးတင်ရသည်။ အခုလိုစစ်ရေးပြအခမ်းအနား မှာ ရုရှားနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးမှုရှိပြီး စစ်ရေးပြအခမ်းအနားတွင် ပါဝင်နိုင်စွမ်းရှိသည့်နိုင်ငံများမှ တပ်မတော်သားများ ကသာ ပါဝင်စစ်ရေးပြခွင့်ရခြင်းဖြစ်သည်။အရေအတွက်အားဖြင့် နိုင်ငံပေါင်း ၁၃နိုင်ငံရှိသည်။

အချိန်အားဖြင့် ဒေသစံတော်ချိန်နံနက် ၉ နာရီမိနစ် ၅၀ ခန့်တွင် စစ်ရေးပြမည့် စစ်ကြောင်းများက ရင်ပြင်နီ၌နေရာယူထား ကြပြီးဖြစ်သည်။ နိုင်ငံတကာမှ ဧည့်သည်တော်ကြီးများနှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  ဗလာဒီမာပူတင်တို့ကလည်း သတ်မှတ်နေရာအသီးသီးတွင် နေရာယူထားကြပြီးဖြစ်သည်။  သိပ်မကြာမီတွင် ကရင်မလင်နန်းတော်ရှိ နာရီစင်ကြီးဆီမှ နံနက် ၁၀ နာရီထိုးသည့် အချက်ပေးသံထွက် ဩပေါ်လာသည်။ အချက်ပေးသံဆုံးသွားပြီး နောက် စစ်ရေးပြမှူးဖြစ်သည့် ရုရှားကြည်း တပ်ဦးစီးချုပ်ထံမှ စစ်မိန့်သံထွက်ပေါ်လာ ဩသည်။ အဲဒီစစ်မိန့်သံအဆုံးမှာ ရုရှားဖက် ဒရေးရှင်းနိုင်ငံအလံနှင့် အောင်ပွဲရအလံကို သယ်ဆောင်လာသည့် အလံတော်အဖွဲ့က စစ်သည်များ၏အလေးပြုမှုကိုခံယူသည်။

စစ်သည်များ၏အလေးပြုမှုပြီးနောက် စစ်ရေးပြမှူးထံမှထွက်လာသော နောက်ထပ်အမိန့်သံတစ်ခုအဆုံးတွင်     ရုရှားကာကွယ်ရေးဝန်ကြီးက စစ်ရေးပြကွင်းသို့ ဝင်ရောက်လာသည်။ ထို့နောက်စစ်ရေးပြမှူးက ကာကွယ်ရေးဝန်ကြီးအားတပ်အပ် ခြင်းနှင့် ကာကွယ်ရေးဝန်ကြီးက တပ်ကို စစ်ဆေးခြင်းတို့လုပ်ဆောင်သည်။ ယင်းနောက်တွင် ကာကွယ်ရေးဝန်ကြီးက ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင် ထံသို့သွားရောက်သတင်းပို့သည်။ သမ္မတ ကသတင်းပို့မှုကိုခံယူပြီးနောက် မိန့်ခွန်းပြောသည်။ ၎င်း၏မိန့်ခွန်းအနက်အချို့ကို ကောက်နုတ်ပြရလျှင်    မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့သည်  ရုရှားနိုင်ငံ၏အထင်ရှားဆုံးသောအားလပ်ရက်များအနက်    တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယနေ့လို လွတ်လပ်မှုနှင့်ငြိမ်းချမ်းရေးကို ရရှိစေဖို့ ဆိုဗီယက်ပြည်ထောင်စုက အသက်သွေးချွေးသန်းပေါင်းများစွာကို  စွန့်လွှတ်ခဲ့ရကြောင်း၊  ရုရှားနိုင်ငံသည် နာဇီဝါဒကိုဆန့်ကျင်သည့် မချိုးဖျက်နိုင်သောအတားအဆီးတစ်ခုဖြစ်သည့်အပြင်   နာဇီဝါဒကိုကျင့်သုံးနေသည့်ရက်စက်ကြမ်းကြုတ်သူများကိုလည်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိလုပ်ဆောင်နေသည့် ရုရှား၏အထူးစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသူများအားလုံးကိုတစ်နိုင်ငံလုံးကထောက်ခံပြီး ၎င်းတို့၏ခိုင်မာသောစိတ်ဓာတ်ကို ဂုဏ်ယူရကြောင်း၊ ရုရှားနိုင်ငံအနေဖြင့်နာဇီဝါဒကို အမှန်တကယ်အောင်နိုင်ခဲ့သူများ အပေါ်အသရေဖျက်ခြင်းကို ခွင့်လွှတ်သွားမည်မဟုတ်ကြောင်း၊ နာဇီဝါဒအပေါ်အလုံးစုံအောင်နိုင်ခြင်းသည်နိုင်ငံများစွာ၏ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုကြောင့်ဖြစ်သည့်အတွက် ရုရှားနိုင်ငံက ထိုနိုင်ငံများ ၏စွန့်လွှတ်စွန့်စားမှုအပေါ် လေးစားရ ကြောင်း၊ရုရှားပြည်သူများအနေဖြင့် စစ်မှုထမ်းဟောင်းကြီးများနှင့် ၎င်းတို့၏အမိမြေကိုကာကွယ်လိုသော ခိုင်မာသည့်စိတ်ဓာတ်တို့ကို လေးစားရမည်ဖြစ်ကြောင်း ပြောသွားခြင်းဖြစ်သည်။

