ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့်  တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး  ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့် အိမ်တွင်းဆေးဝါးအဖြစ်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲလေ့ရှိကြသည်။

ကြက်သွန်ဖြူ၏အသုံးဝင်ပုံ

စားဖိုဆောင်သီးနှံကြက်သွန်ဖြူကို  အစိမ်းစားသုံးခြင်းသည်    ၎င်းတွင်   ပါဝင်သောဓာတ်များကို အပြည့်အဝရရှိစေနိုင်သော  စားသုံးနည်းတစ်ခုဖြစ်သည်။ အစာမစားရသေးမီ  မနက်ခင်းတိုင်းတွင် ကြက်သွန်ဖြူအမြွှာအနည်းငယ်ကို ရေတစ်ဖန်ခွက်နှင့် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူအစိမ်းစားသုံးခြင်းကဲ့သို့ပင်  ကြက်သွန်ဖြူအား  လက်ဖက်ရည်အဖြစ် မနက်ခင်းတိုင်း   သောက်သုံးပေးခြင်းသည်လည်း ကျန်းမာရေးအတွက်  များစွာအထောက်အကူပြုသည်။ ထိုသို့ သောက်သုံးရန်အတွက် ကြိတ်ခြေထားသော ကြက်သွန်ဖြူများကို  ရေတစ်ဖန်ခွက်ထဲသို့ထည့်ပြီး ကြိုချက်ပေးကာ  အနည်းငယ်ဆူပွက်လာပါက သစ်ကြံပိုးခေါက် ၁-၂ ဇွန်းထည့်မွှေပြီး နှစ်မိနစ်ခန့် ထပ်မံကြိုချက်ပေးပြီးနောက် အပူလျော့သွားပါက ပျားရည်နှင့်သံပရာရည်တစ်ဇွန်းစီထည့်မွှေ၍ သောက်သုံးနိုင်သည်။ ထို့ပြင် ကြက်သွန်ဖြူဆီအဖြစ် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးကောင်းသောဆီထဲသို့ ကြိတ်ခြေထားသော ကြက်သွန်ဖြူအမြောက်အမြားကိုထည့်သွင်းပြီး မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် အပူပေးရမည်ဖြစ်သည်။ ထို့နောက် ကြက်သွန်ဖြူဖတ်များကိုစစ်ထုတ်ပြီး  ဆီများကို ပုလင်းတစ်ခုထဲသို့စစ်ယူ၍ ရေခဲသေတ္တာတွင် သိုလှောင်သိမ်းဆည်းကာ နှစ်ပတ်ခန့်ကြာ  အသုံးပြုနိုင်မည်ဖြစ်သည်။

ကြက်သွန်ဖြူစိုက်ပျိုးရာဒေသ

ကြက်သွန်ဖြူသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲမှုမြင့်မားသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုမှုများပြားရုံသာမက ကမ္ဘာ့နေရာဒေသအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသောကြောင့် နှစ်စဉ် စိုက်ပျိုးဧရိယာများတိုးတက်လာပြီး ထုတ်လုပ်မှုလည်း မြင့်မားလျက်ရှိသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏  ၈၅ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့်  အခြားသောနိုင်ငံများမှာ တောင်ကိုရီးယား၊ အီဂျစ်၊ စပိန်၊ ယူကရိန်း၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်သည်။

အဓိကစိုက်ပျိုးသောမျိုး

မြန်မာနိုင်ငံတွင်  ကြက်သွန်ဖြူစိုက်ဧကပေါင်း ခုနစ်သောင်းနီးပါးခန့်ရှိပြီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သော  ရှမ်းပြည်နယ်တွင်  မိုင်းပန်၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် လဲချားမြို့နယ်တို့၌ ဧရိယာအမြောက်အမြား  စိုက်ပျိုးထုတ်လုပ်ကြပြီး ကျန်မြို့နယ်များတွင်လည်း  စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ကြက်သွန်ဖြူမျိုးများမှာ ရှမ်းမျိုး(အခွံဖြူ)၊ ရှမ်းမျိုး (အခွံနီ)နှင့် တရုတ်မျိုးတို့ဖြစ်ကြသည်။

ကြက်သွန်ဖြူစိုက်ပျိုးနည်း

ကြက်သွန်ဖြူကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မတ်လအတွင်းတွင် တူးဖော်ရိတ်သိမ်းလေ့ရှိသည်။  မြေချဉ်ငန်ဓာတ်   ၅   ဒသမ   ၅  မှ  ၆  ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ အပူအအေးသင့်လျော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်လျော်ဆုံးအပူချိန် ၁၈ ‒ ၂၀ ဒီဂရီစင်တီဂရိတ်တွင်  ဖြစ်ထွန်းပြီး ဥမှ အညှောက်ပေါက်ရန်အတွက် မြေတွင်းအပူချိန် ၂၂ ‒၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ ၂၇ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ၅ ‒ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံး ၁-၂ လရှိရန် လိုအပ်သည်။ တစ်ဧကလျှင် မျိုးအဖြစ်  ကြက်သွန်ဖြူဥ  ပိဿာချိန် ၂၅၀‒၃၀၀ ခန့်လိုအပ်သည်။ မျိုးဥအား အမြွှာကြီးပြီး ရောဂါကင်းသောမျိုးများကို အသုံးပြုရမည်။

မြေပြင်နည်း

တစ်ဧကတွင် သဘာဝမြေသြဇာ  ၁၀-၂၀ တန်၊ ယူရီးယားနှစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်အသုံးပြုရမည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကျမ်းတုံးရိုက်၍   ပေါင်ဖော်စိုက်ပျိုးလေ့ရှိသည်။ မြေခံအဖြစ် ယူရီးယားတစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်ထည့်ပေးပြီး   ကျန်ယူရီးယားတစ်အိတ်ကို ကြားပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်း ချိန်တွင် ထည့်ပေးရမည်။ ပေါင်အမြင့် ၈ လက်မ၊ အကျယ် ၃ ပေခန့်ထား၍ ပေါင်ဖော်ပြီး တစ်တန်းနှင့်တစ်တန်း ၄ လက်မခွာ၍  တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ စိုက်ပျိုးသည်။ စိုက်ပြီးပေါင်အမြင့်နှင့်အညီ ရေပေးသွင်းရသည်။ ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည် အထူးအရေးကြီးသည်။ လက်ဖြင့် ပေါင်းနှိမ်နင်းလေ့ရှိပြီး စိုက်ပြီး တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်နင်းပေးရမည်။ အပင်နှစ်လသားအထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရမည်။ မြေအလွန်ကျပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရမည်။ ကြက်သွန်ဖူးများကို  အပတ်စဉ်ချိုးပေးရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက ၄‒၅ ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ ရေသွင်းချိန် ရှစ်ကြိမ်မှ ၁၀ ကြိမ်ထိလိုအပ်သည်။ အပင်နှစ်လသား အမြင့် ၁ ပေခွဲခန့်ရှိချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ ပိုးမွှားရောဂါကျရောက်ပါက သင့်လျော်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်သည်။ အပင်သက်တမ်းမှာ ၁၃၅‒၁၅၀ ရက် ရှိသည်။ ပင်စည်နှင့် အရွက် ၁၅‒၂၅ ရာခိုင်နှုန်းခန့် ဝါလာလျှင်သို့မဟုတ် ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍   သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါက အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍  ဝါးတန်းပေါ်တွင်  အခြောက်ခံထားပါ။ နုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍  နေနှစ်ရက်ခန့်လှန်းထားနိုင်သည်။ တစ်ဧကပိဿာချိန်  ၁၅၀၀ မှ  ၃၀၀၀ ထိ ထွက်နိုင်သည်။ ကြက်သွန်ဖြူဥများ နုတ်သိမ်းရာတွင်  မြေကြီးထဲ၌  ဥများမကျန်ခဲ့စေရန် သတိပြုရမည်။

ကြက်သွန်ဖြူဈေးကွက်

ကြက်သွန်ဖြူဈေးနှုန်းများသည် ယေဘုယျအားဖြင့် ဇန်နဝါရီလမှ  မေလအတွင်း  ဈေးနှုန်းအမြင့်ဆုံးရရှိလေ့ရှိကြပြီး ဇွန်လမှ‌ အောက်တိုဘာလအတွင်းတွင် ဈေးအနိမ့်ဆုံးရရှိလေ့ရှိကြသည်။ ရှမ်းကြက်သွန်ဖြူများသည် တရုတ်ကြက်သွန်ဖြူများထက် ဈေးနှုန်းပိုမိုမြင့်မားတတ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သည့်အတွက် လူကြိုက်များသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလေ့ရှိပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချမှုအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(မြေပြန့်)အဖြစ် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြပြီး တရုတ်ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(ကြူကုတ်)အဖြစ် ရောင်းချလေ့ရှိသည်။

မြန်မာနိုင်ငံသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဓိကဒေသဖြစ်သော ရှမ်းပြည်နယ်တွင် စိုက်ဧကသောင်းချီ၍နှစ်စဉ်  စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ထွက်ရှိသော ပြည်တွင်းကြက်သွန်ဖြူမျိုးများဖြစ်သည့် ဗမာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူတို့သည် အနံ့အရသာပိုမိုကောင်းမွန်သည့်အတွက်  ပြည်တွင်းဈေးကွက်အခိုင်အမာရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်၍ တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများကို ဈေးနှုန်းသက်သာစွာဝယ်ယူတင်သွင်းခဲ့သဖြင့်မြန်မာ့ကြက်သွန်ဖြူမျိုးများသည်  ဈေးကွက်လွှမ်းမိုးမှုဒဏ်ကြုံတွေ့ခဲ့ရသည်။ အရွယ်အစားကြီးပြီး အခွံခွာရလွယ်ကူသဖြင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။

ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများသည် တရုတ်ပြည်မှ   ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ခြင်းနှင့်   ရှမ်းကြက်သွန်ဖြူများ၏ထုတ်လုပ်မှုအခြေအနေများအပေါ်မူတည်၍ပြောင်းလဲနိုင်သဖြင့် တရုတ်ကြက်သွန်ဖြူများ၏ အဓိကဝင်ရောက်သည့်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများကို    ထိန်းချုပ်ပေးခြင်းနှင့်  ပြည်တွင်းကြက်သွန်ဖြူများ၏ဈေးကွက်ကို ချဲ့ထွင်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းဈေးကွက်ပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories

 

ပြည့်ပြည့်

ဗောက်သီးဆိုသည်မှာ  ပူဖောင်းကဲ့သို့ အခွံပါးလေးများ ကာရံထားကာ အတွင်းတွင်  သေးငယ်ပြီး  ရွှေဝါရောင်သန်းနေသော ဘယ်ရီသီးတစ်မျိုးဖြစ်သည်။ Goo-seberry ဟုခေါ်သည့်   ဗောက်သီးသည်  စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီသီးမျိုးနွယ်ဝင်ဖြစ်သည်။ ဗောက်သီးကို  အင်္ဂလိပ်အမည်    Groundcherry   ဟုခေါ်ပြီး သိပ္ပံအမည် Physalis Peruviana ဟုခေါ်ဆိုသည်။တခြားဒေသများ၌ Cape Gooseberry  ဟုလည်းခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။ဗောက်ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များတူညီကြသည်။ ဗောက်သီး၏ပုံစံမှာ အဝါရောင်စိုစိုဖြစ်ပြီးအရသာမှာခရမ်းချဉ်သီးအလုံးသေးများနှင့်ဆင်တူသော်လည်း ခရမ်းချဉ်သီးထက်အချိုအရသာပိုပြီး ခံတွင်းရှင်းစေသည်။ ဗောက်သီးကို  စား၍ကောင်းသောကြောင့်သရေစာအနေဖြင့်စားကြသကဲ့သို့   ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့်အချိုပွဲများ၊  ကိတ်မုန့်၊ သကြားလုံးနှင့်  မုန့်များပြုလုပ်ရာတွင်  ထည့်သွင်းအသုံးပြုကြသည်။

ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ကိုယ်အလေးချိန်  လျှော့ချပေးနိုင်ပြီး  နှလုံးကို ကျန်းမာစေသောဗောက်သီး

ဗောက်သီးသည်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုပြေစေခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊   ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်သောဝေဒနာတချို့မှကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းတို့ကိုဖြစ်ပေါ်ရန်လုပ်ဆောင်ပေးသည်။ကိုလက်စထရောကိုထိန်းညှိပေးပြီး  နှလုံးတွင်ဖြစ်တတ်သောရောဂါများကိုလျော့ကျစေသည့်အတွက်ဗောက်သီးကို စားသုံးပေးခြင်းဖြင့်နှလုံးကျန်းမာစေသည်။  ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေရန်အထောက်အကူပြုသည့်Phytochemicalပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို‌ သက်သာစေသည်။

ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့်ဆီးချိုဝေဒနာရှင်များ စားသုံးရန်    အထူးသင့်လျော်သည်။ ဗောက်သီးတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချိုကိုထိန်းညှိပေးပြီး  သွေးပေါင်ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင်ဗောက်သီးစားသုံးပေးခြင်းဖြင့်  သွေးပေါင်ကျစေသည်။

ရောင်ရမ်းမှုကိုသက်သာစေသောဗောက်သီး

ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့်ပန်းနာ၊ရင်ကျပ်သက်သာစေသောဆေး၊ချောင်းဆိုးပျောက်ဆေး၊   အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့်ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင်အသုံးပြုသကဲ့သို့  အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်သည်။

သွေးတိုးရောဂါနှင့် အဆုတ်ကင်ဆာကို သက်သာစေသောဗောက်သီး

ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်တို့ကဲ့သို့  Phytochemical များနှင့် သွေးတိုးခြင်းကိုသက်သာစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်သင့်တင့်မျှတစွာပါဝင်သောကြောင့်သွေးတိုးခြင်းကို ထိန်းညှိပေးနိုင်သည်။ အဆိုပါဇီဝဓာတုဒြပ်ပေါင်းများသည် ကိုလက်စထရောကိုကျဆင်းစေသည်။ ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့်ကယ်ရိုတနွိုက်များကြောင့်  အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်သည်။

အမြင်အာရုံကောင်းမွန်စေပြီး အာရုံကြောပြဿနာများကိုအထောက်အကူပြုစေသောဗောက်သီး

ဗောက်သီးတွင် ဗီတာမင် - A ကြွယ်ဝစွာပါဝင်သောကြောင့်  ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့်ဗီတာမင်-A ပမာဏ ကို လုံလောက်စွာထောက်ပံ့ပေးနိုင်သည်။ဗီတာမင်-Aသည် မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို  ကာကွယ်ပေးသည်။ ဗောက်သီးတွင်Free Radical များကို ထိန်းချုပ်နိုင်သည့်အစွမ်းရှိသဖြင့် အာရုံကြောဆိုင်ရာရောဂါများအပါအဝင် ရောဂါအတော်များများကို ခုခံရာတွင် အထောက်အကူပြုသည်။

အရိုးများကိုကြံ့ခိုင်သန်စွမ်းစေပြီး ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သောဗောက်သီး

ဗောက်သီးတွင်  အရိုးများကို ကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်စီယမ်နှင့်ဖော့စဖရပ်စ်များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် Pectin ပါရှိသည်။ထို့ပြင်အမျိုးသားများတွင်ဖြစ်တတ်သည့်ဒူလာနှင့်အရေပြားနီမြန်းရောင်ရမ်းခြင်းကိုကုသရာတွင်လည်း အသုံးပြုနိုင်သည်။

ဗောက်သီးတွင်ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သော ဗီတာမင်-C ပါဝင်သောကြောင့် ခန္ဓာကိုယ်မှလိုအပ်သည့် ဗီတာမင်-C ကို  ပြည့်ဝစေပြီး ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရောပမာဏကိုထိန်းညှိပေးကာ အသည်းကျန်းမာရေးကိုကောင်းမွန်စေသည်။

အအေးမိတုပ်ကွေးရောဂါကို သက်သာစေသောဗောက်သီး

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောဗောက်သီးသည်  အအေးမိတုပ်ကွေးဖျားနာမှုများကို ကာကွယ်ပေးနိုင်သည်။ ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးဖြင့်စားသုံးပေးမည်ဆိုပါက နှာခေါင်းပိတ်ခြင်းကို  သက်သာစေမည်ဖြစ်သည်။

ကျောက်ကပ်ကိုကျန်းမာစေသောဗောက်သီး

ဗောက်သီးသည်ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး  ဆီးရွှင်စေသောကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုလျှံနေသည့်အဆီများ၊အငန်ဓာတ်များနှင့် ပြန်ရည်ကြောစနစ်မှအဆိပ်အတောက်များကို ဖယ်ရှားစွန့်ထုတ်ပေးသောကြောင့် ကျောက်ကပ်ကို ကျန်းမာစေသည်။

ဗက်တီးရီးယားများကိုသေစေနိုင်သောဗောက်သီး

ဗောက်သီးတွင်ပါဝင်သည့်ဓာတ်များက ခန္ဓာကိုယ်အတွက်အကျိုးပြုသည့် ဗက်တီးရီးယားများနှင့်အကျိုးမပြုသည့်ဗက်တီးရီးယားများကိုပါသေစေနိုင်သည့်အစွမ်းရှိသဖြင့် အီးကိုလိုင်း ဗက်တီးရီးယားအပါအဝင် ဗက်တီးရီးယားအတော်များများကို သေစေနိုင်သည်။