သမ္မတ၏မိန့်ခွန်းအပြီးတွင်အမြောက်တပ်ဖွဲ့က အမြောက်များပစ်ဖောက်ကာ ဂုဏ်ပြုသည်။ ယင်းနောက် စစ်ကြောင်းကြီးများက သမ္မတ ဗလာဒီမာပူတင်အား ချီတက်အလေးပြုကြသည်။ ဒီအထိက စစ်ရေးပြအခမ်းအနားတစ်ခု၏ သမားရိုးကျလုပ်ရိုးလုပ်စဉ်များသာဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင်   ဆက်လက်ရေးသားဖော်ပြမည့်အရာများက ရုရှားနိုင်ငံအနေဖြင့် နှစ်(၈၀)ပြည့်မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနေ့စစ်ရေးပြအခမ်းအနားအတွက် ဘယ်လောက်အထိ  ကြိုးပမ်းအားထုတ်ထားသည်ကိုမြင်တွေ့နိုင်သည်။    ယခု စစ်ရေးပြချီတက်အလေးပြုခြင်းတွင် ရုရှား နိုင်ငံ၏ ၈၅ နှစ်ကြာ ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် မော်စကိုစစ်ဘက်ဆိုင်ရာဂီတသင်တန်းကျောင်းမှ လူငယ်စစ်တီးဝိုင်းအဖွဲ့ကရှေ့ဆုံးမှဦးဆောင်ခြင်းဖြင့် စတင်လာခြင်းဖြစ်သည်။   ၎င်း၏နောက်တွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသောတပ်ဖွဲ့များကိုကိုယ်စားပြုသည့်စစ်ရေးပြတပ်ခွဲက ဆိုဗီယက်ပြည်ထောင်စု ခေတ်ယူနီဖောင်းများ၊စစ်လက်နက်များ ကိုင်ဆောင်ကာ ချီတက်အလေးပြုကြသည်။  ထို့နောက် သတ်မှတ်ထားသည့် ခြေလျင်စစ်သည်တပ်ဖွဲ့များက   ချီတက်အလေးပြုပြီးချိန်တွင်နိုင်ငံတကာမှကိုယ်စားပြု   စစ်ရေးပြတပ်ခွဲများက ဆက်လက်ချီတက်အလေးပြုခြင်းဖြစ်သည်။

၎င်းတို့၏နောက်တွင်ရုရှားနိုင်ငံမှသက်ဆိုင်ရာတပ်ဖွဲ့များက ဆက်လက်ချီတက်အလေးပြုသည်ကို မြင်တွေ့ရသည်။စစ်သည်များ၏ချီတက်အလေးပြုမှုပြီးနောက် စစ်လက်နက်ပစ္စည်းများ ဖြင့်ချီတက်မှုအခန်းကဏ္ဍက တစ်ဆက်တည်း လိုက်ပါလာသည်။ ထိုအခန်းကဏ္ဍကို ဦးဆောင်လာသူက T-34 တင့်များဖြစ် သည်။ ထိုတင့်များမှာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ရန်သူများအပေါ်လက်စွမ်း ပြခဲ့သည့် ဂန္ထဝင်တင့်များဖြစ်သည်။ ထိုဂန္ထဝင်တင့်များ၏နောက်တွင် အဆင့်မြင့် T-90 M တင့်များ၊ Iskander-M ဒုံးကျည်စနစ်များ၊ S-400 Triumph လေကြောင်း ရန်ကာကွယ်ရေးစနစ်များ၊ Yars တိုက်ချင်း ပစ်ဒုံးကျည်စနစ်များနှင့် ဒရုန်းတင်ယာဉ် များကအစဉ်လိုက်လိုက်ပါလာသည်။ ဒီနှစ် စစ်ရေးပြအခမ်းအနားတွင် ထူးခြားမှုတစ်ခုမှာ ဒရုန်းများကို စစ်ရေးပြအခမ်းအနား၌ ပထမဆုံးအကြိမ်   ပွဲထုတ်လာခြင်းဖြစ်သည်။ အဓိကအသုံးပြုသွားသည့် ဒရုန်း များမှာ Lancet နှင့် Orlan ဒရုန်းများဖြစ်သည်။

မြေပြင်တွင် စစ်သည်များနှင့်စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များက ချီတက်အလေးပြုပြီးနောက် ကောင်းကင်ယံတွင်ရုရှား သူရဲကောင်းနှင့် ပျံလွှားငှက်များဟုအမည် ပေးထားသော လေသူရဲအုပ်များက Su-30နှင့် MiG-29 လေယာဉ်များကိုမောင်းနှင် လျက် လေကြောင်းစွမ်းရည်မျိုးစုံကိုပြသ ကြသည်။စစ်ရေးပြအခမ်းအနား၏နောက် ဆုံးပိတ်အနေဖြင့် Su-25 တိုက်ခိုက်ရေးလေယာဉ်များက ကောင်းကင်ယံတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအလံကို  ပုံဖော်ပြသသွားသည်။ စစ်ရေးပြအခမ်းအနား အဆုံးသတ်အဖြစ် ရုရှားနိုင်ငံ၏နိုင်ငံတော် သီချင်းနှင့် အောင်ပွဲနေ့ဟူသောသီချင်းတို့ကိုသီဆိုကာ အခမ်းအနားကိုပိတ်သိမ်းလိုက်သည်။

ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီ များ၏ကျူးကျော်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည့်အပြင်   ၎င်းတို့ကိုဘာလင်မြို့အထိရောက်အောင်ပင် တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုမှညီအစ်ကိုမောင်နှမများ၏  ခိုင်မာသောဇွဲလုံ့လ၊ ရဲဝံ့ပြောင်မြောက်သောသတ္တိတို့ဖြင့်ရေးထိုးနိုင်ခဲ့သည့်သမိုင်းမှတ်တမ်းကြီးမှာ ၁၉၄၅ ခုနှစ် မေလ ၈ ရက် ညပိုင်းတွင် နာဇီဂျာမနီတို့၏လက်နက်ချပါသည်ဟူသော သဘောတူစာချုပ်ပင်ဖြစ် သည်ဟုဆိုရပေမည်။ အဆိုပါသဘောတူစာချုပ်ကြောင့်ပင် မဟာမျိုးချစ်စစ်ပွဲကြီး အောင်မြင်ခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်ကိုလည်း အပြီးသတ်စေရန် တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။ အဆိုပါတွန်းအားကို   ယနေ့အချိန်အထိတိုင် ဆက်လက်ထိန်းသိမ်းထားပြီး ရုရှားနိုင်ငံနှင့်တကွ မိတ်ဖက်နိုင်ငံများက အကြမ်းဖက်ဝါဒကိုဆက်လက်တွန်းလှန်သွားနေဦးမည်မှာ   သေချာနေကြောင်း   အတွေးတစ်စအဖြစ် ရေးသားလိုက်ရပါသည်။

Ref: Sputnik

ဘာသာပြန်ဆိုသူ-ထက်မြတ်

နေ့ကား ၁၉၄၅ ခုနှစ် မေလ ၉ ရက် ဖြစ်သည်။ ဒီလိုနေ့ ဒီလိုရက်ကိုပင် အလက်ဇန်းဒါးနဲ့ဆိုဖီယာတို့က မျှော်တလင့်လင့်ဖြင့်  စောင့်စားနေခဲ့ကြသည်မှာ နှစ်အနည်းငယ်ပင်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အတိအကျဆိုလျှင် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်ကတည်းကဟုပင် ဆိုရမည်ဖြစ်သည်။ အဲဒီနေ့က ဂျာမနီက ပိုလန်ကို ဝင်ရောက်ကျူးကျော်ခြင်းဖြင့် ဒုတိယကမ္ဘာစစ်ကြီး စတင်ခဲ့ရသည့်နေ့ ဖြစ်သည်။

အလက်ဇန်းဒါးနှင့်ဆိုဖီယာတို့မှာ သား တစ်ဦးနှင့်သမီးတစ်ဦးရှိသည်။   သူတို့လက်ထပ်ပြီးသုံးနှစ်အကြာတွင် သမီးငယ်မာ ရီယာကိုမွေးဖွားခဲ့ခြင်းဖြစ်သည်။ မာရီယာ ကိုမွေးဖွားပြီးနောက် သူတို့မိသားစုကစတာလင်ဂရတ်သို့ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြောင်းပြီးမကြာမီ ဒုတိယ ကမ္ဘာစစ်မီးကြီး  စတင်တောက်လောင်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီကပိုလန်ကိုကျူးကျော်စဉ်က ထိုစစ်မီးသည်ဆိုဗီယက်ပြည်ထောင်စုသို့ ကူးစက်လာမည်ဟုမထင်ခဲ့ရိုးအမှန်ပင်ဖြစ်သည်။ သို့ပေမယ့်လည်း သူတို့ထင်မြင်သည့်အတိုင်း မဖြစ်လာခဲ့ပေ။

၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင် တိုက်တိုင်းအောင်နေသည့်နာဇီဂျာမနီ၏တပ်တော်က ဘာဘာရော့ဆာစစ်ဆင်ရေးဖြင့် ဆိုဗီယက်ပြည်ထောင်စုသို့ဝင်ရောက်လာသည်။ ထိုစစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်တွင်လူသေဆုံးမှုအများဆုံး၊နယ်မြေအကျယ်ဝန်းဆုံးသော စစ်နယ်ဝန်းဖြစ်ပေါ်လာခြင်း၏  အစပင်ဖြစ်သည်။

ထိုစစ်ဆင်ရေးစတင်သည်နှင့် နာဇီဂျာမနီတို့က တစ်ဟုန်ထိုးဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုက နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထိုအချိန်တွင် ဆိုဗီယက်ပြည်ထောင်စုကရှိသမျှသော စစ်သည်အင်အားတို့ဖြင့် ရန်သူ၏တိုက်ခိုက်မှုကို အလူးအလဲရင်ဆိုင်နေရချိန်ဖြစ်သည်။ နာဇီဂျာမနီတို့၏ တိုက်ခိုက်မှုများကြောင့် အသက်ပေးခဲ့ရသည့်စစ်သည်များနှင့် အရပ်သားပြည်သူ လွန်စွာများပြားလှသည်။ နာဇီဂျာမနီတို့ ကလည်း ဆိုဗီယက်ပြည်ထောင်စုအတွင်း ပိုင်းထဲအထိပင် လျင်မြန်စွာထိုးဖောက်ဝင် ရောက်လာနေပြီဖြစ်သည်။ ဒီအချိန်တွင် နာဇီဂျာမနီတို့ကို တွန်းလှန်နိုင်ခြင်းမရှိပါက နောက်ဆုံးတွင်ဆိုဗီယက်ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ၎င်းတို့၏လက်တွင်း သို့သာကျဆင်းဖွယ်သာရှိတော့သည်။  နာဇီဂျာမနီတို့ကလည်း မဟာဗျူဟာအရအရေးပါသော စတာလင်ဂရတ်ကိုသိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်လာသည်။ မကြာသေးမီကမှ စတာလင်ဂရတ်ကိုပြောင်းရွှေ့လာသော အလက်ဇန်းဒါးတို့မိသားစုမှာလည်း စစ်ကြီး၏ဆိုးကျိုးကိုမလွဲမသွေရင်ဆိုင်လာရတော့သည်။