အရေပြားအစိုဓာတ်ကို  ထိန်းပေးပြီး အသားအရေကို တင်းရင်းစေသောဗောက်သီး

ဗောက်သီးတွင်ပါဝင်သော  ဗီတာမင်- B3 ကြောင့် အရေပြားကိုနူးညံ့စေပြီး အသားအရေကို အာဟာရဖြည့်ပေးသကဲ့သို့ အစိုဓာတ်ကိုလည်း  ထိန်းပေးသည်။ အရေပြားနီမြန်းမှုကိုသက်သာစေနိုင်ပြီးအရေပြားအပေါ်ယံလွှာ ကျန်းမာစေရန်အထောက်အကူပြုနိုင်သည်။ ဗီတာမင်-B3  က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြားမခြောက်သွေ့စေရန် ကာကွယ်ပေးသည်။ ထို့ပြင် ဗောက်သီးတွင် ဗီတာမင်-Cပါဝင်သောကြောင့် Collagen ထွက်ရှိအောင်လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်းကျန်းမာစေသည်။  အရေပြားကိုနုပျိုစေပြီး ဝက်ခြံနှင့်ဝက်ခြံအမာရွတ်များကို သက်သာစေသကဲ့သို့ အသားအရေကြည်လင်လှပစေရန်လည်းအထောက်အကူပြုသည်။

အသက်အရွယ်ကြောင့်ဖြစ်သည့်  အရေပြားပေါ်ရှိ အစက်အပြောက်များကိုလည်း သက်သာစေနိုင်သည်။

ရေဓာတ်ဖြည့်ပေးပြီးဆဲလ်အသစ်များ ဖြစ်ပေါ်စေသောဗောက်သီးဗောက်သီးတွင်ပါဝင်သောအသားအရေကိုထောက်ပံ့ပေးနိုင်သည့်  နောက်ထပ်အာဟာရတစ်ခုမှာကယ်လ်စီယမ်ဓာတ်ဖြစ်ပြီးကယ်လ်စီယမ်ကိုအရိုးနှင့်သွားများအတွက်သာလိုအပ်သည်ဟု သိထားကြသော်လည်း  ကယ်လ်စီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီထွက်ရှိမှုကိုထိန်းပေးသည်။ နောက်တစ်ချက်မှာအရေပြားဆဲလ်ဟောင်းများကိုဖယ်ရှားပေးပြီး ဆဲလ်သစ်များဖြစ်ပေါ်စေရန် အထောက် အကူပြုသည်။ 

ဗောက်သီး၏ဘေးထွက်ဆိုးကျိုးများ မမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အဆိပ်ရှိသော Alkaloid  အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကို မမှည့်ဘဲ  မစားသုံးသင့်သကဲ့သို့ချယ်ရီသီးမျိုးရင်းဝင်၊ဘယ်ရီသီးမျိုးရင်းဝင်အသီးများ၊ အပင်များနှင့်ဓာတ်မတည့်သူများအနေဖြင့် ဗောက်သီးမစားသုံးသင့်ဟုသိရသည်။ ထို့ပြင် ဗီတာမင်-C၊   ဗီတာမင်-A တို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကိုလုံးဝမစားသုံးသင့်သည့်အပြင်တစ်ကြိမ်တည်းတွင်အလုံးအရေအတွက်များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားသည်။

ကိုယ်ဝန်ဆောင်မိခင်များစားသင့်သောဗောက်သီး

ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက်  ကိုယ်ဝန်ဆောင်ချိန်တွင်တစ်ရက်လျှင်သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး ထိုကဲ့သို့ စားသုံပေးသင့်သည့်အသီးများထဲတွင် ဗောက်သီးလည်းပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်  ဗောက်သီးကိုစားမည်ဆိုလျှင်  မြေဆီလွှာတွင်ရှိနေတတ်သော ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့် Toxoplasmosis  ရောဂါဖြစ်စေနိုင်သေကြောင့်ရေဖြင့်သေချာစင်ကြယ်အောင်ဆေးကြောပြီးမှသာစားသုံးသင့်သည်။

ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသားအရေကိုကျန်းမာစေပြီးအရေပြားပြဿနာကင်းစေရန်နှင့် အရေပြားပေါ်ရှိ အကြောပြတ်ရာများသက်သာစေရန် အထောက် အကူ ပြုနိုင်သည်။

အချုပ်အားဖြင့် Gooseberry ဟု ခေါ်သည့်  ဗောက်သီးကို  စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့   သရေစာအဖြစ် စားနိုင်သကဲ့သို့  ဖျော်ရည်အနေဖြင့်ဖြစ်‌စေ၊အချိုပွဲအနေဖြင့်ဖြစ်စေစားသုံးနိုင်သည်။ဗောက်သီးတွင်  သံပရာသီးထက် ဗီတာမင်-C နှစ်ဆနီးပါးပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသောကြောင့်ဗောက်သီးစားသုံးပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ဗောက်သီးတွင်အစာခြေအူလမ်းကြောင်း၏ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးသည့်  ပျော်ဝင်လွယ်သော အမျှင်ဓာတ်  Pectin   ကြွယ်ဝစွာပါဝင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ဒေါက်တာလပြည့်ခင်

မီးခဏခဏပျက်နေလို့ အိမ်မှာ ဆိုလာစနစ်ကိုတပ်ဆင်တော့မည်ဆိုပါလျှင် သူများတပ်လို့ လိုက်တပ်တာမျိုးမလုပ်သင့်ကြပါ။မိမိအသုံးနှင့် တွက်ချက်ပြီးမှသာ တပ်ဆင်သင့်သည်။  မိမိအသုံးထက် ပိုမိုတပ်ဆင်ထားခြင်းဖြင့် တပ်ဆင်မှုကုန်ကျစရိတ်နှင့် ဆိုလာပြားဈေးများပိုမိုကုန်ကျနိုင်ပြီး အသုံးမလိုပါက ပိုလျှံပြီး waste ဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိရှိဖို့ရန်မှာ ဆိုလာစနစ်ကိုပဲ အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲသုံးမှာလား။ လျှပ်စစ်မီတာခချွေတာရန်အတွက် သုံးမှာလား စသည်ဖြင့်လည်းကောင်း၊ အိမ်သုံးလား/စီးပွားရေးသုံးလား စသည်ဖြင့်လည်းကောင်း သေချာစွာစိစစ်သုံးသပ်ပြီးမှသာ  လိုအပ်သည့်ဆိုလာစနစ်ကို တပ်ဆင်သင့်သည်။  ဆိုလာစနစ်တပ်ဆင်ပြီဆိုရင်တော့ မီတာခသက်သာရအောင်   ဆိုလာစနစ်ကိုပဲအထူးပြုသုံးမယ်လို့ ရည်ရွယ်ပြီးတပ်ဆင်တာက အများဆုံးဖြစ်နိုင်သည်။

မည်သည့်အတွက် ဒါကို အဓိကထားပြောနေရသလဲဆိုပါက သုံးမည့် load နှင့် သုံးမည့်နာရီကြာချိန်သည်  တိုက်ရိုက်ပတ်သက်နေလို့ပဲဖြစ်သည်။ ကုန်ကျစရိတ်ကလည်း တိုက်ရိုက်ကို ထူးခြားစွာကွာသွားမှာဖြစ်သည်။ စနစ်တွေလည်းကွာသွားမည်ဖြစ်သည်။         

လျှပ်စစ်၏ သဘောသဘာဝကိုက  သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည်ဆိုလျှင်တော့ ကုန်ကျစရိတ်က မြင့်တက်လာပါပြီ။ ထိုသို့ဆန်းစစ်ပြီးပါက ဆိုလာတပ်ဆင်မှုအား လေ့လာကြည့်မည်။ သာမန်အိမ်တစ်အိမ်ဖြစ်လို့စုစုပေါင်းအသုံးက ၅၀၀၀ ဝပ် (5 kW) ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြည့်ကြမည်။ ဤနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းစီ၏ အသုံးပြုမည့်ကြာချိန်နာရီကို သိဖို့လိုအပ်သည်။ ဥပမာ - အဲကွန်းတစ်ကောင်ခွဲတစ်လုံးသုံးမယ်၊ ဘယ်နှနာရီသုံးနိုင်မယ်၊ မီးဖိုချောင် ထမင်း၊ ဟင်းချက်တာ လျှပ်စစ်ဘယ်နှနာရီသုံးနိုင်ခြေရှိမယ် စသည်ဖြင့်ခန့်မှန်းသိရှိထားရန် လိုအပ်သည်။ ထိုသို့ဆိုပါက အကြမ်းအားဖြင့် တွက်ချက်ကြည့်ကြမည်-               

(၁) Air con - 1.5 HP * 746 Watt = 1119    Watts Air con 1119 Watts  * 10 hr = 11190 Watts

(၂) မီးဖိုချောင် 2200 Watts  x 2.5 hr = 5500 Watts

(၃) မီးသီး/မီးချောင်း 4 ခု x 40 Watts x 8 hr = 1280 Watts

(၄) Socket များ - 50 Watts x 2 hr = 100 Watts

(၅)ရေခဲ‌သေတ္တာ  75 Watts x 24 hr = 1800 Watts

(၆)ရေတင်စက် - တစ်ကောင် - တစ်လုံး = 746 Watt x 1 hr = 746 Watts

(၇)အထွေထွေ - 2000 Watts per day

သုံးမည်ဆိုပါက စုစုပေါင်းအသုံးမှာ တစ်ရက်လျှင် 22616 Watts per day ဖြစ်မည်။   ဝန်အားပိုမိုခန့်မှန်းခြင်းအားဖြင့်တစ်ရက်လုံးအသုံးပြုခြင်းသည် 25000 Watt=25 kW ဖြစ်မည်။ ထို့ကြောင့် စုစုပေါင်း 5   kW ကို  တစ်နေကုန်လုံးမှာ ငါးနာရီသုံးနိုင်ခြေရှိသည်ဟုခန့်မှန်းတွက်ချက်သွားနိုင်မည်။ ထို့ကြောင့် အဆိုပါအိမ်အတွက် 5 kW power ရရှိနိုင်မည့် ဆိုလာစနစ်တပ်ဆင်ရမည်ဟုအဖြေရရှိပါလိမ့်မည်။ ဆက်လက်၍ ဆိုလာကိုရွေးချယ်သည့်အခါ သိသင့်သည့် ဆိုလာစနစ်တွေကိုတော့ အပိုင်းသုံးပိုင်းဖြင့် ရှင်းပြပေးမည်။

(၁) on-grid system (grid-tied system)ဓာတ်အားစနစ်နှင့်ချိတ်ဆက်သုံးစွဲခြင်း

(၂)  grid-tied with battery backup system ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဘက်ထရီဖြင့် ဓာတ်အားသိုလှောင်သုံးစွဲခြင်း

(၃) off grid system ဓာတ်အားစနစ်နှင့်မချိတ်ဆက်ဘဲ သီးသန့်သုံးစွဲခြင်းတို့ဖြစ်သည်။

(၁) On - grid system ဆိုသည်မှာ ရိုးရိုးရှင်းရှင်းပဲပြောရရင်နေ့လယ်ပိုင်း Solar ကနေ ပါဝါရနေချိန် Solar ကနေ တိုက်ရိုက် မီးကိုယူသုံးမယ်။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲယူသုံးမယ်စသည်ဖြင့်ဖြစ်သည်။ တစ်ခုအရေးကြီးတာက ဤနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက်          စနစ်လည်းသုံးမရပါ။ထို့ကြောင့်on-grid ဟုခေါ်သည်။ မီတာခသက်သာရအောင် အစားထိုး သုံးသည့် အထူးစနစ်ဖြစ်သည်။(ဥပမာ - ရေတင်တာတို့၊မော်တာတို့၊ စက်ရုံတို့လိုနေရာမျိုးတွေအတွက် သင့်လျော်သည်။)

(၂)   Grid-tied with battery backup system  ဆိုသည်မှာ Solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမည်။ ပြီးရင် inverter ကနေ AC ထုတ်သုံးမည်။ ဤနေရာမှာ လိုချင်သည့် gridကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့  EPC မီးပျက်လည်းသုံးနေနိုင်မှာဖြစ်သည်။   grid-tied လို့ပြောသည့်အခါ DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်သည်။ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်သည်။ load ကြီးလာလေ များလာလေ AC coupling ကပိုပြီးအဆင်ပြေစေမှာဖြစ်သည်။ ဤနေရာမှာ ယခု ခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့             ပြောနိုင်သည်။ hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်သည်။ ပြောချင်တာက inverter ကနေဖြတ်ပြီး battery ဆီကို DC အနေနဲ့ဝင်ပြီးbattery မှ inverter ဆီ ချိတ်ထားခြင်းဖြစ်သည်။ AC outputထွက်မည်။

(၃)  Off grid system  သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်သည်။ Off Grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲဖြစ်သည်။  ပြောချင်တာကမီးလုံးဝမရသည့်နေရာတွမှာသုံးသည်။ Generator မီးစက်တို့နှင့် ချိတ်ဆက် ထားတာလိုမျိုး ဖြစ်သည်။ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ဟုခေါ်သည်။

စနစ်များအကြောင်း တီးခေါက်မိပြီဆိုပါက ဆိုလာအတွက်  အခြေခံတွက်ချက်မှုအား ဆက်လက်ရှင်းလင်းမည်-

(၁)solar panels အရေအတွက် ( slope - 15-20’)

(၂) inverter size

(၃)Battery size

(၄)controller size

(၅) Main cable size

အထက်ပါအချက်များကိုအခြေခံ၍ Solar panel  တွက်ပြီဆိုလျှင် သူ၏ဆိုဒ်က တစ်နေကုန်အသုံးကို အလုံးအရင်းအားရှိအောင် ဖန်တီးရမှာပါ။ အိမ်သုံးအနေနဲ့ ၅ ကီလိုဝပ် စုစုပေါင်းတစ်နေကုန်အသုံးသည် ၂၅ ကီလိုဝပ်ဖြစ်သည်ဆိုပါစို့။  (အထက်မှာ ဖော်ပြခဲ့ပြီးသည်။)  Solar panel - 550 Watts တစ်နေ့အားအဝင် ဘယ်လောက်ရှိမလဲကြည့်ရအောင် တစ်နေ့ကုန် နေ၏အပူကိုရယူနိုင်မည့်ကြာချိန်သည် နံနက် ၁၀ နာရီမှညနေ ၃ နာရီထိဟုသတ်မှတ်ရင် ငါးနာရီရမည်။ ဒါကြောင့်  ၅၅၀ x ၅ နာရီ = ၂၇၅၀  Watts Mono type ကိုသုံးမည်မို့ ၈၀ ရာခိုင်နှုန်းအသားတင်ရမည်ဆိုလျှင်၂၇၅၀ x ၀.၈ = ၂၂၀၀ ဝပ်ရမည်။ တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၂၅၀၀၀ ဝပ်ဆိုပါစို့ ၂၅၀၀၀ / ၂၂၀၀ = ၁၁.၃၆~ ၁၂ ချပ် သုံးရမည်။(အမြန်နည်းဆိုရင်  AC- DC အချိုးလေးက ၁.၂ ပါ။ ထို့ကြောင့် ၅၀၀၀ x ၁.၂ = ၆၀၀၀ ဝပ် ထို့ကြောင့် ၅၅၀ solar panel -၁၂ ချပ် )ဟုတွက်ချက်နိုင်သည်။

လက်ရှိ မြန်မာပြည်မှာအသုံးနေကြတာများနေတာက စုစုပေါင်း load ၏ သုံးနာရီ ပျမ်းမျှယူတွက်လေ့ရှိသည်။ယခုဆိုလျှင်ဆိုလာစနစ်သုံးကြရန်အတွက်  တွက်ချက်သုံးစွဲတတ်ပြီဟု ယူဆမိသည်။ အများလုပ်လို့လိုက်လုပ်တာမဖြစ်အောင် မိမိဘာသာတွက်ချက်၍ သေချာလေ့လာပြီးမှ တပ်ဆင်သင့်ကြသည်။

အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့လေ့လာတွက်ချက်ကြည့်ခြင်းဖြင့် သူများက ဆိုလာဆိုသည်နှင့် လိုက်၍ဆိုလာလုပ်နေကြသည်မျိုးမဟုတ်ဘဲ မိမိနေအိမ်၊ ရုံးဌာနအတွက် အမှန်တကယ်လိုအပ်သောပါဝါကိုတွက်ချက်၍ ဆိုလာစနစ်ကို တပ်ဆင်နိုင်ကြမည်ဟု ယူဆမိသည်။ ဆိုလာစနစ်တပ်ဆင်အသုံးပြုခြင်းဖြင့် မီတာခကို စရိတ်မျှဝေသုံးစွဲနိုင်ရုံသာမကလျှပ်စစ်ကိုလည်းချွေတာသုံးစွဲရာရောက်သဖြင့်နိုင်ငံတော်အနေဖြင့်ဆိုလာစနစ်ကျယ်ပြန့်စွာသုံးစွဲနိုင်ရေးအတွက်နည်းအမျိုးမျိုးဖြင့်ပညာပေးခြင်း၊ ဆိုလာလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ဆိုလာစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကို ဆောင်ရွက်သွားစေသင့်ကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။  ။

Source: https://myawady.net.mm/stories

 

မောင်မောင်စွယ်စုံထွန်း

နှစ်လကြာ ရောင်စုံ လွှတ်တော်ရွေးကောက်ပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးဆုံး ချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဩဇာအကြီးဆုံး မိသားစုနှစ်ခုကြားက အာဏာလုပွဲဟာ ပြန်လည် အသက်ဝင်လာပြီဖြစ်ပါတယ်။

"ဘွန်းဘွန်း" လို့ ချစ်စနိုးခေါ်ကြတဲ့ သမ္မတ ဖာဒီနန်း မားကို့စ်ဂျူနီယာနဲ့ သူ့ရဲ့ ဒုတိယသမ္မတ ဆာရာ ဒူတာတေးတို့အကြား တင်းမာမှုတွေဟာလည်း အမြင့်ဆုံးအနေ အထားကို ရောက်ရှိ လို့နေပါပြီ။ 