အလက်ဇန်းဒါးနှင့်ဆိုဖီယာတို့က သားသမီးများကို ရင်အုပ်မကွာစောင့်ရှောက်ရင်း အိမ်ထဲမှာပင် နေဝင်မီးငြိမ်းပုံစံဖြင့်နေနေရသည်။ ထိုအခြေအနေမျိုးကို မည်သူမျှမလိုချင်။ သို့သော်လည်း သူတို့အနေဖြင့် မည်သို့မျှမတတ်နိုင်ဖြစ်နေရသည်။ ဒီလိုနဲ့နေလာရင်းတစ်နေ့မှာ အလက်ဇန်းဒါး တစ်ယောက် ဆုံးဖြတ်ချက်တစ်ခုကိုပိုင် ပိုင်နိုင်နိုင်ချမှတ်လိုက်သည်။ ထိုဆုံးဖြတ်ချက်ကား သူ့အနေဖြင့်  ဆိုဗီယက်ပြည်ထောင်စု၏တပ်နီတော်သို့ဝင်ရောက်ပြီး နယ်ချဲ့ကျူးကျော်သူများဖြစ်သည့် နာဇီဂျာမနီများကို တွန်းလှန်တိုက်ခိုက်ရန်ပင် ဖြစ်သည်။ ဆိုဖီယာကလည်း အလက်ဇန်းဒါး ၏ဆုံးဖြတ်ချက်ကို တစ်စက်ကလေးမျှ တားမြစ်ခြင်းမရှိပေ။ သူ၏ပုံစံက “မောင်ကြီးသာ တိုင်းပြည်ရဲ့ရန်သူတွေကို ရွပ်ရွပ်ချွံချွံနဲ့ချေမှုန်းခဲ့ပါ။  တကယ်လို့တိုက်ပွဲ မှာကျဆုံးသွားခဲ့သည့်တိုင်အောင် နှမမှာ မငိုဘဲ ထာဝရဂုဏ်ယူနေပါမယ်” လို့ပြော နေသယောင်ပင်ဖြစ်သည်။

၁၉၄၂ ခုနှစ် ဇူလိုင်လတွင် စတာလင် ဂရတ်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်၌တပ်နီတော်နှင့်နာဇီဂျာမနီတို့ကြားတိုက်ပွဲများ   ပြင်းထန်စွာဖြစ်ပွားလာသည်။ စတာလင်ဂရတ်တိုက်ပွဲက ဒုတိယကမ္ဘာ စစ်ကာလတွင် လူသေဆုံးမှုအများဆုံးနှင့် အလှည့်အပြောင်းအဖြစ်ဆုံးသော တိုက်ပွဲစဉ်တစ်ခုဖြစ်လာသည်။ တစ်ဖက်နှင့် တစ်ဖက်တိုက်ခိုက်မှုကလည်း အင်မတန် မှပြင်းထန်လှသည်။ နှစ်ဖက်စလုံးမှာဒဏ် ရာရရှိသူနှင့်သေဆုံးသူများပြားလှသည်။ သမိုင်းမှတ်တမ်းများအရဆိုလျှင် သေဆုံး သူနှင့်ဒဏ်ရာရရှိသူစုစုပေါင်း သန်းနှင့်ချီ ရှိသည်ဟုဆိုနိုင်သည်။ ဒီလိုနှင့်နှစ်ဖက်တပ်များက စတာလင်ဂရတ်တိုက်ပွဲတွင်တိုက်ခိုက်လာရင်း ၁၉၄၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျာမနီ၏အမှတ် (၆)တပ်တော်ကတပ်နီတော်၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကိုခံလိုက်ရသည်။ ထို့ကြောင့် အမှတ်(၆)တပ်တော်က တပ်နီတော်ထံသို့ လက်နက်ချအညံ့ခံလိုက်ရသည်။

အမှတ်(၆)တပ်တော်က လက်နက်ချ အညံ့ခံလိုက်ပြီဆိုသော သတင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုအနေဖြင့် ရဲစိတ် ရဲမာန်များပိုမိုတက်ကြွလာပြီး နာဇီဂျာမနီ တို့ကို တိုက်စစ်ဖွင့်ရင်ဆိုင်လာနိုင်ပြီဖြစ် သည်။ ထိုအချိန်တွင် ခံစစ်ဖြင့်သာခုခံနေ ရသော နာဇီဂျာမနီတို့ကို ယူကရိန်းဒေသ၊ ရုရှားဒေသနှင့် အရှေ့ဘယ်လာရုစ်ဒေသ တို့မှ မြန်မြန်ဆန်ဆန်ပင်မောင်းထုတ်လာ နိုင်သည်။ စတာလင်ဂရတ်တိုက်ပွဲ၌စစ်ရှုံး သွားသော နာဇီဂျာမနီတို့အနေဖြင့်ဝရုန်း သုန်းကားမပြေးရုံတမယ် ခွာစစ်ဆင်သွား ရကာ နောက်ဆုံးတွင်ဘာလင်မြို့အထိ သို့ပင်ဆုတ်ခွာသွားရသည်အထိ တပ်နီ တော်ကလက်စွမ်းပြနိုင်ခဲ့သည်။ ၁၉၄၄ ခုနှစ်မှစတင်၍ စစ်မျက်နှာအစုံတွင်တိုက် စစ်များဖွင့်ကာ ဥရောပဒေသအရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့ကို နာဇီဂျာမနီတို့၏သိမ်းပိုက်မှုအောက်မှလွတ်မြောက်စေအောင် တပ်နီတော်က ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆိုဖီယာတစ်ယောက် တပ်နီတော်၏ အောင်ပွဲများကိုနေ့စဉ်နှင့်အမျှ ကြားသိနေရသည့်အတွက် ဝမ်းသာမဆုံးရှိနေသည်။ သို့သော် သူ၏ချစ်လှစွာသောအလက်ဇန်းဒါးထံမှ စာတစ်လွှာပေတစ်ရွက်မျှရောက် မလာသေးပေ။ သို့သော်လည်း ဆိုဖီယာ ၏မျက်နှာမှာတော့ ဝမ်းနည်းသည့်အရိပ် အယောင်တစိုးတစိမျှမရှိ။ လူမှန်းသိတတ် နေပြီဖြစ်သော သူ၏သားနှင့်သမီးတို့ကိုလည်း “သားတို့သမီးတို့ဖေဖေကလေ အခု နာဇီဂျာမနီတွေအပေါ် အောင်ပွဲဆင်နေတဲ့ တပ်နီတော်ကြီးနဲ့အတူ တိုက်ပွဲဝင်နေတာ ကွဲ့” ဟုညအိပ်ရာဝင်တိုင်း ဂုဏ်ယူမဆုံး ပြောလေ့ရှိသည်။

အချိန်ကား ၁၉၄၅ ခုနှစ် ဧပြီလသို့တိုင် ရောက်ရှိလာသည်။ ထိုအချိန်တွင် တပ်နီတော်၏အောင်မြင်မှုက ဂျာမနီနိုင်ငံ၏ ဘာလင်မြို့အထိပင် ရောက်ရှိလာပြီဖြစ်သည်။ သမိုင်းတွင်နာမည်ကျော်သောဘာလင်တိုက်ပွဲကြီးကို ဆင်နွှဲနေခြင်းဖြစ်သည်။ ထိုတိုက်ပွဲကြီးက နာဇီဂျာမနီတို့၏ဘဝကံကြမ္မာကိုအဆုံးသတ်ပေးမည့်တိုက်ပွဲကြီးလည်းဖြစ်သည်။စစ်သည်အင်အား နှစ်သန်းခွဲ၊ တင့်အစီးရေ ၆၂၅၀၊ လေယာဉ်အစင်းရေ ၇၅၀၀ ပါဝင်သည့် တပ်နီတော် က ၁၉၄၅ ခုနှစ် ဧပြီလ ၁၆ ရက်တွင် အခိုင် အမာခံစစ်ဆင်ထားသော ဂျာမနီတို့၏ ခံစစ်စည်းကိုချိုးဖျက်နိုင်မည့် စစ်ဆင်ရေး စတင်လိုက်သည်။ ထိုနှစ် ဧပြီလ ၃၀ ရက် တွင်မူ ဂျာမနီတို့၏လွှတ်တော်အဆောက် အအုံကို ဆိုဗီယက်တပ်ဖွဲ့များကသိမ်းပိုက် လိုက်နိုင်သည်။ ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် မေလ ၈ ရက်ညပိုင်းတွင် နာဇီဂျာမနီတို့က လက်နက်ချအညံ့ခံကြောင်း သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ရခြင်းဖြစ်သည်။ ဤကားဒုတိယကမ္ဘာစစ်ကိုအဆုံး သတ်စေမည့်နိဂုံး၏နိဒါန်းပင်ဖြစ်သည်။ တစ်ဖက်တွင် ပစိဖိတ်စစ်မျက်နှာ၌ မဟာမိတ်တပ်ဖွဲ့များ၏တိုက်ခိုက်မှုများကြောင့်ထိုနှစ် စက်တင်ဘာလ ၂ ရက်တွင် လက်နက်ချအညံ့ခံကြောင်း ဂျပန်အင်ပါယာက လက်မှတ်ရေးထိုးလိုက်ရသည်။ ထိုအချိန် ကား ကမ္ဘာတစ်ဝန်းတွင် ဒုတိယကမ္ဘာစစ် အဆုံးသတ်သောနေ့ပင်ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီ တို့ကိုလက်နက်ချစေနိုင်ခဲ့သည့် ၁၉၄၅ ခုနှစ် မေလ ၈ ရက်ညပိုင်းပြီးနောက် မေလ ၉ ရက်ကို မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ အဖြစ်သတ်မှတ်လိုက်သည်။ ထိုသို့သတ်မှတ်ရသည့်အကြောင်းရင်းများစွာရှိမည် ဖြစ်သော်လည်း ထင်ရှားလှသည့်တစ်ခုတည်းသောအကြောင်းရင်းမှာမူ အလက်ဇန်းဒါးကဲ့သို့သော သာမန်ပြည်သူများကပင် တိုင်းပြည်၏လွတ်လပ်ရေးအတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုစစ်ပွဲတွင် ဆိုဗီယက်ပြည်ထောင်စု၌ မှီတင်းနေထိုင်လျက်ရှိသော ပြည်သူအပေါင်း၏   စည်းလုံးညီညွတ်မှု အားကိုပြသနိုင်ခဲ့သည်။သူမတူသည့်ရဲစွမ်းသတ္တိကိုပြသနိုင်ခဲ့သည်။ ဘယ်သူပင် ကျင့်သုံးသုံး ဘယ်သူမှအကျိုးမရှိနိုင်သည့် အကြမ်းဖက်နယ်ချဲ့ဝါဒကိုအပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။

တစ်ဖက်တွင်လည်း ဒီလိုမျိုးသမိုင်းဝင် လာစေမယ့်စစ်ပွဲကြီးအတွက် ပေးဆပ်မှုများစွာရှိသည်။ ဆိုဗီယက်ပြည်ထောင်စု တစ်ခုတည်းမှာပင် သေဆုံးသူစုစုပေါင်း ၂၇ သန်းခန့်ရှိသည်။ စစ်ပွဲအတွင်းပျောက် ဆုံးသွားခဲ့ရသည့် အရပ်သားများ၊ ကလေးငယ်များ၏အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်ဖြစ်သည်။ ဘေးလွတ်ရာကို တိမ်းရှောင်ရသူကလည်း ဒုနှင့်ဒေးပင်။ ထိုသို့ဘေးလွတ်ရာသို့   တိမ်းရှောင်ရသူများထဲတွင် ဆိုဖီယာတို့မိသားစုလည်းပါဝင်သည်။ ဆိုဖီယာအနေဖြင့် နေရာတွေမည်မျှပင်ပြောင်းရွှေ့ရစေကာမူ  သူ၏အမျိုးသားအလက်ဇန်းဒါး၏ သတင်းကိုကား စောင့်မျှော်နေဆဲဖြစ်သည်။ တစ်ရက်တွင်မူ သူ့ထံသို့သတင်းစကားတစ်ခုရောက်ရှိလာသည်။ ထိုသတင်းစကားမှာ အလက်ဇန်းဒါးတစ်ယောက် ဘာလင်တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက်  အသက်ပေးလှူသွားရပြီ ဟူသောသတင်းပင်ဖြစ်သည်။