၂၀၂၂ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ သူတို့နှစ်ဦးဟာ မဟာမိတ်တွေအဖြစ် ပူးပေါင်းပြီး အောင်ပွဲခံနိုင်ခဲ့ပေမဲ့ အခုချိန်မှာတော့ ဆက်ဆံရေးတွေ အေးစက်သွားခဲ့ပါပြီ။ သူ့ကို ဆာရာက လုပ်ကြံမယ်လို့ ခြိမ်းခြောက်တယ်လို့ ဘွန်းဘွန်းက စွပ်စွဲ၊ ဆာရာကလည်း အိမ်မက် ထဲမှာ ဘွန်းဘွန်းကို ခေါင်းဖြတ်လိုက်တယ်လို့ ပြောလိုပြော… ဖြစ်နေကြတော့ ကြားဖြတ် ရွေးကောက်ပွဲရလဒ်တွေဟာ ဒီမိသားစုကြီးနှစ်ခုကြားက ပြိုင်ဆိုင်မှုတွေအတွက် တိုင်းတာလို့ ရမယ့် ညွှန်းကိန်းတစ်ခု ဖြစ်လာပါတယ်။ 

ဒီရလဒ်တွေက မားကို့စ်အဖွဲ့အတွက်တော့ သတင်းကောင်းမဟုတ်ပါဘူး။ ဖိလစ်ပိုင်မှာ လက်ရှိသမ္မတတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အများစုအနိုင်ရအောင် လုပ်နိုင်လေ့ ရှိပါတယ်။ တည်ဆဲသမ္မတတစ်ဦးဖြစ်နေခြင်းရဲ့ ဩဇာညောင်းမှုဟာ အားသာချက်ကြီးတစ်ခု ဖြစ်ခဲ့ပေမယ့်...မားကို့စ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။

အနိုင်ရဆီးနိတ်အမတ် ၁၂ ဦးအနက် ၆ ဦးသာ မားကို့စ်မဟာမိတ်အဖွဲ့က ဖြစ်ပြီး ဒီထဲက ၁ ဦးဖြစ်တဲ့ ကမီလာ ဗီလာ ဟာ မားကို့စ်ဘက်ကို အပြည့်အဝရပ်တည်သူ မဟုတ်ဘဲ ဆာရာဒူတာတေးကိုလည်း ထောက်ခံသူဖြစ်ပါတယ်။  

ဒီအခြေအနေက လက်ရှိရုံးထိုင်နေတဲ့ သမ္မတတစ်ဦးအတွက်တော့ ရလဒ်ကောင်းတွေ ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ 

ရွေးကောက်ပွဲဆိုတာ လူတစ်ယောက်ကို တစ်မဲပဲ ပေးခွင့်ရှိတယ်ဆိုပေမဲ့ တစ်နိုင်ငံလုံးရဲ့ သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း ထင်ဟပ်စေပါတယ်။ ဒီရွေးကောက်ပွဲရလဒ်သည် သမ္မတ မားကို့စ် အစိုးရရဲ့ လက်ကျန် သက်တမ်း ၃ နှစ်အတွက် အာဏာစက်ကို အားနည်း စေနိုင်ပြီး ဆာရာဒူတာတေးကို ဒုတိယသမ္မတရာထူးက ထုတ်ပယ်ဖို့ စွပ်စွဲပြစ်တင်နေတဲ့ ကိစ္စ အပေါ်မှာလည်း ယုံကြည်မှု လျော့နည်းစေပါတယ်။ 

လွှတ်တော်ထဲမှာ မားကို့စ်ဘက်တော်သား အမတ်တွေက ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ထုတ်ပယ်ဖို့အတွက် အကြောင်းပြချက်အမျိုးမျိုးနဲ့ အကြိမ်ကြိမ် စွပ်စွဲပြစ်တင် ကြဖို့ ကြိုးစားခဲ့တာဟာ ပြန်ကုစားလို့မရတဲ့ အက်ကြောင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် မတ်လမှာ သမ္မတ မားကို့စ်က ဆာရာရဲ့ အဖေ သမ္မတ‌ဟောင်း ရိုဒရီဂို ဒူတာတေးကို ကြမ်းတမ်းတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတွေနဲ့ လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို လေဆိပ်ကဲ့သို့ လူမြင်ကွင်းမှာ ဖမ်းပြီး ပို့လိုက်ပါတယ်။

  အဲ့ဒီအချိန်မှာတော့ အားလုံး မျက်နှာဖုံးတွေ ကွာကျကုန်ပါပြီ။ အဖေကို ဖမ်းပြီး နိုင်ငံတကာ တရားရုံးပို့တဲ့အချိန်မှာတော့ ဆာရာလည်း ထမီခါးတောင်းကျိုက်ပြီး သမ္မတ မားကိုစ့်နဲ့ ဘတစ်ပြန် ကျားတစ်ပြန်ချဖို့ ကြိုးဝိုင်းထဲကို ပေါ်တင်ဝင်လာပါတော့တယ်။ လက်ရှိ ဒုသမ္မတရာထူးကနေ အထုတ်ခံရရင် ဆာရာ့အတွက်လည်း နောက်ရွေးကောက်ပွဲမှာ မားကို့စ်ကို အစားထိုးဖို့ မဖြစ်နိုင်တော့သလို အစိုးရနဲ့ သက်ဆိုင်တဲ့ ရာထူးတစ်ခုခု ပြန်ရဖို့တောင် ပိတ်ပင်တားမြစ်ခံရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဘာပဲပြောပြော အခု ရွေးကောက်ပွဲရလဒ်တွေအရတော့ ဆာရာဟာ အခြေအနေ ကောင်းနေပြီး နောက်သုံးနှစ်အကြာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူမသာ အနိုင်ရခဲ့ ရင်တော့ မားကို့စ်မိသားစုအပေါ် လက်စားပြန်ချေတာ မြင်တွေ့ရဦးမယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ 

သို့သော် အခု ဆာရာကို လွှတ်တော်က စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စ အောင်မြင်ဖို့အတွက် လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံသော ထောက်ခံမဲ လိုအပ်တဲ့အတွက် အခုကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေက အလွန်အရေးကြီးတာဖြစ်ပါတယ်။ 

အာဏာ၊ ရှင်သန်ရပ်တည်ရေးနှင့် အလဲအထပ်

ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံရေးဟာ မိသားစုလုပ်ငန်းဖြစ်ပါတယ်။ တစ်ချိန်က မိသားစုတစ်စု နိုင်ငံရေးအာဏာရရှိခဲ့ဖူးရင် အဲ့ဒီအာဏာကို ဆုပ်ကိုင်ထားပြီး မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း ပေးလေ့ ရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ မိသားစုပေါင်း ၂၀၀ ခန့်ရှိပြီး ဒူတာတေးနဲ့ မားကို့စ်မိသားစုတွေကတော့ ထိပ်ဆုံးကဖြစ်ပါတယ်။ 

မားကို့စ်မိသားစုဆိုရင် နိုင်ငံရေးမှာ ရပ်တည်နေတာ နှစ်ပေါင်း၈၀ ကျော်ပါပြီ။ လက်ရှိ သမ္မတ မားကို့စ်ဂျူနီယာရဲ့ အဖေဖြစ်တဲ့ ဖာဒီနန်း မားကို့စ်က ၁၉၆၅ မှ ၁၉၈၆ အထိ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့သူ၊ နိုင်ငံတော်ဘဏ္ဍာငွေကနေ ဘီလီယံနဲ့ချီ အိပ်ထဲ ထည့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြုတ်ကျခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ 

ဘွန်းဘွန်း မားကို့စ်ရဲ့ အမေ အီမီလ်ဒါက အသက် ၉၅ နှစ်အရွယ်ရှိပါပြီ။ ရွေးကောက်ပွဲမှာ ဘီးတပ်ကုလားပေါ် ထိုင်ပြီး မဲပေးခဲ့သူဖြစ်ပါတယ်။ သူမဟာလည်း ရောင်စုံ တံဆိပ်စုံ နာမည်ကြီး Branded ဖိနပ်တွေ ဝယ်ယူစုဆောင်းမှုအပါအဝင် အသုံးအဖြုန်းကြီး လွန်းလှတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ တစ်ချိန်က ကျော်ကြားသူဖြစ်ပါတယ်။ 

တကယ်တော့ လက်ရှိသမ္မတ မားကိုစ့်ရဲ့ ညီမ အိုင်မီကလည်း ဒူတာတေးအဖွဲ့ကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တာကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်အရွေးခံရတာပါ။ မဟုတ်ရင် သူလည်း ထပ်အနိုင်ရဖို့ မလွယ်ကူပါဘူး။ 

နောက်ပြီး လက်ရှိ မားကို့စ်ဂျူနီယာရဲ့ သားအကြီးဆုံး ဆန်ဒြိုက လွှတ်တော်အမတ် ဖြစ်ပြီး သူရဲ့ဝမ်းကွဲညီတော်စပ်တဲ့ မာတင် ရိုမြူရယ်ဒက်ဇ်ကလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ကာ ၂၀၂၈ ခုနှစ်မှာ သမ္မတလောင်းတစ်ဦးဖြစ်နိုင်ခြေရှိသူဖြစ်ပါတယ်။ ဒီအချက်ကလည်း မားကိုစ့်အနေနဲ့ ဆာရာဒူတာတေးကို ဒုသမ္မတရာထူးကနေ ထုတ်ပယ်ဖို့ အထူးစိတ်အား ထက်သန်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်နိုင်ပါတယ်။ 

မားကို့စ်တို့ရဲ့၏မွေးရပ်မြေ အီလိုကို့စ်နော်တီပြည်နယ်မှာတော့ ဘွန်းဘွန်း အမျိုးသမီးရဲ့ ဝမ်းကွဲတစ်ယောက်က ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်၊ တူတစ်ယောက်က ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခံရပြီး တခြား ဝမ်းကွဲ နှစ်ဦးက မြို့တော် ကောင်စီအမတ်တွေ အဖြစ် အရွေးခံခဲ့ကြရပါတယ်။ ဒီဒေသမှာတော့ မားကို့စ်မိသားစုတွေရဲ့ အိမ်ကွင်းလိုဖြစ်နေတော့ အမြဲနိုင်ပါတယ်။

ဒါဗောင်းမြို့မှာလည်း ဒူတာတေးမိသားစုရဲ့ ဩဇာလွှမ်းမိုးမှုက ထိုနည်းလည်းကောင်း ဖြစ်ပါတယ်။ 

သည်ဟိတ်မြို့မှာရှိတဲ့ အကျဉ်းထောင်ထဲကနေ ဒါဗောင်းမြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ပြိုင်တာတောင် ဒူတာတေးဟာ အလွယ်တကူပဲ အနိုင်ရခဲ့ပါတယ်။ အခု ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက သူ့ကိုတောင် မမြင်ရလိုက်ကြပါဘူး။ သူ့ပုံပါတဲ့ ကတ်ထူပြားတွေ ထောင်ပြီး တော့ပဲ ပြိုင်သွား တာပါ။ နောက်ပြီး ယခင်မြို့တော်ဝန်ကလည်း သူ့သား ဆီဘတ်စ်ရှန်ဖြစ်ပြီး အခု အဖေ မြို့တော်ဝန်ဖြစ်သွားတော့ သူက ဒုတိယမြို့တော်ဝန်ရာထူးကို ဆက်ခံမှာဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၃၇ နှစ်အတွင်းမှာ ဒူတာတေး မိသားစုတွေက ဒါဗောင်းမြို့မှာ ၃၄ နှစ်ကြာအောင် မြို့တော်ဝန်များ ဖြစ်ခဲ့ကြပါတယ်။ 

မားကို့စ်ရော ဒူတာတေးရော နှစ်ဖက်လုံးမှာ ပါနေတဲ့ ဆီးနိတ်အမတ်တွေကလည်း များသောအားဖြင့် ဩဇာကြီးမားတဲ့ နိုင်ငံရေးမိသားစုတွေကနေ ဆင်းသက်လာကြတာ၊ ဒါမှမဟုတ်၊ ကိုယ်ပိုင် ကျော်ကြားမှုရှိတဲ့သူတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။ မီဒီယာ လောက၊ ရုပ်ရှင်လောက ကနေလာကြတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း အများကြီး ပါပါတယ်။ 

သူတို့မှာလည်း ကိုယ်ပိုင်အကျိုးစီးပွားနဲ့ ရည်မှန်းချက်များကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ဘယ်သူ့ဘက်တော်သားလို့ ပြောနေပါစေ ဒုသမ္မတတစ်ယောက်ကို ရာထူးက ထုတ်ပယ်ရေးကိစ္စလိုမျိုးမှာ သစ္စာခံမှုအပေါ် အာမခံချက်မရှိတာကြောင့် ပြောရခက်နေပါ တယ်။

ဖိလစ်ပိုင်ဆီးနိတ်အမတ်တွေက လူထုရဲ့ ထင်မြင်ချက်တွေကို အင်မတန် အလေးထား ဂရုပြုကြတယ်။ ပြည်သူတွေရဲ့ စိတ်ကို အမြဲဖတ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ကိုယ့်ကိုကိုယ် သမ္မတလောင်း၊ ဒုသမ္မတလောင်းလို့ ခံယူထားပြီး ပြည်သူကို ဆက်ဆံကြတာဖြစ်တဲ့အတွက် သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်အတွက် ပြည်သူ့သဘောထားဘက်ကနေပဲ ရပ်တည်ကြလေ့ ရှိပါတယ်။ 

ဘွန်းဘွန်း မားကို့စ်သည် ဖိလစ်ပိုင်ရဲ့ အထင်ကရနိုင်ငံရေးမိသားစုတစ်ခုမှ ဆင်းသက် လာသူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကာလတွေကို ပြန်ကြည့်လိုက်ရင် လူထုက သူ့ဘက်မှာ မရှိတာကို တွေ့ရပါတယ်။ သူက နိုင်ငံရေးသမားတစ်ယောက်ဆိုပေမယ့် စကားပြောကောင်းတဲ့သူလည်း မဟုတ်ပြန်ပါဘူး။ သူ့ရဲ့စီးပွားရေးစီမံခန့်ခွဲမှုအပေါ် လူထုထင်မြင်ချက် စစ်တမ်းတွေကို ကြည့်ရင်လည်း လူကြိုက်နည်းတာကို တွေ့ရပြီး သမ္မတဟောင်း ဒူတာတေးကို ဖမ်းပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့တာဟာ နိုင်ငံတော်ကို သစ္စာဖောက်မှုဖြစ်တယ်လို့ ဒူတာတေး မိသားစုဘက်က သရုပ်ဖော်နေပါတယ်။ 

မနီလာ ဆိပ်ကမ်းဒေသက ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ဆာရာဒူတာတေး ဟောပြောပွဲ လုပ်ခဲ့စဉ်က သူမရဲ့ အဖေကို မနီလာလေဆိပ်မှာ ဖမ်းပြီး သည်ဟိတ်မြို့ကို လေယာဉ်နဲ့ ခေါ်သွားတဲ့ ခရီးစဉ်တစ်လျှောက်ကို ဂရုဏာသက်ဖွယ်ဖြစ်အောင် ဗီဒီယို ဖြစ်အောင် ဖန်တီးပြီး ပြခဲ့ပါတယ်။ “သူတို့က ကျွန်မအဖေကို ပြန်ပေးဆွဲသွားတာပါ။ ပြန်ပေးဆွဲသွားရုံတင်မကဘူး အဖေ့ကို ကျွန်မတို့ဆီကနေ ခိုးယူသွားတာပါ” လို့ စင်ပေါ်မှာ ပြောခဲ့ပါတယ်။ သူမ အဲလို ပြောနေတဲ့ အချိန် ဘေးနားမှာ သမ္မတ မားကို့စ်ရဲ့အစ်မ အိုင်မီလည်း ရှိခဲ့ပါတယ်။ သူမကလည်း ဒူတာတေးကို ပြန်ပေးဆွဲတာ သဘောမတူလို့ ဒူတာတေးအဖွဲ့ကို ကူးပြောင်းလာခဲ့သူပါ။ ဒါပေမဲ့ လေ့လာသူ အများစုက ဒူတာတေးအပေါ် လူကြိုက်များနေမှုကို အခွင့်ကောင်းယူဖို့အတွက် လာပေါင်းတာ ဖြစ်တယ်၊ ဒါဟာ သံသယဖြစ်ဖွယ် လှည့်ကွက်ဖြစ်တယ်လို့ မြင်နေကြတုန်း ဖြစ်ပါတယ်။  ဘာပဲဖြစ်ဖြစ် ရေပန်းစားမှုကျနေတဲ့သူမ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်မဟုတ်လား။ ဒီနည်းသုံးတာ သူမအတွက်တော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲလှုပ်ရှားမှုအများစုမှာ မဲအဆင့်နိမ့်နေပေမဲ့ အိုင်မီ မားကို့စ်ဟာ "မှော်ဝင်အမတ် ၁၂ ဦး" လို့ ကင်ပွန်းတပ်ကြတဲ့ အနိုင်ရဆီးနိတ်အမတ်များစာရင်းကို ကပ်ပါးဝင်နိုင်ခဲ့ပါတယ်။

အခုကနေစပြီး ရှေ့လာမယ့် အခြေအနေတွေကိုတော့ ကြိုတင်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မားကို့စ်အဖွဲ့ဟာ ဆာရာဒူတာတေးကို ရာထူးကနေ ဖြုတ်ချဖို့ဆိုရင် ခက်ခဲတဲ့ တိုက်ပွဲကို တိုက်ရမှာ သေချာပါတယ်။ 