ထိုသတင်းကိုကြားရသောနေ့က ဆိုဖီယာတစ်ယောက် သူ၏ကမ္ဘာပြိုလဲသွားပြီ ဟုပင်ယူဆလိုက်သည်။ သို့သော် ပြန်တွေး ကြည့်လိုက်တော့ သူ၏ချစ်လှစွာသော အလက်ဇန်းဒါးမှာ သူနှင့်သားသမီးများ သာမက တိုင်းပြည်တစ်ခုလုံးသူ့ကျွန်ဘဝ မကျရောက်စေရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် သူ့ကိုယ်သူပေးဆပ်သွား သည်ဟူသောအသိက ဆိုဖီယာ၏မျက်ဝန်း တို့ကို အရောင်တောက်လာစေခြင်းဖြစ် သည်။ တစ်နေ့နေ့တစ်ချိန်ချိန် ဒီစစ်ပွဲပြီး ဆုံးသွားပါက မိသားစုတွေပျော်ပျော်ရွှင် ရွှင်ပြန်ဆုံကြမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်သည်လည်း ပျက်ပြားသွားခဲ့ရသည်။ ဆိုဖီယာ့လိုပင်မိသားစုတကွဲတပြားဖြစ်သွားရသူ သန်းနှင့်ချီရှိသည်။ သူတို့၏စိတ်ထဲမှာလည်း သူတို့အမျိုးသားများ၊ မောင်များ၊ ဆွေမျိုးများမှာ သူတို့တိုင်းပြည် အတွက်   အသက်ကိုစွန့်လွှတ်ခဲ့သူများဖြစ်သည်ဟု    ဂုဏ်ယူဝင့်ကြွားရှိနေမည်မှာအမှန်ပင်ဖြစ်သည်။    ၁၉၄၅   ခုနှစ်မေလ  ၉  ရက်မှာတော့   အလက်ဇန်းဒါးတစ်ယောက်ဆိုဖီယာ့ဘေးမှာရှိနေရင်းပျော်ရွှင်နေမည်မည်ဟုပင်ယုံကြည်မိသည်။

အခုတော့ မဟာမျိုးချစ်စစ်ပွဲကြီးပြီးဆုံး ခဲ့သည်မှာ ၂၀၂၅ ခုနှစ် မေလ ၉ ရက်တွင် နှစ်(၈၀)တင်းတင်းပြည့်ပြီဖြစ်သည်။ ထို သို့သောနှစ်ပေါင်း ၈၀ ကာလတွင်  ဆိုဗီယက်ပြည်ထောင်စုမှသည်   ရုရှားဖက်ဒရေးရှင်းနိုင်ငံဟူ၍ ဖြစ်ပေါ်လာသည့်တိုင် ရုရှားအစိုးရအဆက်ဆက်၊ တစ်နည်းဆိုရလျှင် မဟာမျိုးချစ်စစ်သည်များချန်ရစ် ထားခဲ့သော မျိုးဆက်အဆက်ဆက်ကကမ္ဘာကြီးတွင် နာဇီဝါဒနှင့်ဖက်ဆစ်ဝါဒတစ်ဖန်ပြန်လည်ထွန်းကားလာခြင်းမရှိရလေအောင် ဘိုးဘေးဘီဘင်များ၏သမိုင်းပေးတာဝန်ကို  ကျေပွန်စွာထမ်းဆောင်နေဆဲဖြစ်သည်။ နောင်တွင်လည်း နောင်မျိုးဆက်များက ထိုတာဝန်ကိုဆက်လက် ထမ်းဆောင်သွားနေဦးမည်ဟုယုံကြည်သည်။ အကြောင်းရင်းမှာမူကား နာဇီဝါဒနှင့်ဖက်ဆစ်ဝါဒတို့ကို နိဂုံးချုပ်စေခဲ့သော မဟာမျိုးချစ်စစ်ပွဲကြီးကို မျိုးချစ်သူရဲကောင်းကြီးများ၏ နှလုံးသွေးဖြင့်ကမ္ပည်း ထိုးပြီး အောင်ပန်းဆင်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်ပေတော့သည်။     ။

Ref: Online

Source: https://myawady.net.mm/stories

 

ထက်မြက်

လူသားတို့ ဘေးအန္တရာယ်များကျရောက်သောအခါ အသက်အန္တရာယ်မထိခိုက်စေရန် တတ်စွမ်းသမျှ ပြုစုမှု အသိပညာ၊ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ပေးနေသော    ပရဟိတအဖွဲ့ကို ပြပါဆိုလျှင်    ကြက်ခြေနီအဖွဲ့ကိုပြရပါလိမ့်မည်။ အရေးပေါ်လူနာတစ်ဦးကို   ဆေးရုံ၊   ဆေးခန်းသို့ ချက်ချင်း (သတ်မှတ်ချိန်အတွင်း) မပို့ဆောင်နိုင်သေးသောအခြေအနေတွင် လူနာ၏အသက်အန္တရာယ်ကို  ကြက်ခြေနီဝန်ထမ်းများက အတတ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ကယ်တင်ပေးကြသည်။   ကြက်ခြေနီဝန်ထမ်း၏အလုပ်ကား အလွန်သန့်စင်မွန်မြတ်သည့်   စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်။