ဆီးနိတ်အမတ် ၂၄ ဦးရှိတဲ့အနက် အနည်းငယ်ကသာ ဖြူဖြူမဲမဲ သမ္မတမားကို့စ်ကို သစ္စာခံကြမယ့် သူတွေဖြစ်ပါတယ်။ တခြားအမတ်တွေပါ ထောက်ခံစေချင်ရင် ကိုယ့်ဘက် ပါလာအောင် စည်းရုံးသိမ်းသွင်းရမှာဖြစ်ပြီး ဒါကလည်း လုံးဝ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။  

အခုကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ တချို့ ဒေသတွေမှာ ဒူတာတေး မိသားစုကို လူထုအားပေးမှုအလွန်ကောင်းနေဆဲဖြစ်ကြောင်း ပြသခဲ့ပါပြီ။ မားကို့စ်ရွေးကောက်ပွဲ မဟာမိတ်အဖွဲ့က တချို့ဟာလည်း ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို ရာထူးကနေ ထုတ်ပယ်ဖို့ သဘောမတူကြောင်း ပြောဆိုမှုတွေရှိလာတာကိုလည်း တွေ့နေရပါပြီ။ လွှတ်တော်ထဲက ရှိနှင့်ထား ပြီးသားဖြစ်တဲ့ အမတ်တွေရဲ့ သဘောထားဟာလည်း ဒီလိုမျိုးပဲ ဖြစ်ဖို့များပါတယ်။

ဒီကြားထဲမှာ ဘမ် အကီနိုနဲ့ ဖရန်စစ် ပန်ဂီလီနန်းတို့ ဆီးနိတ်အမတ် ဝင်ပြိုင်ခဲ့ပြီး အနိုင်ရ ခဲ့တာကတော့ အံ့ဩဖွယ်ရလဒ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက လစ်ဘရယ် အဖွဲ့ခွဲ တွေပါ။ ဘယ်လူထု ထင်မြင်ချက် စစ်တမ်းကမှ သူတို့နိုင်လိမ့်မယ်လို့ ကြိုတင်မခန့်မှန်း ခဲ့ကြပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မားကိုစ့်-ဒူတာတေး ဒရမ်မာကို ကျော်လွန်ပြီး တခြား ရွေးချယ်စရာတွေကို လိုလားတဲ့ ပြည်သူ့ဆန္ဒကိုလည်း တွေ့ရှိရပါတယ်။ 

သူတို့နှစ်ဦးစလုံးသည် မားကို့စ်မိသားစုရဲ့ မိတ်ဆွေများမဟုတ်ကြပါဘူး။ ၂၀၂၂ ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေက မားကို့စ်-ဒူတာတေးအဖွဲ့ကို အဓိကဆန့်ကျင်ခဲ့သူတွေ ဖြစ်ပါတယ်။ သို့သော် သူတို့သည် ယခင်သမ္မတ ဒူတာတေးရဲ့ အာဏာရှင်ဆန်တဲ့စတိုင် ကိုလည်း အပြင်းအထန်ဆန့်ကျင်ခဲ့ကြတာဖြစ်တဲ့အတွက် ၂၀၂၈ ခုနှစ်မှာလည်း သူ့သမီး ဆာရာ သမ္မတဖြစ်လာမှာကို စိုးရိမ်နေကြမလားလို့တော့ တွေးစရာရှိပါတယ်။ ဒါကြောင့် ဒီအချက်နဲ့တင် လွှတ်တော်ထဲမှာ ဆာရာကို လက်ရှိ ဒုသမ္မတရာထူးကနေ ထုတ်ပယ်ဖို့ ထောက်ခံမဲ ပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။ 

ဆာရာကို သမ္မတရာထူးကနေ ထုတ်ပယ်ဖို့အတွက် အစီရင်ခံစာ ပြုစုနေပြီဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွေက ဇူလိုင်လလောက်မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကြားထဲမှာတော့  နှစ်ဖက်စလုံးအနေနဲ့ ဆီးနိတ်အမတ်တွေကို မိမိဘက်ကို ပါလာအောင် နောက်ကွယ်မှာ အပြင်းအထန်ကြိုးပမ်းသိမ်းသွင်းကြတော့မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းမှာ ဘယ်သမ္မတ၊ ဒုတိယသမ္မတကိုမှ ရာထူးကနေ အောင်အောင် မြင်မြင်နဲ့ ထုတ်ပယ်နိုင်ခဲ့တာမျိုး မရှိသေးပါဘူး။ တစ်ပြိုင်နက်ထဲမှာပဲ ဘယ်သမ္မတ၊ ဒုသမ္မတ မှလည်း ဒီလောက်ဆိုးရွားတဲ့ အခြေအနေမျိုးတွေနဲ့ မကြုံတွေ့ခဲ့ကြရ သေးပါဘူး။

၂၀၂၅ ခုနှစ်ဟာ ဖိလစ်ပိုင်အတွက် နိုင်ငံရေးလှိုင်းထန်တဲ့ နှစ်တစ်နှစ်သာ ဖြစ်ပါတော့တယ်။

၁၃-၅-၂၀၂၅ ရက်၊ Jonathan Head ရေးသားသည့် The Philippines has voted - now the game of thrones begins again (BBC) ဆောင်းပါးကို ဒေါ်လှမျက်ခြယ်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

ဓါတ်ပုံ- https://www.gzeromedia.com/viewpoint/philippine-midterms-are-next-episode-in-marcos-duterte-drama

 

Jonathan Head

နေပူထဲမှပြန်လာပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်သူတစ်ဦး အဝတ်အစားမလဲရမီမှာပင် မူးလဲကျကာ အသက်ဆုံးရှုံးသွားရသည်ဟု ကြားသိ ရဖူးပါသည်။

ပူပြင်းသောနွေတစ်ညတွင် ပူလောင်အိုက်စပ်ပြီး အိပ်မပျော်သဖြင့် ညဉ့်သန်းခေါင် ရေထချိုးသူတစ်ဦး သည်လည်း  နံနက်လင်းသောအခါ  အိပ်ရာမှမထသဖြင့်  နှိုးကြည့်ရာမှ လေဖြတ်ပြီး  စကားမပြော၊ မလှုပ်ရှားနိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။

ထမင်းဟင်းရောင်းသူ အမျိုးသမီးကြီးတစ်ဦးသည် တစ်နေကုန် မီးဖိုကြီးအနီးတွင် ချက်ပြုတ်ရသည်။ နေပူပြင်းသောနေ့တစ်နေ့တွင်ရေထည့်သည့်စည်ပိုင်းပြတ်အတွင်းသို့  ရေခဲတုံးကြီးထည့်စိမ်၍ ရေချိုးလိုက်ရာမှ လဲကျပြီး ပါးစပ်မှအမြှုပ်များထွက် ကာ    သေဆုံးသွားသည်ကိုစာရေးသူတို့ငယ်စဉ် ကျောင်းသားဘဝက ကိုယ်တွေ့ကြုံဖူးပါသည်။

အထက်ပါအဖြစ်များမှာ   နွေဥတုတွင်ဖြစ်သော အဖြစ်များဖြစ်သည်။ အပူနှင့်အအေးဆန့်ကျင်ဘက် ကြောင့်လားဟု တွေးစရာရှိပါသည်။ စာရေးသူသည် သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ  လူနာများကို  ရေချိုးပြီး၍   မျက်စိများနီရဲနေလျှင်၊   နီလျှင်  သတိထားကြရန်အမြဲပြောပါသည်။

အထူးသဖြင့် အိမ်ရှင်မများ မီးဖိုချောင်တွင် မီးအပူ နှင့်  အမြဲထိတွေ့ချက်ပြုတ်ကြော်လှော်နေရသူများ တွင်  မီးဖိုနှင့်ညှော်ငွေ့များ  ကပ်ငြိနေလေ့ရှိသည်။ ရုတ်တရက်ရေချိုးသောအခါ ကိုယ်တွင်းမှ ကန်ထွက် သောအခိုးနှင့် အပြင်မှရေအေးတွေ့ထိပြီး အမြင်လွှာ သွေးကြောများရောင်ခြင်း၊ အခိုးများငုပ်၍ အတွင်း တိမ်ဖြစ်ခြင်းများပင်ဖြစ်နိုင်သည်။

ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်းကို သတိပေးရုံ ဖြင့်မပြီး ကာကွယ်ရန်နည်းလမ်းများကို စဉ်းစားခဲ့ပါ သည်။ ဝမ်းထဲမှအပူ အထက်သို့တက်ရုံမျှမက မျက်စိ သွေးကြောများပါ နီရဲခြင်းသည် ဦးနှောက်နှင့်အလွန် နီးကပ်သောလက္ခဏာဖြစ်သည်။   ဦးနှောက်သွေး ကြောများသို့ လေပူရောက်ပြီးပေါက်သွားလျှင် ရုတ်တရက် လေဖြတ်နိုင်သောလက္ခဏာဖြစ်သည်။

လေသည် ရုတ်တရက် လူကိုသတ်နိုင်သော ရာဇဂုဏ်ရှိသည်ဟု အာယုဗ္ဗေဒဆေးပညာတွင် သင်ရသည်။  ရာဇဆိုသည်မှာမင်းသည်လူကိုသတ်နိုင်သကဲ့သို့လေသည်လည်း  လူကိုသတ်နိုင်သည်။ ဥပမာ- လေသင်တုန်းဖြတ်လျှင် ရုတ်တရက် လဲကျပြီး အသက်ပါ ပါသွားတတ်သည်။ အနောက်တိုင်းဆေး ပညာအမြင်တွင် ရုတ်တရက် Heart Attack ရသွားခြင်း ဖြစ်သည်။ သို့သော် ဦးနှောက်ကို လေသင်တုန်းဖြတ်ခြင်းမှာ Brain Attack ဟု ခေါ်ဆိုနိုင်သည်။

လေတွင်  လေပူ (ဥဏှဝါယော)  နှင့်  လေအေး (သီတဝါယော)  နှစ်မျိုးရှိသည်။ ထိုအထဲမှဥဏှဝါယောသည်   အထက်သို့တက်၍   ဦးနှောက်ကို ဖျက်ဆီးမည့်ဟန်ပြင်လာပြီဆိုလျှင် ကြိုတင်သတိပေးသည့်လက္ခဏာမှာ  မျက်စိများနီရဲလာခြင်းဖြစ်သည်။တစ်ခါတစ်ရံ မျက်စိနှစ်လုံးစလုံးမနီမရဲဘဲ တစ်လုံးသာရဲလေ့ရှိသည်။

ထိုအခါ  သတိပေးသည့်အချက်မှာ  ဘယ်ဘက် မျက်စိနီရဲလျှင် (အထူးသဖြင့် ရေချိုးပြီးစတွင် ပို၍ ထင်ရှားသည်) ဘယ်ဘက်အခြမ်းဦးနှောက်သွေးကြော ပေါက်နိုင်သည်။  ထိုအခါ  လူတွင်  ညာဘက်အခြမ်း (ဆန့်ကျင်ဘက်) လေဖြတ်နိုင်သည်။ အကယ်၍ ညာဘက်မျက်စိနီရဲလျှင် ဦးနှောက်၏ ညာဘက်အခြမ်းတွင်  သွေးကြောပေါက်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့်ခန္ဓာကိုယ်၏ဘယ်ဘက် အခြမ်းတွင် လေဖြတ်နိုင်လေသည်။

လေဖြတ်ခြင်းသည်ဦးနှောက်၏ဘယ်ဘက် အကန့်နှင့် ညာဘက်အကန့်များတွင် သွေးခဲပိတ်ဆို့ ခြင်း၊ သွေးထောက်ပံ့မှုမရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။  ထိုသွေးထောက်ပံ့မှုမရသော  ဦးနှောက်၏ လုပ်ဆောင်ချက်မှာ  ဆန့်ကျင်ဘက်ဖြစ်သော  ခန္ဓာ ကိုယ်ဘယ်ဘက်အခြမ်း၊ ညာဘက်အခြမ်းများတွင် မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။

စာရေးသူသည်တိုင်းရင်းဆေးနှင့်မြစ်ချင်းပြီး ရိုးရာဆေးပင်များကိုအသုံးပြုပြီး    မျက်စိနီရဲခြင်း၊ လေအထက်ဆန်ခြင်း၊ လေပူတက်ခြင်း၊ လေပူကန် ခြင်းများကို ကုသရန်ကြိုးစားခဲ့သည်။ လေပူနှိမ်ဆေး၊ လေပူနိုင်ဆေး၊ လေသက်ဆေးများကို သုံးစွဲခဲ့ပါသည်။ ထို့ပြင် မျက်စိအတွက် ရှေးကပင် သမားစဉ်အဆက်ဆက် သုံးစွဲခဲ့သော နာမည်ကျော်စက္ခုပါလဆေးကိုလည်း လူနာများကိုပေးပြီး သုံးစွဲစေခဲ့သည်။ အတန်အသင့် သက်သာရုံမျှသာဖြစ်ပြီး ထူးခြားစွာမပျောက် ကင်းခဲ့ပေ။

မျက်စိနီသူများကို မျက်စိကွင်းဆေး၊ မျက်စဉ်းဆေးများ ပေးကြည့်သောအခါတွင်လည်း ခေတ္တခဏမျှသာ သက်သာသယောင်ရှိသော်လည်း ဆောင်းတွင်း၊ မိုး တွင်းကဲ့သို့ အေးသောကာလများတွင် ရေချိုးပြီးသော အခါ မျက်စိပြန်နီလာသည်ကို တွေ့ရသည်။

ထိုမျက်စိနီသူများမှအတော်များများမှာလည်း ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း၊ သို့မဟုတ် လေဖြန်း ခြင်းဖြစ်လေ့ရှိသည်ကို သတိထားမိလာသည်။ နှစ် အတန်ကြာသောအခါ စာရေးသူ နည်းလမ်းကောင်းတစ်ခုကို တွေ့လာရသည်။

ထိုနည်းမှာ ဆေးမဟုတ်ဘဲ ရေသောက်နည်းသာ ဖြစ်သည်။ ရေသောက်နည်းကို မှန်မှန်လိုက်နာသော သူများမှာ မျက်စိနီရဲခြင်းသက်သာလာပြီး သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။

အဓိကမှာ နံနက်တွင် ရေချိုးလေ့ရှိသူ၊ အိပ်ရာထ ချိန် ရေချိုးလေ့ရှိသူများမှာ လေဖြတ်ဝေဒနာ ပို၍ဖြစ် လေ့ရှိသည်ကို တွေ့ရသည်။

ထိုသူများအတွက် ကာကွယ်ရန်မှာ ညအိပ်ရာဝင် ချိန်တွင်  ရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။   နံနက် အိပ်ရာထသည်နှင့် ရေတစ်ခွက်ထပ်သောက်ရန်လို ပါသည်။ ထို့နောက်မှ ရေချိုးပါ။ ပြီးမှ  မျက်နှာသစ် ခြင်း၊ သွားတိုက်ခြင်းကို ဆက်၍လုပ်ဆောင်ရန်ဖြစ် သည်။

နေ့ပိုင်းတွင် ရေချိုးမည့်သူများမှာ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ရေချိုးမည်ဆိုလျှင် ရေမချိုးမီ ရေ မတ်ခွက်တစ်ခွက်ကုန်အောင်သောက်ပြီးမှ  ရေချိုး လျှင်  အစာအိမ်မှလေပူသည်  အထက်သို့တက်ပြီး မျက်စိများနီရဲခြင်းကို ကာကွယ်နိုင်သည်။ တစ်နည်း အားဖြင့် ဦးနှောက်သို့တက်သော အပူကိုကာကွယ် ထားပြီးဖြစ်သဖြင့် ရေချိုးပြီး ခေါင်းမူးခြင်း၊ လေဖြတ် ခြင်းကို ကာကွယ်နိုင်သည်။

ညနေပိုင်းနှင့် ညပိုင်းတွင် လူကြီးများရေမချိုးသင့် ပေ။  လူငယ်နှင့်လူလတ်ပိုင်းများ  ရေချိုးနိုင်သည်။ အလုပ်လုပ်ရသဖြင့်  ပင်ပန်းနွမ်းနယ်သူများ၊  ညစ်ပတ်ပေကျံသော အလုပ်လုပ်ရသူများမှာ ရေချိုးနိုင် သည်။ သို့သော် ရေချိုးပြီးလျှင်မှန်ကြည့်ပါ။ မျက်စိ များနီသည်၊  ရဲသည်ဆိုလျှင် နောက်တွင်  ညနေနှင့် ညဘက်ရေချိုးခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။

မည်သည့်ရာသီဥတုမဆိုလူလတ်ပိုင်းမှစ၍ လူကြီးများအထိ သတိဖြင့်သာရေချိုးသင့်သည်။ ရေမချိုးမီရေတစ်ခွက်သောက်ခြင်းသည် အစာအိမ် မှအပူများ  အထက်သို့တက်ခြင်းကို  ကာကွယ်နိုင်သည်။ အာသီးရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွား များယိုင်နဲ့ခြင်းကိုလည်း  ကာကွယ်သည်။  မျက်စိသို့ အခိုးတက်၍နီရဲခြင်းနှင့်  အရွယ်မတိုင်မီ  မျက်စိမှုန် ခြင်း၊ မျက်စိမှန်ဘီလူးများအခိုးရိုက်ခြင်းကို ကာကွယ်နိုင်သည်။

ရေမချိုးမီ ရေတစ်ခွက်သောက်ဆိုရာတွင်ပုံမှန် သောက်ရေအိုးမှရရှိသည့် အအေးဓာတ်ရှိသောရေကိုသာသောက်သင့်သည်။ ရေခဲရေမသောက်သင့်ပေ။ အေးအောင်၊ ခဲအောင် ရေခဲသေတ္တာ၊ Water Cooler တို့မှပြုပြင်ထားသော  ရေကိုသောက်လျှင်  ပို၍ပင် အပူငုပ်စေနိုင်သည်။ မြေသောက်ရေအိုးတွင် ထည့် သောက်သောရေသည် သဘာဝအအေးဓာတ်ကိုပေး သည်။

သတိပြုရန်မှာ မျက်စိနီရဲခြင်းသည် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်း ဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းကို ကာကွယ်ရန်လိုသည်။   သာမန်လုပ်ဆောင်နိုင်သည့် အကျင့်ကောင်းတစ်ခုကို  အမြဲလုပ်ဆောင်ပါ။   ရေ မချိုးမီ ရေအေးတစ်ခွက်သောက်ပါ။ လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ကျန်းမာအသက်ရှည်ရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။          ။

Source: https://myawady.net.mm/stories

Photo- Medical News Today

ကြည်လွင်မြင့်(မုဒြာ)

နိုင်ငံတစ်နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင်ဆိတ်မွေးမြူရေးသည် ဦးစားပေးရွေးချယ်သင့်သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။  ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်  ကျေးလက်နေပြည်သူတို့၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော်  ဆိတ်သည် အခြားသော အသားစားကြက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွားမွေးမြူရေးထက် အစာကုန်ကျစရိတ် အသက်သာဆုံးဖြင့် မွေးမြူနိုင်သော   မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင်  ဆိတ်သည် အခြားသော  တိရစ္ဆာန်များထက် ရာသီဥတုအကြမ်းဒဏ်ကိုခံနိုင်သည့်အပြင်  အချိန်တိုကာလအတွင်း ကောင်ရေတိုးပွားမှု လျင်မြန်စေသောကြောင့်လည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းတွင် လူဦးရေ  ၅၁ သန်းကျော်ခန့်ရှိသည့်အနက် ဆိတ်မွေးမြူထားရှိမှုသည် ၂ ဒသမ ၂ မီလီယံခန့် မွေးမြူထားရှိသည်။ ဆိတ်မွေးမြူရာတွင်  ဒေသနှင့်ကိုက်ညီပြီး  အသားအထွက်နှုန်းကောင်းသော   ဆိတ်မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူရန်  လိုအပ်သည်။  မျိုးရွေးချယ်ရာတွင် ကြီးထွားနှုန်းကောင်းခြင်း၊ သားပေါက်နှုန်းကောင်းပြီး မွေးမြူမည့်နေရာဒေသ၏ ရာသီဥတုနှင့် အကိုက်ညီဆုံးသော ဆိတ်မျိုးကို ဦးစားပေးရွေးချယ်ရပါမည်။ မြန်မာနိုင်ငံအတွင်းတွင်   ယခုလက်ရှိ မွေးမြူလျက်ရှိသော  ဆိတ်မျိုးများမှာ  ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီနှင့်  ဘိုဝါဆိတ်မျိုးတို့ဖြစ်သည်။

ထိန်စမ်းဆိတ်မျိုးသည်  ခန္ဓာကိုယ်ထွားကြိုင်းပြီး ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းဖြူ၊ ခန္ဓာကိုယ်အဖြူပေါ် တွင် အနက်ကွက်များရှိကာ မုတ်ဆိတ်နှင့်နားရွက်ရှည်ပြီး  တွဲလောင်းကျသောနားရွက်များ  ပိုင်ဆိုင်ထားသော  ဆိတ်မျိုးဖြစ်သည်။ အထီး၏ ကိုယ်အလေးချိန်မှာ ၅၀ ကီလိုနှင့် အမမှာ ၂၉ ကီလိုခန့်ရှိသည်။

ဂျိတ်နီဆိတ်မျိုးသည် အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ရောင်ရှိသည်။ နားရွက်သည်  အလယ်အလတ်ရှည်ကာ  အထီးသည် ၄၅ ကီလိုရှိပြီး အမမှာ ၄၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့်  ဂျိတ်နီဆိတ်မျိုးများကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ တံတားဦးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် မွေးမြူလေ့ရှိကြသည်။ဝေသာလီဆိတ်မျိုးသည် အလုံးအထည်သွယ်ပြီး အမွေးအရောင်မှာ   အညိုအနက်ဘက်နွှယ်သည်။ အထီးသည်  ၃၈ ကီလိုရှိပြီး အမသည် ၃၂  ကီလိုခန့်ရှိသည်။ များသောအားဖြင့်  ဝေသာလီဆိတ်မျိုးများကို မကွေးမြို့၊ ပခုက္ကူမြို့၊ ပေါက်မြို့နှင့် မြိုင်မြို့တို့တွင် မွေးမြူလေ့ရှိကြသည်။

ဘိုဝါဆိတ်မျိုးသည် မူလဒေသ တောင်အာဖရိကမှ ဆင်းသက်လာသော     နိုင်ငံခြားဆိတ်မျိုးများဖြစ်ပြီး  ခန္ဓာကိုယ်တစ်ခုလုံးတွင်  အဖြူရောင်ရှိကာ လည်ပင်းနှင့်ဦးခေါင်းမှာ   အညိုရောင်ရှိသော ဆိတ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန်အားဖြင့် အထီးသည်  ၃၅-၄၅  ကီလိုခန့်ရှိပြီး   အမမှာ ကိုယ်အလေးချိန်  ၂၅-၃၅  ကီလိုအတွင်းရှိသည်။ ယခုလက်ရှိမွေးမြူထားသော   ဘိုဝါဆိတ်မျိုးမှာ မြန်မာနိုင်ငံ၏ရာသီဥတုနှင့်  ကိုက်ညီမှုရှိအောင် ဒေသဆိတ်မျိုးများနှင့် သားစပ်ထားသော ဘိုဝါသွေး ၅၀ ရာခိုင်နှုန်းခန့်ရှိသည့် ဆိတ်မျိုးများဖြစ်သည်။

ဆိတ်မွေးမြူနိုင်သော နည်းစနစ် (၅)ခုရှိသည်-

ချည်၍မွေးခြင်း

လွှတ်ကျောင်းမွေးခြင်း

ခြံလှောင်မွေးမြူခြင်း

ကွင်းလွှတ်ခြံလှောင်မွေးမြူခြင်းနှင့်

နှစ်ရှည်သီးနှံများနှင့်တွဲ၍မွေးမြူခြင်း တို့ဖြစ်သည်။

ကျေးလက်ဒေသ၌ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများရရှိရန် ဆိတ်မွေးမြူရာတွင် များသောအားဖြင့် အရင်းအနှီးကုန်ကျစရိတ်အသက်သာဆုံးဖြစ်သော ချည်၍မွေးခြင်းနှင့်   လွှတ်ကျောင်းမွေးမြူခြင်းနည်းစနစ်ကို အသုံးများကြသည်။ လွှတ်ကျောင်းမွေးမြူရာတွင်   ဆိတ်ကျောင်းသားတစ်ဦးလျှင် ဆိတ်ကောင်ရေ ၃၅-၄၀ ကောင်ခန့် ထိန်းကျောင်းနိုင်သည်။  ဆိတ်အုပ်တစ်အုပ်တွင်   ဆိတ်လိုက် အကြီးတစ်ကောင်နှင့် လက်အောက်လိုက်ပါ တစ်နှစ်သားခန့်တစ်ကောင် ထားရမည်။ ကျန်ဆိတ်ထီးများ ကို ၇-၈ လခန့်တွင် သင်းကွပ်ထားရမည်။ ဆိတ်မတမ်းများသည် ၇-၈ လတွင် အရွယ်ရောက်သော်လည်း အသက် ၈-၉ လတွင် သားတင်မှသာလျှင် မိခင်ရောကလေးပါ  ဖွံ့ဖြိုးမှုတွင်  ချို့တဲ့မှုမဖြစ်နိုင်တော့ပါ။ ဆိတ်မ၏ ကိုယ်ဝန်ဆောင်ရက်မှာ ၁၄၆-၁၅၁ ရက်ခန့်ရှိ၍  ဆိတ်မကြီးတစ်ကောင်လျှင် တစ်နှစ်အတွင်း နှစ်သားကျလေ့ရှိသည်။ ဆိတ်မတစ်ကောင် တစ်ကြိမ်သားပေါက်လျှင် နှစ်ကောင်မှ လေးကောင်အထိပေါက်နိုင်သည်။

ခြံလှောင်စနစ်ဖြင့်မွေးမြူရာတွင် မြေစိုက်ခြံဖြစ်ပါက မြေမာပြီးခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လေကောင်း လေသန့်ရရှိပြီး ကုန်းမြင့်သော ရေမဝပ်သည့်မြေနေရာမျိုးတွင် ရွေးချယ်ဆောက်လုပ်ရမည်။ ခေါင်အမြင့် ၁၀ ပေ၊ လက်ခံတိုင် ၇ ပေခန့် ထားရှိရမည်။ လွှတ်ကျောင်းခြင်းမရှိလျှင်  ဆိတ်တစ်ကောင်အတွက် ပျမ်းမျှ ၁၄ စတုရန်းပေ နေရာအကျယ်အဝန်းလိုအပ်သည်။ အစာခွက်၊ ရေခွက်၊ နားနေရန်နှင့် မွေးဖွားအခန်းများ ထားရှိနိုင်ပါက ပိုကောင်းမည်။ ထို့ပြင် လေစိမ်းများမတိုက်စေရန် ဝါးထရံများ ကာထားပေးရပါမည်။ ဆိတ်သည်   စိုစွတ်သောမိုးရာသီကို မကြိုက်တတ်သော တိရစ္ဆာန်များဖြစ်သောကြောင့် မိုးများသောဒေသများတွင် မြေစိုက်ခြံအစားကြမ်းခင်းစနစ်ဖြင့် မွေးမြူသင့်ပါသည်။

ဆိတ်ခြံအတွင်း ဆိတ်တစ်ကောင်အတွက် လိုအပ်သော အခန်းအကျယ်အဝန်းများမှာ -

•    ဆိတ်ကလေးတစ်ကောင်  -  ၃ ဒသမ ၃ စတုရန်းပေ

•    ဆိတ်မ(ဇီးမရှိ)                  - ၁၄ စတုရန်းပေ

•    ဆိတ်မ(ဇီးရှိ)                    - ၁၈ စတုရန်းပေ

•    ဆိတ်သိုး                          - ၂၈ စတုရန်းပေ လိုအပ်သည်။

အညစ်အကြေးနှင့် တံစက်မြိတ်ရေများ၊ မိုးရေများ အလွယ်တကူ  စီးဆင်းနိုင်အောင် စီမံထားရမည်။

ထို့ပြင် ဆိတ်ခြံသန့်ရှင်းရေးလုပ်ပေးခြင်း၊ ယင်ကောင်နှင့် အခြားသောသန်ကောင်များရန်မှ ကင်းဝေးအောင်ဆောင်ထုံးဖြူးပေးခြင်းဖြင့်ရောဂါဖြစ်ပွားမှုကိုလည်းများစွာကာကွယ်ပေးနိုင်မည်။  သို့မှသာ ကျန်းမာဖြစ်ထွန်းပြီး ဝင်ငွေတိုးစေသော ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။

ဆိတ်များသည် ရေမဝပ်သောနေရာ၊ တောင်ကုန်း၊ တောင်စောင်းများတွင် မည်မျှပင်မတ်စောက်စေကာမူ တက်နိုင်ဆင်းနိုင်သော   ခြေမြဲသည့်ခွာများရှိသည်။ ဆိတ်များကို လွှတ်ကျောင်းမွေးမြူထိန်းကျောင်းရာတွင် ပေါက်ဖတ်များ မကိုက်မိအောင် သတိထားရမည်။ ဆိတ်များသည် ဆူးမည်မျှပင်ရှိစေကာမူ တိုးဝင်စားသောက်နိုင်သော်လည်း ပေါက်ဖတ်ဟုခေါ်သောသစ်ပင်ချုံပုတ်များပေါ်တွင်နေသည့် အစိမ်းရောင်ရှိ ပိုးကောင်များအား ကြောက်တတ်သည်။ ပေါက်ဖတ်များကိုက်လျှင် ဆိတ်သည် သေတတ်သဖြင့် စီးပွားရေးအရ  ဆုံးရှုံးမှုမဖြစ်အောင်   အထူးသတိထားထိန်းကျောင်းသင့်သည်။

ဖြည့်စွက်စာအဖြစ် ကုလားပဲခွံ၊ ဝါကြိတ်ဖတ်၊ ဖွဲနု၊ ပဲပုပ်စေ့ဖတ်၊ မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ပဲအမျိုးမျိုးအဖတ် စသည်တို့ကို ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျမ်းမျှ အစာနု ၃၀/၅၀ ကျပ်သားခန့် ကျွေးနိုင်သည်။ ထို့ပြင် ဆိတ်ခြံတွင် ဆိတ်ကြီးများလျက်နိုင်စေရန်အတွက်   ယူရီးယားသကာတုံးများကိုလည်း ချိတ်ဆွဲထားပေးရမည်။ အရေးကြီးဆုံးအချက်မှာ သောက်ရေထားပေးခြင်းပင်ဖြစ်သည်။

ရေသည် ခန္ဓာကိုယ်ကြီးထွားရန်နှင့်အစာကြေညက်မှုအတွက်မရှိမဖြစ်လိုအပ်သောကြောင့်သန့်ရှင်းပြီးကြည်လင်သော သောက်သုံးရေထားပေးရန် လိုအပ်ပေသည်။  ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သော်လည်း ဆိတ်တစ်ကောင်အတွက် ပျမ်းမျှရေသောက်နှုန်းမှာ တစ်နေ့လျှင် ရေတစ်ဂါလန်ခန့်ရရှိနိုင်ရန် စီစဉ်ထားပေးရမည်။

ဆိတ်မွေးမြူရေးမှ အသား၊ သားရေရောင်းချမှုမှာ အလွန်ဈေးကောင်းပါသည်။ သက်ဆိုင်ရာဌာနများ၊ပုဂ္ဂလိကခြံများမှ  ဆိတ်အရှင်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့်  နိုင်ငံခြားဝင်ငွေလည်း များစွာရရှိလာမည်ဖြစ်သည်။ ထို့ပြင်ဆိတ်ချေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြန်လည်အသုံးချနိုင်သည့် အထူးအသုံးဝင်သောမြေဩဇာကောင်းတစ်ခုဖြစ်သဖြင့်  ဆိတ်ချေးများရောင်းချခြင်းအားဖြင့် ဝင်ငွေတစ်ခုထပ်တိုးလာမည်ဖြစ်သည်။ ဆိတ်နို့တွင် ရေ ၈၆ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ အသားဓာတ် ၄ ဒသမ  ၃ ရာခိုင်နှုန်း၊ သကြား ၄ ဒသမ ၁ရာခိုင်နှုန်း၊ သတ္တုဓာတ် သုည ဒသမ ၈၉  ရာခိုင်နှုန်း ပါဝင်ပါသည်။   ဆိတ်နို့သည်    နွားနို့ထက်  အမိုင်နိုအက်စစ်ဓာတ် ပြည့်ဝစွာပါဝင်ပြီး အဆီဥ သေးနုပ်စွာဖွဲ့စည်းပါဝင်မှုကြောင့်    အစာကြေချက်မှု   ပိုမိုလွယ်ကူစေသည်။   ဆိတ်နို့တွင်  သတ္တုဓာတ်ဖြစ်သည့် ဆိုဒီယမ်သံဓာတ်၊ ကြေးနီဓာတ်ပါဝင်မှုသည် အခြားသောနို့များထက် ပိုများသည်။ ဗီတာမင်အေပါဝင်မှုမှာလည်းတခြားနို့များထက်ပိုများသည်။

ထို့ကြောင့် ဆိတ်နို့သည် အာဟာရပြည့်စုံပြီး အစာကြေညက်လွယ်သဖြင့်  သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ နာလန်ထလူမမာများအတွက်  အထူးသင့်လျော်သည်။ ဆိတ်မ၏နို့ပေးကာလသည် ၃-၁၂ လ အထိကြာမြင့်တတ်သဖြင့်ဆိတ်နို့ရောင်းချခြင်းအားဖြင့်လည်းဝင်ငွေတစ်ခုတိုးပွားလာမည်ဖြစ်သည်။

ဆိတ်မွေးမြူရေးလုပ်ငန်းကို“တစ်နိုင်တစ်ပိုင်မှသည်စီးပွားဖြစ်ဆီသို့” တိုးချဲ့မွေးမြူလာနိုင်ပါကဆိတ်များမှထွက်ရှိသော ဆိတ်သား၊ ဆိတ်သားခြောက်၊ဆိတ်သားရေ၊ ဆိတ်သားရေမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဖိနပ်၊ ဂျာကင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆိတ်နို့၊ ဆိတ်နို့မှသည် ဆိတ်နို့ရေချိုးဆပ်ပြာခရင်၊ လိုးရှင်းစသော အလှကုန်ပစ္စည်းများအပြင် ဆိတ်နို့ခဲစသည့် စားသောက်ကုန်ပစ္စည်းများ၊ဆိတ်ချေးမှသည်  စိုက်ပျိုးရေးသုံးမြေဩဇာများအဖြစ် ထုတ်လုပ် ရောင်းချခြင်းဖြင့်   ဝင်ငွေတိုးပွားလာမည်ဖြစ်သည်။ ဒါ့အပြင်   ပြည်တွင်းဆိတ်သားထုတ်လုပ်မှု   ပိုလျှံလာပါက  နိုင်ငံခြားသို့   တင်ပို့ရောင်းချခြင်းဖြင့် အော်ဂဲနစ်ဆိတ်သားများအဖြစ် ပြည်ပတွင် ဈေးကွက်ကောင်းစွာရရှိလာမည်ဖြစ်သည်။