ကြက်ခြေနီအသင်းကြီးသည်လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က သန္ဓေတည်စတင်ခဲ့လေသည်။  ၁၈၅၉ ခုနှစ်က အီတလီနိုင်ငံတွင်ဖြစ်ပွားသော  ဆိုဖာရီနိုစစ်မြေပြင်၌    ထိခိုက်ဒဏ်ရာရသော စစ်သားများအား ကူညီပြုစုပေးမည့်သူမရှိဘဲ အတိဒုက္ခရောက်ခဲ့သည်။  ဤစစ်မြေပြင်သို့ ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ရောက်ရှိသွားသောအခါ ကူညီသူမဲ့၍ ညည်းညူနေသော ဒဏ်ရာရစစ်သားများကို အနီးဝန်းကျင်ရွာ၌စုဝေး၍ ကူညီပြုစုပေးခဲ့သည်။ ဟင်နရီဒူးနန့် မိမိနေရပ်ပြန်ရောက်သောအခါ ဆိုဖာရီနိုစစ်မြေပြင်တွင် ကြုံတွေ့ခဲ့ရသောအကြောင်းအရာများကို စာအုပ်ရေးသားပြုစုခဲ့သည်။

ထိုစာအုပ်ကို မမေ့နိုင်သောဆိုဖာရီနို ( A Memory of Soferino )ဟု အမည်ပေးထုတ်ဝေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံဖြန့်ဝေခဲ့သည်။   ထိုစာအုပ်ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည် လုပ်သင့်လုပ်ထိုက်သော အသိအမြင်နှင့် သတိယှဉ်နိုင်ခဲ့ကာ စစ်မြေပြင်မှဒုက္ခသည်များအားကူညီရန်    လူမှုရေးအသင်းကြီးတစ်သင်းဖွဲ့စည်းရန် နည်းလမ်းရှာကြသည်။  သို့နှင့် ၁၈၆၃ ခုနှစ် မေလ ၈ ရက်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC ) ကို စတင်တည်ထောင်နိုင်ခဲ့ကြသည်။   ဟင်နရီဒူးနန့်၏  စတင်ကြိုးပမ်းစွမ်းဆောင်မှုဖြင့် အသင်းကြီးပေါ်ပေါက်လာခဲ့သောကြောင့် ၁၉၀၁ ခုနှစ်တွင် ဟင်နရီဒူးနန့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပေးခဲ့ပြီး သူ့ကိုမွေးဖွားခဲ့သည်မှာ ၁၈၂၈ ခုနှစ် မေလ ၈ ရက်ဖြစ်၍ ယင်းကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ်နှင့်   ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ရာ၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ဘဲ    အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC )၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)၊   အမျိုးသားကြက်ခြေနီအသင်းများနှင့် လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုသော အမှတ်အသားကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ကျင်းပသော ပထမအကြိမ် သံတမန်များညီလာခံက     ယင်းကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။  ကြက်ခြေနီအမှတ်အသားအဖြစ်   ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်ပြီး   နောက်ခံအဖြူရောင်ပေါ်တွင် အနီရောင်ကြက်ခြေနီအမှတ်အသားကို သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရာ၌လည်း    အဓိကပါဝင်ကူညီခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့်   ကြက်ခြေနီအသင်းဖခင်ကြီး ဟင်နရီဒူးနန့်တို့ကို ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။နောက်ပိုင်းတွင် ဤကြက်ခြေနီအမှတ်အသားကို ဆက်လက်အသုံးပြုရန် ၁၉၄၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ  လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ဂျီနီဗာသဘောတူညီချက်ဖြင့်ဆုံးဖြတ်ခဲ့ကြသည်။   ထို့ပြင် နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံတွင်ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်များကျရောက်တိုင်းပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်မှကူညီရေးတို့ကို သက်တမ်းရှည်ကြာစွာဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်မှစတင်၍ အိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် ခံယူကာ ကြက်ခြေနီလုပ်ငန်းများကို စတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဗမာကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်လာနိုင်အောင်ကြိုးစားနိုင်ခဲ့သည်။  ၁၉၃၉  ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတွင်မြန်မာကြက်ခြေနီအသင်းက အသင်းဝင်အဖြစ်ပါဝင်လာနိုင်ခဲ့သည်။

ကြက်ခြေနီအသင်း၏  မူလရည်မှန်းချက်မှာ  စစ်မြေပြင်တွင်ဒဏ်ရာရသော လူနာများကို ကူညီကယ်ဆယ်ပြုစုရန်ဖြစ်သော်လည်း နောက်ပိုင်း ပိုမိုကျယ်ပြန့်လာကာ သာမန်အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသော မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးများကြုံသောအခါတွင်လည်း ကြက်ခြေနီအသင်းက  ပါဝင်ကူညီခဲ့ကြသည်။   မီးတောက်မီးလျှံတို့ကို ကျောချင်းကပ်ရင်ချင်းအပ်ကာ ငြှိမ်းသတ်ခဲ့ကြသည်။  ရေလှိုင်းတံပိုးတို့ကို လက်ချင်းတွဲယှက်ရင်ကော့လျက်ဖြင့် တာတမံလုပ်ပေးခဲ့သည်။  နေပူကျဲကျဲ   မိုးသည်းသည်းတွင်ခရီးပြင်းနှင်ကာ ဒုက္ခရောက်သူများအရေးအတွက် လက်မနှေးတမ်းပါဝင်ကူညီခဲ့ကြသည်။   မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးတို့သာမက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။  မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မေတ္တာကို အခြေခံ၊ စေတနာ၊ အနစ်နာနှင့် ကျားကန်၍   အကြင်နာတရားကိုမဏ္ဍိုင်ပြုဆောင်ရွက်သော ပရဟိတအကျိုးဆောင်အဖွဲ့စစ်စစ်ဖြစ်သည်။  