ဆိတ်သည် သဘာဝအလျောက် သစ်ပင်၊ သစ်ဖု၊ သစ်မြစ်များကိုကိုက်ဖြတ်စားသောက်တတ်သောအလေ့အကျင့်များရှိခြင်းကြောင့်   အစာအတွက် ကုန်ကျရသောစရိတ်များနည်းပါးခြင်း၊  ဆိတ်ခြံမှာလည်း ဝက်ခြံ၊ ဥစားကြက်ခြံတို့ကဲ့သို့ ဆောက်လုပ်ရန်မလိုအပ်ဘဲ  ဒေသတွင်းရှိ  သစ်၊ ဝါးများဖြင့်သာ လွယ်လင့်တကူဆောက်လုပ်နိုင်ခြင်းကြောင့် ခြံအတွက်ကုန်ကျရသောစရိတ်များ သက်သာခြင်း၊ ဆိတ်များကိုလွှတ်ကျောင်းမွေးမြူရာတွင်  ဆိတ်ကောင်ရေ ၄၀ အထိတွင်  ဆိတ်ကျောင်းသားတစ်ယောက်နှုန်းဖြင့်သာ ထိန်းကျောင်း၍ရသောကြောင့် လုပ်သားစရိတ်သက်သာခြင်း၊ ဆိတ်သည် အကြမ်းဒဏ်ခံနိုင်သောတိရစ္ဆာန်ဖြစ်သောကြောင့်  ကျန်းမာရေးအတွက် ဆေးကုသရသော   ကုန်ကျစရိတ်သက်သာခြင်း၊ ဆိတ်သည် တစ်နှစ်အတွင်းတွင် နှစ်သားတင်ပြီး တစ်သားလျှင် ၂-၄ အထိ သားပေါက်နိုင်သောကြောင့် အချိန်တိုအတွင်း စီးပွားရေးတွက်ခြေကိုက်စေသော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်း စသောအချက်များကြောင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်ဆောင်ရွက်ကြရန်   အားပေးတိုက်တွန်းအပ်ပါသည်။  ဆိတ်မွေးမြူရေးလုပ်ငန်း  လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့်  ဆိတ်မွေးမြူရေးမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်လာနိုင်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်  အခွင့်အလမ်းများတိုးတက်လာကာ လူမှုစီးပွားဘဝ  တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးကို မိသားစုတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ် စနစ်တကျမွေးမြူခြင်းဖြင့်သော်လည်းကောင်း အင်တိုက်အားတိုက်မွေးမြူကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။    ။

Source: https://myawady.net.mm/stories

 

ဒေါက်တာခင်နန္ဒာစိုး(မွေး/ကု)

ယမန်နေ့မှအဆက်

အဆင့်ဆင့်အနိမ့်တမံဓာတ်အားပေးစက်ရုံများတွင်   မြစ်ရေထုစီးနှုန်းကိုသာ   အဓိကအသုံးပြု၍ ရေအားအမြင့်အနည်းငယ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော Reaction Turbine အမျိုးအစားများဖြစ်သည့် Kaplan, Francis , Bulb , Tubular, Propeller & Straflo Turbine များကို အသုံးပြုထားသည်။ ထို Reaction Turbine အမျိုးအစားများသည် Low Head,   High Flow  အခြေအနေအတွက် အထူးသင့်လျော်ပြီး အကျိုးသက်ရောက်မှုမြင့်မားသည့်တာဘိုင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိကအားသာချက်များဖြစ်ကြသော ရေစီးနှုန်းပြောင်းလဲမှုအမျိုးမျိုးတွင် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် ချိန်ညှိနိုင်သောတံခါးရွက်များနှင့် ဒလက်များ(Wicket Gates & Adjustable blades) ပါရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဒီဇိုင်းကျစ်လျစ်သိပ်သည်းခြင်း၊ သေးငယ်သည့် ရေအားလျှပ်စစ်စက်ရုံများမှ ကြီးမားသောစက်ရုံများအထိ ကုန်ကျစရိတ်သက်သာစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊   သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း၊ ခေတ်မီတာဘိုင်များတွင် ငါးများသည် တာဘိုင်ဒလက်များအတွင်းမှ အလွယ်တကူဖြတ်သန်းသွားလာနိုင်ခြင်းတို့ကြောင့် run-of-river ရေအားလျှပ်စစ်စီမံကိန်းများစွာတွင် နှစ်သက်စရာရွေးချယ်မှုတစ်ခုဖြစ်လာခဲ့သည်။

၁၉ ရာစုမှစတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြသော ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများကို ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း  ဆောင်ရွက်ခဲ့ကြသည်။ ရိုင်းမြစ်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်းရှိ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။  ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုမြှင့်တင်ရန် တာဘိုင်များအစားထိုးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ ငါးများဖြတ်သန်း သွားလာနိုင်သောစနစ်များနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများလျှော့ချခြင်း၊ မြစ်အတွင်း ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများကိုစောင့်ကြည့်လေ့လာခြင်း၊  အနည်အနှစ်ပို့ချမှုများကိုစီမံခန့်ခွဲခြင်း၊ ဆည်များနှင့်အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းအစရှိသော ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထင်ရှားသောဥပမာတစ်ခုအနေဖြင့်လည်းကောင်း၊ စံပြုထိုက်သော အနိမ့်တမံဓာတ်အားပေးစက်ရုံတစ်ခုအနေဖြင့်လည်းကောင်း Rheinfelden အနိမ့်တမံရေအားလျှပ်စစ်စက်ရုံသည် ရိုင်းမြစ်၏ High Rhine အပိုင်း၊  ဆွစ်ဇာလန်-ဂျာမနီနယ်စပ် Rheinfelden မြို့အနီးတွင်တည်ရှိပြီး ၁၈၉၄ ခုနှစ်တွင်စတင်ကာ ၁၈၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုအချိန်က ၎င်းဒေသများသည် စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသောကြောင့် Rheinfelden စက်ရုံကို ဆွစ်ဇာလန်နှင့်  ဂျာမနီနိုင်ငံတို့၏ ရိုင်းမြစ်အထက်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန်  ရည်ရွယ်ခဲ့ကြသည်။

၂၀ ရာစု အစောပိုင်းက သုံးစွဲခဲ့သော  တာဘိုင်များတပ်ဆင်ထားပြီး တပ်ဆင်စက်အင်အား ၂၅ ဒသမ ၇ မဂ္ဂါဝပ်ရှိသည့် Rheinfelden စက်ရုံကို ထိုစဉ်က နည်းပညာဆိုင်ရာ ကြီးမားသောအောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။ စက်ရုံကို မူလက Elektri-zitätswerk Rheinfelden AG (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် Rheinfelden Kraftwerk GmbH (ဂျာမနီကုမ္ပဏီ) တို့က စီမံခန့်ခွဲခဲ့ပြီး ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လျှပ်စစ်မျှဝေသုံးစွဲမှုတို့ကို နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ခဲ့သည်။     ဤခွဲဝေပိုင်ဆိုင်မှုပုံစံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့အကြား စွမ်းအင်အရင်းအမြစ်ကို မျှဝေစီမံခန့်ခွဲမှု၏ အောင်မြင်သောဥပမာတစ်ခုဖြစ်သည်။

၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ်တို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သော Rheinfelden မူလစက်ရုံကို ၂၀၀၃ ခုနှစ်တွင် စက်ရုံလည်ပတ်မှုရပ်စဲကာ ဖျက်သိမ်းခဲ့သည်။ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန်၊ ရေထုစီးနှုန်းပိုမိုကောင်းမွန်လာစေရန်၊ ခေတ်မီတာဘိုင်အသစ်များနှင့်လျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပြီး ပိုမိုကောင်းမွန်သောထိန်းချုပ်မှုစနစ်များ အကောင်အထည်ဖော်နိုင်ရန်၊ ငါးများအတွက်ဘေးကင်းသော တာဘိုင်များနှင့် ငါးဖြတ်သန်းနိုင်သောစနစ်များကို ထည့်သွင်းတည်ဆောက်ပြီး ရိုင်းမြစ်၏ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချနိုင်ရန်၊  ဆွစ်ဇာလန်နှင့်ဂျာမနီတို့၏  ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တို့ဖြင့် စက်ရုံဟောင်းကိုဖျက်သိမ်းခဲ့ပြီး ၂၀၀၃-၂၀၁၀ ပြည့်နှစ်တွင် Rheinfelden ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ်  ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည်တည်ဆောက်၍လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခဲ့သည်။

Rheinfelden ရေအားလျှပ်စစ်စက်ရုံသည် အခြားရေအားလျှပ်စစ်စက်ရုံများကဲ့သို့ပင်ဒေသတွင်းရွှေ့ပြောင်းငါးမျိုးစိတ်များအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့သည်။ဤသက်ရောက်မှုများကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများ၊ ဂေဟဗေဒဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ်တွင် သဘာဝငါးသွားလမ်းကြောင်းကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့သည်။ ငါးသွားလမ်းကြောင်းစနစ်ကို ကျောက်တုံးများ၊ ကျောက်ဆောင်များနှင့် ရေတိမ်ဒေသများဖန်တီး၍ သဘာဝမြစ်ကြမ်းပြင်နှင့် နီးစပ်အောင်ပြုလုပ်ထားသည်။ Rheinfelden ငါးသွားလမ်းကြောင်းသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့ကြား ဟန်ချက်ညီစေရန်အတွက်ဖြေရှင်းရာတွင် အောင်မြင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤစက်ရုံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဒေသတွင်းရေအားလျှပ်စစ်သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။

ရိုင်းမြစ်တစ်လျှောက် အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ထားခြင်းသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် သင်္ဘောများနှင့်ရေယာဉ်များဘေးကင်းစွာနှင့်   ထိရောက်လွယ်ကူစွာ သွားလာနိုင်စေပြီး မြစ်ရေနိမ့်/မြင့်ကိုတည်ငြိမ်စေသည်။ ဤအချက်သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးအရေးပါပေသည်။   ရိုင်းမြစ်ဝှမ်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများအရည်ပျော်ချိန်များတွင်ရေကြီးမှုများဖြစ်ပေါ်လေ့ရှိသည်။

Cascade Dams များသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ရေများပြားသည့်ကာလများတွင် ရေကိုသိုလှောင်ထားပြီး တဖြည်းဖြည်းချင်းလွှတ်ပေးခြင်းဖြင့် ရေကြီးမှုကိုကာကွယ်ပေးသည်။တမံနှင့်ရေလွှဲဆည်များသည် မြစ်၏ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်အိမ်သုံးရေတို့အတွက် တည်ငြိမ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်သည်။ မိုးများသည့်ကာလများနှင့်ရေခဲပျော်သည့်ကာလများတွင်ရေကိုသိုလှောင်ထားပြီး ခြောက်သွေ့၍ရေထုနည်းသည့်ကာလများတွင် ရေကိုဖြည်းညင်းစွာလွှတ်ပေးခြင်းဖြင့် မြစ်ရေနိမ့်/မြင့်ကိုထိန်းသိမ်းပေးနိုင်ပြီး ဂေဟစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ရိုင်းမြစ်ပေါ်တွင်ရှိသော အဆင့်ဆင့်အနိမ့်တမံများသည် အကျိုးကျေးဇူးများစွာရှိသော်လည်း မြစ်၏သဘာဝဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ငါးများရွှေ့ပြောင်းနိုင်မှုကို ထိခိုက်စေခြင်းနှင့် အနည်အနှစ်စီးဆင်းမှုကိုပြောင်းလဲစေခြင်း၊ ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိသည်။

ထို့ကြောင့် အနိမ့်တမံနှင့်စက်ရုံများတည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုတွင် ဤအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလာကြပြီး ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများကိုလျှော့ချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ငါးလှေကား၊ ငါးသွားလမ်းကြောင်းတို့ကိုထည့်သွင်းတည်ဆောက်၍ ရွှေ့ပြောင်းငါးများဖြတ်သန်းသွားလာနိုင်အောင် ကူညီပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချပေးသည်။ အချို့ဆည်များတွင် အနည်အနှစ်များကို ဆည်၏အောက်ဘက်သို့ဖြတ်သန်းစေရန် သို့မဟုတ် ငါးများအတွက် နေထိုင်ရာနေရာများ ထိန်းသိမ်းနိုင်ရန် သဲနှင့်ကျောက်စရစ်များကို မြစ်အတွင်းသို့ထပ်မံထည့်သွင်းပေးသောစနစ်များလုပ်ဆောင်လျက်ရှိသည်။ ရေအရည်အသွေး၊ ငါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကိုလည်း အလေးထားစောင့်ကြည့်ပြီး ရိုင်းမြစ်၏ ဂေဟဗေဒဆိုင်ရာထိခိုက်မှုမရှိစေရေးအတွက် တိုးတက်လုပ်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ခြင်းသည် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ   သက်ရောက်မှုများစွာရှိပြီး ပြန်ပြည့်မြဲစွမ်းအင်ထောက်ပံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။  သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုရွှေ့ပြောင်းမှုများကဲ့သို့သော စိန်ခေါ်မှုများလည်းများစွာရှိနိုင်သည်။အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများရှိခြင်းသည် စွမ်းအင်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်စေခြင်း၊ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေးကိုလည်း များစွာထောက်ပံ့ပေးနေသည်။ ဤစက်ရုံများသည် နိုင်ငံတစ်ခုချင်းစီမှသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ  ဆက်လက်ပါဝင်နေပြီး ဥရောပ၏ရေရှည်တည်တံ့သောစွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်များအား ပြည့်မီစေရန်အတွက် အထောက် အကူပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်ပေါကြွယ်ဝပြီး မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ်များစွာစီးဆင်းလျက်ရှိနေသည့်အတွက် ရေချိုရရှိနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ရေကြောင်းသွားလာရေးပိုမိုအဆင်ပြေလွယ်ကူနိုင်မှု၊ မြစ်ကြောင်းဖြောင့်တန်းထိန်းသိမ်းမှုများအား ရေရှည်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။

အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းအားဖြင့်-

(က)   ရနိုင်သမျှ လျှပ်စစ်စွမ်းအင်အား စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ခြင်း

(ခ)     မြစ်ကြောင်းအတွင်း သောင်ထွန်းနိုင်မှုအခြေအနေများအားလျှော့ချနိုင်ခြင်း

(ဂ)     ရေကြောင်းဖြင့် ကုန်စည်ပမာဏများစွာကို ဈေးနှုန်းသက်သာစွာသယ်ယူပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခြင်း

(ဃ)   စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များအား လုံလောက်စွာထောက်ပံ့နိုင်ခြင်း

(င)     အနိမ့်တမံ၏ Crest များအား တံတားအဖြစ်အသုံးပြု၍ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်သွားလာဆက်သွယ်နိုင်ခြင်း

(စ)     ခြောက်သွေ့ဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင်ပြီးရာသီဥတုမျှတလာနိုင်ခြင်း

(ဆ)   ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှကာကွယ်နိုင်ခြင်း

(ဇ)     ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း

(ဈ)    အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင်ဒေသများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း

(ည)   မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းစောင့်ကြည့်ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း

( ဋ)  ရေစုပ်တင်သိုလှောင်စနစ် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေခြင်း

စသည့်လက်ငင်းအကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။  ဥရောပ၏ နှလုံးသည်းပွတ်ဖြစ်သော ရိုင်းမြစ်အား ထိရောက်အကျိုးရှိစွာအသုံးပြုလျက် ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ခြင်းအတွက် ဆောင်ရွက်နေမှုများကိုလေ့လာပြီးအနာဂတ် မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေအရင်းအမြစ်များ၊ အလားအလာကောင်းများကိုအသုံးချ၍ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း  သုံးသပ်တင်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

 

စည်သူ

ယနေ့မျက်မှောက်ကမ္ဘာကြီးတွင်နေ့စဉ်တိုးတက်မှုများကို ဘက်ပေါင်းစုံမှရှုမြင်နိုင်ပေလိမ့်မည်။ လူသားတို့၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးတို့အပေါ်တွင်  ထပ်ဆောင်း၍နည်းပညာကိုပေါင်းစပ်ထားသော ကမ္ဘာကြီးဖြစ်လာပေသည်။   အဆိုပါနည်းပညာကမ္ဘာ၏ အလိုအပ်ဆုံးအရာကိုပြပါဆိုလျှင်  “စွမ်းအင်”  အသုံးချနိုင်မှုပင်ဖြစ်သည်။အရင်းအမြစ်မျိုးစုံမှ   ထုတ်ယူရရှိနိုင်သော “စွမ်းအင်” အမျိုးမျိုးတို့အထဲတွင် မည်သည့်အရင်းအမြစ်က အကောင်းဆုံးဖြစ်ပါသနည်းဟုမေးခွန်းထုတ်လာပါလျှင် “အကုန်ကောင်းပါသည်၊သို့သော် အကျိုးအပြစ်များကတော့ဖြင့် မတူနိုင်”ဟုသာ ဖြေရမည်ဖြစ်သည်။ သို့သော် ပြန်ပြည့်မြဲစွမ်းအင်တို့သည် အကောင်းဘက်သို့ ပိုမိုရရှိနိုင်ခြင်းကြောင့် စွမ်းအင်စီမံခန့်ခွဲမှုတွင် ပိုမိုအသုံးချရမည်ဖြစ်ပေသည်။    ပြန်ပြည့်မြဲစွမ်းအင်များထဲတွင်စွမ်းဆောင်ရည် (Efficiency) မြင့်မားသော ရေအားလျှပ်စစ်များသည် ရှေ့တန်းမှဦးဆောင်ပါဝင်နေသည်မှာ  ရာစုနှစ်နှစ်စုခန့်ရှိနေပြီဖြစ်ပေသည်။ အလားတူရေအရင်းအမြစ်ကို ရနိုင်သလောက်ထုတ်ယူသုံးစွဲမှု၏ ပြယုဂ်တစ်ခုဖြစ်သော  အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropower Dams) များသည်လည်း အဓိကအခန်းကမှပါဝင်ပေသည်။ ထို့ကြောင့် ဥရောပတိုက်၏ စံနမူနာဖြစ်သော၊ ဥရောပတိုက်၏ နှလုံးသည်းပွတ်သဖွယ်ဖြစ်သော “ရိုင်းမြစ်” ၏အကြောင်းကိုရေးသားတင်ပြသွားမည်ဖြစ်သည်။