မြန်မာကြက်ခြေနီအသင်း၏ဆောင်ရွက်ချက်သည် အပြောသက်သက်မဟုတ် အလုပ်နှင့် သက်သေပြကာ ဆောင်ရွက်ခဲ့မှုကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုခံခဲ့ရဖူးသည်။  ကြက်ခြေနီလူငယ် စိုင်းအောင်လှိုင်မြင့်သည် ရေထဲသို့ထိုးကျသွားသောကားထဲတွင် သေအံ့ဆဲဆဲလူနာကို အသက်စွန့်၍ ကယ်တင်ပေးခဲ့သည်။  ထို့ကြောင့်  ကမ္ဘာ့ကြက်ခြေနီအဖွဲ့ စွမ်းဆောင်မှုအမြင့်မားဆုံးဆုဖြစ်သော ဟင်နရီဒူးနန့်ဆုကို စိုင်းအောင်လှိုင်မြင့်အား ၁၉၇၇ ခုနှစ်တွင် ချီးမြှင့်ပေးခဲ့သည်။အလားတူပင် သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြ၊   သူနာပြုဦးစီးအရာရှိ ဒေါ်အမ်ယောနမ်၊ သားဖွားဆရာမ ဒေါ်သိန်းရီတို့ကိုလည်း အမြင့်မားဆုံးကြက်ခြေနီဆုတံဆိပ်ဖြစ်သော ဖလောရင့်နိုက်တင်ဂေးဆုများချီးမြှင့်ခဲ့သည်။

နိုင်ငံတော်အစိုးရသည် ၁၉၅၉ ခုနှစ်တွင်   ကြက်ခြေနီအသင်းအက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ဆောင်ရွက်ခဲ့သည်။   ၁၉၈၉ ခုနှစ် နိုင်ငံတော်အက်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။  ကြက်ခြေနီအသင်း၏အခြေခံမူများအဖြစ်အောက်ပါအတိုင်းသတ်မှတ်ခဲ့သည်။ ယင်းအခြေခံမူများမှာ-

(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)

(၂)ခွဲခြားမှုမရှိခြင်း (Impartiality)

(၃)ကြားနေခြင်း (Neutrality)

(၄)လွတ်လပ်ခြင်း (Independence)

(၅) စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း (Voluntary Service)

(၆)စည်းလုံးညီညွတ်ခြင်း (Unity)

(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်သည်။ထိုအခြေခံမူများတွင် လူသားချင်းစာနာထောက်ထားခြင်းသည် ကြက်ခြေနီအသင်း၏အဓိကရည်ရွယ်ချက်ပန်းတိုင်ပင်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင်ကိုဗစ် - ၁၉ ရောဂါကဲ့သို့သော ကူးစက်ရောဂါများ၊ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နေသည့်   သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကြရသည့်အခါ ကြက်ခြေနီအသင်းသားများသည် အရေးပေါ်အခြေအနေများတွင် အင်တိုက်အားတိုက်ကူညီနိုင်စေရန် ကြက်ခြေနီအခြေခံသင်တန်းများ၊ အရေးပေါ်အသက်ကယ်နည်းများကို   စနစ်တကျ သင်ကြားလေ့ကျင့်ထားရပေသည်။  အရေးပေါ်အခြေအနေများကြုံရသည့်အခါတွင်လည်း  ကြီးသည်ဖြစ်စေ၊  ငယ်သည်ဖြစ်စေ၊ ဆင်းရဲချမ်းသာ ကျား မ မရွေး အကြင်နာ၊ မေတ္တာဖြင့် ကူညီစောင့်ရှောက်မှုများ လုပ်ကိုင်ဆောင်ရွက်ပေးကြသည်။   ကြက်ခြေနီဟူသည်မှာ စေတနာ့၀န်ထမ်းအကျိုးဆောင်သူများဖြစ်ရာ    လူသားအားလုံးအပေါ် မေတ္တာတရားကိုအခြေခံ၍    လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီဖေးမသောအဖွဲ့အစည်းအဖြစ် အမြဲရပ်တည်နေမည်ဖြစ်သည်။  ယခု မကြာမီကကြုံတွေ့ခဲ့ရသော မန္တလေးငလျင်ကြီးတွင် ကြက်ခြေနီမောင်မယ်များက အစုစုသော ပရဟိတအကျိုးဆောင်အဖွဲ့များနှင့်ပူးပေါင်းလျက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို     တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်။နောက်နောင်တွင် မည်သို့သော သဘာဝဘေးအန္တရာယ်များကြုံလာပါစေ    ကြက်ခြေနီများက ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ စေတနာ၊ ကိုယ်ချင်းစာတရားတို့ဖြင့်    ပြည်သူမှန်သမျှကို ရန်သူ၊  မိတ်ဆွေ၊ အသင်းအဖွဲ့၊   ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီဖေးမကြမည်ဖြစ်သည်။   ထိုသို့သော စိတ်ထားစေတနာမြတ်နှင့် ကူညီဖေးမဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း   ကြက်ခြေနီမောင်မယ်များကို စာနာနားလည်မှု၊ လက်ကမ်းကြိုဆိုမှုနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည်လောကကြီးကို တည်တံ့အောင် ၊  ငြိမ်းချမ်းသာယာအောင်စောင့်ရှောက်ပေးသောတရားများဖြစ်၍    လောကပါလတရားဟုခေါ်ဆိုသည်။ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် ထိုဗြဟ္မစိုရ်တရားလောကပါလတရားများကိုလက်ကိုင်ပြု၍ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာတရားနှင့်   အမြဲကူညီစောင့်ရှောက်ပေးနေသော အဖိုးတန်လူသားများဖြစ်သည်။   သူတို့၏ မေတ္တာ၊ စေတနာအရင်းခံသော ကူညီဖေးမမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသောကဝေဒနာရှင်များအငိုတိတ်၍   စိတ္တသုခ၊ ကာယသုခများ ပွားများခံစားနေကြရပေရာ လူသားအကျိုးပြု ကြက်ခြေနီအသင်းကြီး ကမ္ဘာတည်သရွေ့ ထာဝရတည်တံ့ပါစေကြောင်း ဆန္ဒပြုရင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။

Source: https://myawady.net.mm/stories

 

ညွန့်ဝင်း (နတ်တလင်း)