ရိုင်းမြစ်သည်   သမိုင်းတစ်လျှောက် ယဉ်ကျေးမှုနှင့်   နိုင်ငံရေးအရ ပေါင်းစည်းမှုကိုဖြစ်စေပြီး အပြုသဘောဆောင်သော သက်ရောက်မှုများနှင့် နိုင်ငံရေးနယ်နိမိတ်အဖြစ် ခွဲခြားသတ်မှတ်မှုများကို ပြောင်းလဲစေနိုင်သည့်   စံနမူနာတစ်ခုဖြစ်သည်။ ရောမအင်ပါယာခေတ်မှစတင်ကာ ရိုင်းမြစ်ကို နိုင်ငံရေးနယ်နိမိတ်အဖြစ်သတ်မှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံက ၎င်း၏သဘာဝနယ်နိမိတ်အဖြစ် တောင်းဆိုခဲ့သည်။ ခေတ်သစ်ကာလတွင် ရိုင်းမြစ်ကိုဗဟိုပြု၍စီးပွားရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုဆီသို့ဦးတည်သွားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုနှင့်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုအားကောင်းလာစေခဲ့သည်။ ရိုင်းမြစ်သည် ဥရောပတိုက်၏ အရေးပါသောမြစ်တစ်စင်းဖြစ်ပြီး ၎င်း၏မြစ်ကြောင်းကို   အပိုင်းများစွာခွဲကာ   လေ့လာနိုင်သည်။    မြစ်၏အရှည်ကို“ရိုင်းကီလိုမီတာ” ဖြင့်တိုင်းတာပြီး   ဂျာမနီနိုင်ငံ Konstanz မြို့မှ နယ်သာလန်နိုင်ငံ Hook of Holland အထိသတ်မှတ်ထားသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း လုပ်ဆောင်ခဲ့သော  မြစ်ကြောင်းပြင်ဆင်မှုများကြောင့်မြစ်၏သဘာဝလမ်းကြောင်းမှာ တိုသွားခဲ့သည်။ Lake Constance နှင့် Alpine Rhine တို့ပါဝင်သော ရိုင်းမြစ်၏စုစုပေါင်းအရှည်ကို တိကျစွာတိုင်းတာရန်ခက်ခဲပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်သာလန်ရေကြောင်းနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအဖွဲ့က ရိုင်းမြစ်၏အရှည်ကို ၁၂၃၂ ကီလိုမီတာ (၇၆၆ မိုင်)အဖြစ်ဖော်ပြခဲ့သည်။         

ရိုင်းမြစ်သည်  ဆွစ်ဇာလန်နိုင်ငံရှိအဲလ်ပ်စ်တောင်တန်းများ၏အမြင့်ပိုင်း ဆီးနှင်းနှင့်ရေခဲဖုံးလွှမ်းသောနေရာများတွင် မြစ်ဖျားခံပြီး   Vorderrhein နှင့်Hinterrhein ဟူသော    မြစ်လက်တက်နှစ်ခုမှစတင်သည်။ Chur မြို့အောက်တွင် ရိုင်းမြစ်သည် အဲလ်ပ်စ်တောင်တန်းများမှထွက်ခွာလာပြီး ဆွစ်ဇာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့၏ ကြားနယ်နိမိတ်အဖြစ် စီးဆင်းလာခဲ့သည်။ ထို့နောက် ဆွစ်ဇာလန်နှင့်ဩစတြီးယားနိုင်ငံတို့ကြားနယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းကာ   Lake Constance သို့ဝင်ရောက်၍ မြစ်ဝကျွန်းပေါ်ဒေသအဖြစ်ပြန့်ကားသွားပြီး ရေကြီးရေလျှံမှုကိုကာကွယ်ရန်အတွက်မြစ်ကြောင်းကိုဖြောင့်တန်းစေခြင်း၊မြစ်ကမ်းပါးအားဖြည့်ခြင်းများ ဆောင်ရွက်ထားသည်။Basel ၏အောက်ဘက်တွင် ရိုင်းမြစ်သည် မြောက်ဘက်သို့ဦးတည်စီးဆင်းကာ Vosges တောင်တန်းများနှင့် Black Forest တောင်တန်းများကြား ကျယ်ပြန့်သောမြေပြန့်ဒေသကို ဖြတ်သန်းစီးဆင်းသည်။ ဤဒေသတွင် ၎င်း၏အဓိကမြစ်လက်တက်များနှင့်ပေါင်းဆုံပြီး၁၉ ရာစုအစောပိုင်းတွင်   မြစ်ကြောင်းဖြောင့်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။  ယခုအခါ မြစ်၏ယခင်လမ်းကြောင်းများကို မြစ်ကြောင်းဟောင်းများနှင့် ဖြတ်တောက်ထားသောနေရာများတွင်  တွေ့နိုင်သည်။ Lake Constance မှ   ထွက်ခွာသောအခါ ရိုင်းမြစ်သည် Untersee မှတစ်ဆင့်  စီးဆင်းပြီးထိုနေရာမှ Basel အထိ မြစ်ကို High Rhine ဟုခေါ်ကာ ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ သို့သော် Stein am Rhein အောက်ရှိဒေသတွင် နယ်နိမိတ်သည် အနည်းငယ် လွှဲဖယ်တိမ်းစောင်းသွားပြီး Schaffhausen ရှိ Rhine Falls သည် ဆွစ်ဇာလန်နိုင်ငံအတွင်း၌သာ တည်ရှိသည်။

ရိုင်းမြစ်သည် ဆွစ်ဇာလန်၊ ဩစတြီးယား၊ ဂျာမနီ၊ပြင်သစ်၊ နယ်သာလန်နှင့် လက်ချင်းစတိန်းနိုင်ငံတို့ကို ဖြတ်သန်းစီးဆင်း၍ ရောမခေတ်ကတည်းက တောင်ဥရောပနှင့် မြောက်ဥရောပကို  ဆက်သွယ်ပေးခဲ့သော   အဓိကရေကြောင်းလမ်းဖြစ်ခဲ့သည်။ ယခုအခါတွင်လည်း ဥရောပ၏အဓိကမြို့ကြီးများဖြစ်ကြသော Amsterdam (နယ်သာလန်)၊ Cologne (ဂျာမနီ)၊ Strasbourg (ပြင်သစ်)၊ Düsseldorf (ဂျာမနီ)၊ Basel (ဆွစ်ဇာလန်)၊ Mannheim (ဂျာမနီ)၊ Rotterdam (နယ်သာလန်) တို့ကို ဖြတ်သန်းစီးဆင်းပြီး ထိုမြို့များအတွက် အရေးပါသော ရေကြောင်းလမ်းတစ်ခုအဖြစ် ဆက်သွယ်ပေးလျက်ရှိသည်။Alpine Rhine, High Rhine, Upper Rhine, Middle Rhine, Lower Rhine နှင့် Delta Rhine တို့သည် ရိုင်းမြစ်၏အဓိကအပိုင်းများဖြစ်ကြပြီး   အပိုင်းတစ်ခုစီတွင်ကွဲပြားသောလက္ခဏာများ၊   လှပသောရှုခင်းများ၊ သမိုင်းဝင်နေရာများနှင့်   စီးပွားရေးအရအရေးပါသောနေရာများပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံရှိ Anterior Rhine နှင့် Posterior Rhine မြစ်နှစ်ခုပေါင်းဆုံရာမှ ဖြစ်ပေါ်လာပြီး  Rhine ချိုင့်ဝှမ်းမှတစ်ဆင့်   Lake Constance သို့ စီးဆင်းသော Alpine Rhine (ခေါ်) Lake Constance အပိုင်းသည်  ဆွစ်ဇာလန်၊ လက်ချင်းစတိန်းနှင့် ဩစတြီးယားနိုင်ငံတို့ကြား နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည်။ Lake Constance မှစတင်ကာအနောက်ဘက်သို့စီးဆင်းပြီး    Rhine Falls သို့ဆင်းသက်သော High Rhine သည် Aare မြစ်နှင့်ပေါင်းဆုံပြီး မြစ်၏ရေထုစီးနှုန်းကို နှစ်ဆဖြစ်စေသည်။ Upper Rhine အပိုင်းသည် Upper Rhine Valley ဒေသကို ဖြတ်သန်းစီးဆင်း၍ မြေဩဇာကောင်းမွန်ခြင်းနှင့် သမိုင်းဝင်အရေးပါမှုတို့အတွက်ကျော်ကြားပြီးလှပသောကျေးရွာများ၊ မြို့များနှင့်မတူညီသောရှုခင်းများကိုတွေ့မြင်နိုင်သည်။ထိုအပိုင်းတွင်Black Forest သည် ရိုင်းမြစ်ဝှမ်း၏ အရှေ့ဘက်တွင်တည်ရှိကာ Vosges တောင်တန်းများသည်လည်းအနောက်ဘက်တွင်တည်ရှိသည်။

ရိုင်းမြစ်တစ်လျှောက်တွင် ရှေးခေတ်ကာလကရိုင်းမြစ်၏ ဗျူဟာမြောက်အရေးပါမှုကို သက်သေပြနေသော ရှေးဟောင်းခံတပ်များနှင့် ရဲတိုက်များစွာတည်ရှိသည့် Upper Middle Rhine Valley ဒေသကိုဖြတ်သန်းစီးဆင်းသော Middle Rhine သည် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရပြီးဂျာမနီနိုင်ငံရှိစပျစ်ခြံများနှင့် လှပသောရှုခင်းများကိုဖြတ်သန်းစီးဆင်းလျက် ဤဒေသတွင် စပျစ်သီးများစိုက်ပျိုး၍ နာမည်ကျော်ဝိုင်များကို ထုတ်လုပ်လျက်ရှိသည်။ Middle Rhine သည် မိုင် ၄၀ ရှည်လျား၍ဂျာမနီနိုင်ငံ Bingen မှ Koblenz အထိ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး ရိုင်းမြစ်မှ ၁၃၂  မီတာအမြင့်တွင် Rhine Gorge ၏ ထင်ရှားသည့်အမှတ်အသားတစ်ခုအဖြစ်ခရီးသွားများ၏စိတ်ကိုဆွဲဆောင်နိုင်သော ဒဏ္ဍာရီလာ The Loreley ကျောက်ဆောင်ကိုလည်းတွေ့မြင်နိုင်သည်။ Rhine Gorge သည် သဘာဝနှင့်လူ့ယဉ်ကျေးမှုတို့၏လိုက်လျောညီထွေမှုကို ပြသနေသော ထူးခြားသည့် ယဉ်ကျေးမှုဆိုင်ရာရှုခင်းတစ်ခုဖြစ်သည်ဟု   ၂၀၀၂ ခုနှစ်တွင်  UNESCO မှ အသိအမှတ်ပြုခဲ့ပြီး ဂျာမနီ၏ ဂုဏ်ယူစရာရှုခင်းများထဲမှတစ်ခုဖြစ်ကာနှစ်စဉ်   ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစွာကိုဆွဲဆောင်လျက်ရှိသည်။

Rotterdam (နယ်သာလန်) မှ ဂျာမနီနိုင်ငံ၏အဓိကမြို့တစ်ခုဖြစ်သော Cologne အထိ မိုင် ၃၅၀ခန့်ရှည်လျားပြီးမြစ်ဝှမ်းဒေသကိုဖြတ်သန်းစီးဆင်းသည့် Lower Rhine အပိုင်းသည် ကျယ်ပြန့်ပြီး သင်္ဘောများသွားလာနိုင်သော မြစ်ကြောင်းဖြစ်သည့်အတွက် လူသိများထင်ရှားသည်။Delta Rhine အပိုင်းတွင် Waal, Nederrijn နှင့် IJssel မြစ်များအဖြစ် မြစ်လက်တက်များစွာခွဲထွက်သွားပြီး မြောက်ပင်လယ်ထဲသို့ စီးဝင်သွားသည်။နယ်သာလန်နိုင်ငံ Spijkenisse တွင် နယ်နိမိတ်ကိုဖြတ်ကျော်ပြီး မြစ်၏အကျယ်ဆုံးအပိုင်းသို့ ရောက်ရှိသောနေရာလည်းဖြစ်သည်။

ဒင်ညုမြစ်(Danube)ပြီးလျှင် ဥရောပအလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီးဥရောပတိုက်အတွက်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုအမွေအနှစ်အတွက် အရေးပါသောရေကြောင်းလမ်းလည်းဖြစ်သည့် ရိုင်းမြစ်ပေါ်တွင် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း ဥရောပတိုက်၏စက်မှုလုပ်ငန်းနှင့် ခေတ်မီဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများအကောင်အထည်ဖော်ခဲ့ကြသည်။ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ရေကြောင်းသွားလာရေး၊ စွမ်းအင်ထုတ်လုပ်မှုနှင့် ရေကြီးမှုကာကွယ်ရေးအစရှိသော အဓိကရည်ရွယ်ချက်များဖြင့် အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်ထုတ်လုပ်မှု (Low Head Cascade Hydropowerdams) များ တည်ဆောက်ခဲ့ကြသည်။ အထူးသဖြင့်မြစ်၏အနိမ့်အမြင့်အခြေအနေနှင့် မြစ်ရေထုစီးနှုန်းတို့တွင်မူတည်၍ ရေအားလျှပ်စစ်ထုတ်လုပ်ရန်သင့်လျော်သည့် ရိုင်းမြစ်အထက်ပိုင်းဖြစ်သောHigh Rhine နှင့် Upper Rhine တို့တွင် အဆင့်ဆင့်ရေအားလျှပ်စစ်   ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်းဖြင့် ဒေသတွင်းတွင် ပြန်ပြည့်မြဲစွမ်းအင်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

Lake Constance မှ Basel အထိ ဖြတ်သန်းစီးဆင်းသွားသော ရိုင်းမြစ်၏အထက်ပိုင်းဖြစ်သည့် High Rhineနှင့် Upper Rhine အပိုင်းတို့တွင် အဆင့်ဆင့်အနိမ့်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၁ ရုံတို့ကို ၁၈၆၀-၁၉၇၇ ခုနှစ်များအတွင်း တည်ဆောက်ခဲ့ကြပြီး ယခုအချိန်ထိလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲလျက်ရှိသည်။ အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ တပ်ဆင်စက်အင်အား ၂၃၀၀  မဂ္ဂါဝပ်ကျော် ထုတ်လုပ်ရရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထင်ရှားသောစက်ရုံများမှာScha-ffhausen  28.8 MW, Eglisau  46.9 MW, Reckingen 39 MW, Albbruck-Dogern  108 MW, Rheinfelden  100 MW, Augst-Wyhlen  70.5 MW, Birsfelden  100 MW, Kembs 160 MW, Fessenheim 180 MW, Marckolsheim 160 MW, Gambsheim  100 MW, Iffezheim 148 MW နှင့် Rhinau  160 MW အစရှိသော   အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံတို့ဖြစ်ကြသည်။ရိုင်းမြစ်ပေါ်တွင်တည်ဆောက်ထားသော အဆင့်ဆင့်အနိမ့်တမံများမှာရေအားလျှပ်စစ်ကို စဉ်ဆက်မပြတ်ထုတ်လုပ်ရရှိနိုင်သော၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအနည်းဆုံးဖြင့် ပြန်ပြည့်မြဲစွမ်းအင်ကိုထုတ်လုပ်ပေးနိုင်သောရေလှောင်ကန်များတည်ဆောက်ခြင်းထက် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကို လျော့နည်းစေနိုင်သော၊ မြစ်၏သဘာဝရေစီးဆင်းမှုကိုသာအသုံးပြုသော အနိမ့်တမံအမျိုးအစားများကို တည်ဆောက်ထားသည်။

Source: https://myawady.net.mm/stories

 

စည်သူ

မကြာသေးမီနှစ်များအတွင်းအဝလွန်သူဦးရေတိုးလာသည်နှင့်အမျှအကြိုသွေးချိုရောဂါနှင့်သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုတိုးမြင့်လာကြောင်းတွေ့ရှိရသည်။ အထိုင်များသောလူနေမှုပုံစံနှင့်ကျန်းမာရေးနှင့်မညီညွတ်သော စားသောက်မှုအလေ့အကျင့်များသည်လည်းအလားတူကြီးထွားလာနေပါသည်။ အမျှင်ဓာတ်သည် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီးသွေးချိုဆီးချိုရောဂါကို ကာကွယ်ခြင်းနှင့်ကုသခြင်း အပါအဝင်  ကျန်းမာရေးအကျိုးကျေးဇူးများစွာကိုပေးစွမ်းနိုင်သည်။ လေ့လာမှုများအရ သွေးချိုဆီးချိုရောဂါရှိသူအများစုသည် အာဟာရကုထုံး သို့မဟုတ် သွေးချိုဆီးချိုရောဂါအသိပညာပေးခြင်းကို လိုက်နာမှု အားနည်းကြကြောင်း   တွေ့ရှိခဲ့သည်။   ထို့ကြောင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို   စားသောက်ရန် အကြံပြုချက်များရှိသော်လည်း တစ်ဦးချင်း အနေဖြင့်  လုံလောက်သောအမျှင်ဓာတ်  သို့မဟုတ် မှန်ကန်သောအမျိုးအစားကို    စားသုံးနိုင်ခြင်းမရှိကြောင်း သိရသည်။

အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုများကို လျှော့ချထိန်း ချုပ်ခြင်းသည် ပန်ကရိယမှအင်ဆူလင်ထုတ်လုပ်သော ဘီတာဆဲလ်၏လုပ်ဆောင်မှုများ ကျဆင်းမှုကို နှေးကွေးစေပြီး အလုံးစုံရလဒ်များတိုးတက်ကောင်းမွန်လာစေရန် အထူးအရေးကြီးသဖြင့် ရောဂါ၏ကနဦးအဆင့်များတွင် မဖြစ်မနေ ဂရုစိုက်ကုသရန်လိုအပ်သောအချက်တစ်ခုဖြစ်သည်။  အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါကုသမှုတွင်အစားအသောက်ကုထုံးသည်အဓိကအရေးကြီးသောကုသမှုဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုရွေးချယ်ပြီး စိတ်ကြိုက်အစားအသောက်အစီအစဉ်များရေးဆွဲပြင်ဆင်ရန်လိုအပ်ပါသည်။ ဤနည်းလမ်းများတွင် နေ့စဉ် အစားအစာတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သို့မဟုတ် အစားအစာအားလုံးကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတစ်မျိုးတည်းဖြင့် သို့မဟုတ် အမျှင်ဓာတ်များသောဖြည့်စွက်စာများနှင့်ပေါင်းစပ်အစားထိုးစားသောက်ခြင်းတို့ပါဝင်သည်။

အမျှင်ဓာတ်သည်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့်ပဲစေ့များတွင် အဓိကတွေ့ရှိရသော ကစီဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှ မချေဖျက်နိုင်သော သို့မဟုတ် မစုပ်ယူနိုင်သောအပင်များ၏အစိတ်အပိုင်းများပါဝင်သည်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများသည် ဇီဝဖြစ်စဉ်ကျန်းမာရေးနှင့် သွေးချိုဆီးချိုရောဂါရှိသူများအတွက်ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးသည်။ အမျှင်ဓာတ်ပါဝင်ပြီး အရသာရှိသော အစားအစာများကိုရွေးချယ်ရန်မခက်ခဲပါ။ လိုအပ်သောအမျှင်ဓာတ်၊ အမျှင်ဓာတ်ပါရှိသည့်အစားအစာများနှင့်  ၎င်းတို့ကိုအစားအစာများနှင့်သရေစာများတွင်မည်သို့ထည့်ရမည်ကို သိရှိရန်လိုအပ်ပါသည်။

နေ့စဉ်လိုအပ်သော အမျှင်ဓာတ်ပမာဏ

အမေရိကန်သွေးချိုဆီးချိုအသင်းက အရွယ်ရောက်ပြီးသူ အမျိုးသမီးများအတွက် တစ်ရက်လျှင်  အမျှင်ဓာတ် ၂၅ ဂရမ်၊ အမျိုးသားများအတွက်တစ်ရက် လျှင် ၃၈ ဂရမ်စားသုံးရန်နှင့်  သွေးချိုဆီးချိုရောဂါရှိသူများသည် ကယ်လိုရီ ၁၀၀၀ လျှင်  အနည်းဆုံးအမျှင်ဓာတ် ၁၄ ဂရမ်စားသုံးသင့်ကြောင်း အကြံပြုထားသည်။    သွေးချိုဆီးချိုရောဂါနှင့်ဆက်စပ်ရောဂါဝေဒနာရှင်များအတွက်  အမျှင်ဓာတ်မြင့်မားသောအစားအစာများကိုစားသုံးရာတွင် အမျှင်ဓာတ် ပါဝင်မှုကို တဖြည်းဖြည်းတိုးမြှင့်သွားကာ တစ်ရက် လျှင် ၄၀ ဂရမ်အထိ စားသုံးရန်အကြံပြုထားသည်။အမျှင်ဓာတ်အမျိုးအစားများအမျှင်ဓာတ်သည်  ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားနှင့် မပျော်ဝင်နိုင်သော အမျှင်ဓာတ်အမျိုး အစားဟူ၍ နှစ်မျိုးရှိသည်။

ပျော်ဝင်နိုင်သောအမျှင်ဓာတ်

ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည်  ရေတွင်ပျော်ဝင်ပြီး အစာအိမ်အတွင်း  ဂျယ်လ်ကဲ့သို့ အရာဝတ္ထုတစ်ခုအဖြစ်ဖွဲ့စည်းကာ အစာခြေခြင်းကို နှေးကွေးစေသည်။ သွေးတွင်းသကြားဓာတ်နှင့်ကိုလက်စထရောကိုထိန်းချုပ်ရန် ကူညီပေးသည်။ပျော်ဝင်နိုင်သောအမျှင်ဓာတ်ကိုပန်းသီး၊ငှက်ပျောသီး၊ထောပတ်သီး၊ လိမ္မော်သီး၊ မုန်လာဥနီ၊ မုယောစပါး၊ ဆန်လုံးညို၊ ပဲစေ့၊ ပဲမည်း၊ ပဲလှော်၊  ဘရပ်ဆဲလ်ပင်ပေါက်တို့တွင် တွေ့နိုင်သည်။

မပျော်ဝင်နိုင်သောအမျှင်ဓာတ်မပျော်ဝင်နိုင်သောအမျှင်ဓာတ်သည်ရေတွင်မပျော်ဝင်နိုင်သောကြောင့် အစာအိမ်ထဲသို့ ဖြတ်သန်းသွားသည့်အခါ အမျှင်ဓာတ်ကိုစုပ်ယူပြီးဖြိုခွဲခြင်းမပြုဘဲအစာများ၏ရွေ့လျားမှုကိုပံ့ပိုးပေးပြီးဝမ်းထဲသို့ အစုလိုက်ထည့်သည်။အင်ဆူလင်၏အာရုံခံနိုင်စွမ်းကိုတိုးမြင့်စေပြီးဝမ်းကိုပုံမှန်ဖြစ်စေရန်ကူညီပေးသည်။ မပျော်ဝင်နိုင်သောအမျှင်ဓာတ်ကို ဂျုံမှုန့်၊ ဖွဲနု၊ အစေ့အဆန်များ၊ အခွံမာသီးများ၊ ပဲမျိုးစုံ၊   အာလူး၊ပန်းဂေါ်ဖီ၊ သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၏အခွံများတွင် တွေ့နိုင်သည်။

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ၏အကျိုးကျေးဇူးများ

အလွယ်တကူအစာခြေနိုင်ခြင်းမရှိသော   ကာဗိုဟိုက်ဒရိတ်တွင်ပါဝင်သည့် အမျှင်ဓာတ်သည် ဂလူးကို့စ် စုပ်ယူမှုနှင့် အင်ဆူလင်ထုတ်လွှတ်မှုကို လျှော့ချပေးသည်။ အမေရိကန်သွေးချိုဆီးချိုအသင်း၏  အဆိုအရ ပျော်ဝင်နိုင်သောအမျှင်ဓာတ်အမျိုးအစားများကိုစားသုံးမှုသည်  သွေးတွင်းအင်ဆူလင်ပမာဏကိုလျော့ကျစေပြီး ဂလူးကို့စ်ထိန်းချုပ်မှုကို ပိုမိုကောင်း မွန်စေကာသွေးတွင်းကိုလက်စထရောကိုလည်းလျှော့ချပေးသည်။ လေ့လာမှုအများအပြားတွင် အမျှင် ဓာတ်စားသုံးမှုသည် အင်ဆူလင်ခုခံမှုအမှတ်အသားများကိုလျော့ကျစေပြီး  သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေမှကာကွယ်ရန်    သိသာထင်ရှားစွာ  အထောက်အကူပြုကြောင်းပြသခဲ့သည်။  အမျိုးအစား-၂ သွေးချို ဆီးချိုရောဂါရှိသောအဝလွန်သူများတွင်အမျှင်ဓာတ်များသော အစားအစာသည် အစာစားပြီးချိန်တွင်ရှိသော    သွေးတွင်းဂလူးကို့စ်နှင့်အင်ဆူလင်အပေါ် အကျိုးသက်ရောက်မှုရှိပြီး   တစ်နေ့တာလုံးဂလူးကို့စ်ထိန်းချုပ်မှုကို ကောင်းမွန်စေသည်။

လူဦးရေအခြေပြုလေ့လာမှုအရတစ်နေ့တာအမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားသုံးမှုတိုးမြှင့်ခြင်းသည် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး သွေးတိုးရောဂါရှိသောလူနာများတွင် သွေးပေါင် ချိန်ထိန်းညှိခြင်းအတွက် အကျိုးကျေးဇူးများရှိသည်။ နှလုံးသွေးကြောကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်။  အမျှင်ဓာတ်သည်ခန္ဓာကိုယ်မှအဆီနှင့်ကိုလက်စထရောတချို့ကိုစုပ်ယူခြင်းမှတားဆီးပေးသောကြောင့် များများစားသုံးခြင်းသည် သွေးတွင်းကိုလက်စထရောပမာဏလျော့ကျပြီး  ရောင်ရမ်းမှုကို လျှော့ချပေးသဖြင့်    နှလုံးသွေးကြောများပေါ်တွင်ကောင်းကျိုးသက်ရောက်မှုရှိကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။ အမျှင်ဓာတ်များသော အစားအစာများကိုစားသုံးမှုနည်းသောလူများတွင်  သွေးတွင်းကိုလက်စထရောမြင့်မားခြင်းနှင့်  ဆက်စပ်နေကြောင်း လေ့လာမှုများတွင်တွေ့ရသည်။ အမျှင်ဓာတ်သည် အစာခြေလမ်းကြောင်းကို သန့်စင်ပေးသည့်ပွတ်တိုက်မှုတစ်ခုကဲ့သို့ လုပ်ဆောင်သည်။ အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေရန် မလိုလားအပ်သောအညစ်အကြေးများကိုဖယ်ရှားပေးပြီးအူမကြီး ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးသည်။  အမျှင်ဓာတ်သည် အစာကြေမလွယ်သောကြောင့် အစာအိမ် မှတစ်ဆင့် ဖြည်းညင်းစွာရွေ့လျားသွားပြီး အချိန်ကြာ ကြာ  ဗိုက်ပြည့်စေသဖြင့်  ကိုယ်အလေးချိန်လျှော့ချရန်နှင့်  ထိန်းသိမ်းရန်ကူညီပေးနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများတွင်အစာစားပြီးချိန် သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကို လျှော့ချရန်အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများကို မည်သည့်ဆေးဝါးများနှင့်မဆိုအတူ အသုံးပြုနိုင်ပါသည်။ အင်ဆူလင်ကုသမှုခံယူနေရသောလူနာများတွင်လည်းအစာစားပြီးချိန်  သွေးတွင်းဂလူးကို့စ်မြင့်တက်မှုကိုလျှော့ချရာတွင်ကူညီနိုင်သည်။ ထို့ပြင် နေ့စဉ် အစား အစာများတွင် အမျှင်ဓာတ်များအသင့်အတင့် တိုးမြှင့်စားသုံးခြင်းဖြင့် အစာရှောင်ပြီးချိန် သွေးတွင်းဂလူး ကို့စ်နှင့်  အင်ဆူလင်ပမာဏ သိသိသာသာကျဆင်းသွားကြောင်းနှင့်  သွေးချိုဆီးချိုရောဂါမရှိသောသူများပင်လျှင် အင်ဆူလင်အာရုံခံနိုင်စွမ်းတိုးလာကြောင်း တွေ့ရသည်။

အကြံပြုချက်

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများထည့် စားသောအခါ ဖြည်းဖြည်းစားရန်သတိပြုပါ။ အမျှင်ဓာတ် ရုတ်တရက်တိုးလာခြင်းကြောင့် လေပွခြင်း၊ဝမ်းဗိုက်တင်းခြင်း၊ ဝမ်းလျှောခြင်းနှင့်ဝမ်းဗိုက်ကြွက် တက်ခြင်းကဲ့သို့သော အစာခြေလမ်းကြောင်းဆိုင်ရာအဆင်မပြေဖြစ်စေနိုင်သည်။    နေ့စဉ် အစားအစာများတွင် အမျှင်ဓာတ်ကို ရက်သတ္တပတ်အနည်းငယ် အတွင်း ဖြည်းဖြည်းချင်းထည့်စားခြင်းဖြင့် အစာခြေစနစ်ရှိ  သဘာဝဗက်တီးရီးယားများပြောင်းလဲမှုကိုထိန်းညှိပေးသည်။ထို့ပြင် ရေများများသောက်ပါကအမျှင်ဓာတ်က ရေကိုစုပ်ယူသောအခါ အစားအစာရွေ့လျားရန် အကောင်းဆုံးအလုပ်လုပ်ပြီးဝမ်းကိုပျော့ပျောင်းစေပါသည်။ အူ သို့မဟုတ်အစာအိမ်နှင့် ပတ်သက်သော ခွဲစိတ်မှုခံယူခြင်းနှင့် အစာခြေလမ်း ကြောင်း၏အစိတ်အပိုင်းများ ရောင်ရမ်းသောအခြေ အနေများတွင်အမျှင်ဓာတ်လျှော့စားရန် လိုအပ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် အမျှင်ဓာတ်ကြွယ်ဝသော နံနက်စာစားပါ။ ဆန်လုံးညို သို့မဟုတ် ဂျုံလုံးခေါက်ဆွဲ ကဲ့သို့သော ကာဗိုဟိုက်ဒရိတ်ကိုရွေးချယ်ပါ။  သစ်သီးများ၊  ဟင်းသီးဟင်းရွက်များ၊  အစေ့အဆန်များနှင့် ပဲအမျိုးမျိုးကို များများစားပါ။ ရေများများသောက်ပါ။ ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်များကိုအာရုံစိုက်ပါ။ အသုပ်များ၊  ဟင်းချိုများ၊  စွပ်ပြုတ်များ သို့မဟုတ် ပဲအမျိုးမျိုးဖြင့် ညစာကိုစတင်ပါ။ အဆာ ပြေအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အမျှင်ဓာတ် များသော သစ်သီးဝလံများ၊ သကြားမပါသော အခွံမာ သီးလက်တစ်ဆုပ် သို့မဟုတ် သစ်သီးခြောက်များနှင့်အစေ့အဆန်များကို    သရေစာအဖြစ်   ရွေးချယ်ပါ။

သွေးချိုဆီးချိုရောဂါရှိသူများတွင် အမျှင်ဓာတ်များသောအစားအစာများကို  လိုအပ်ချက်နှင့်လျော်ညီစွာ ဂရုစိုက်စားသုံးခြင်းဖြင့်ကျန်းမာရေးတိုးတက်ကောင်းမွန်စေကြောင်း ရေးသားလိုက်ရပါသည်။

Source: https://myawady.net.mm/stories

 

ဒေါက်တာသိင်္ဂီကျော်

ခရမ်းပင်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင်ပါဝင်သည်။ဟင်းသီးဟင်းရွက်ကို လူတို့နေ့စဉ်စားသုံး နေကြရသည်။ ထို့ကြောင့်ဟင်းသီးဟင်းရွက်သည်လူတို့၏နေ့စဉ်သုံးအစားအစာများဖြစ်သည်။ မြန်မာနိုင်ငံတွင်ဟင်းသီးဟင်းရွက်သည် မြို့ပြနှင့်ကျေးလက်ပါမကျန် နှစ်သက်စွာစားသုံးနေကြသည်။ ဟင်းသီးဟင်းရွက်များကို အမျိုးမျိုးပြုလုပ်၍စားသုံးကြသည်။ထိုဟင်းသီးဟင်းရွက်များတွင် ခရမ်းသီး လည်းပါဝင်သည်။ ခရမ်းသီးသည် အာဟာရဓာတ်အမျိုးမျိုးပါဝင်သည့်အပြင် ဆေးဖက်လည်းဝင်သည်။ မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသောအသီးဟင်းလျာ တစ်မျိုးလည်းဖြစ်သည်။ ခရမ်းသီးကို နှပ်စားကြသည်။ အခြားသီးနှံများဖြင့်လည်း ရောနှောစားကြသည်။ခရမ်းသီးကိုပါးပါးလှီးပြီး အသားတစ် မျိုးမျိုးညှပ်ကာကြော်စားလေ့လည်းရှိကြသည်။ ပြုတ်ပြီးတို့စားလေ့လည်းရှိသည်။ ခရမ်းသီးကို အများအားဖြင့် ကျေးလက်ဒေသများတွင် မိသားစုအပိုဝင်ငွေရရှိအောင်တစ်နိုင်စိုက်ပျိုးကြသလို တချို့ ဒေသများတွင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။

မူရင်းဒေသနှင့်ခရမ်းမျိုးများ

ခရမ်းပင်၏မူရင်းဒေသမှာ အိန္ဒိယနိုင်ငံဖြစ်သည်။မြန်မာအမည်တွင်ခရမ်းသီးဖြစ်ပြီး အင်္ဂလိပ်အမည်တွင် Egg Plant (or) Brinjal ဖြစ်သည်။ ရုက္ခဗေဒအမည်မှာSolanum Melongena ဖြစ်ပြီး မျိုးရင်းအမည်တွင် Solanaceae ဖြစ်သည်။ မြန်မာနိုင်ငံတွင်ခရမ်းအမျိုးအစားသုံးမျိုးရှိသည်။ ယင်းမှာပင်ထောင် (Upright)မျိုး၊ ပင်ပြန့်(Spread Type)မျိုးနှင့် တစ်ဝက်ပြန့်(Semi-Spread)မျိုးတို့ဖြစ်သည်။ ပင်ပြန့်မျိုး သည် သက်လျင်မျိုးများဖြစ်ပြီး ပင်ထောင်မျိုးများသည် သက်ကြီးမျိုးများဖြစ်သည်။ မြန်မာနိုင်ငံတွင်  ခရမ်းသီးကို အမျိုးအစားအားဖြင့် ခရမ်းရောင်ရှိသောခရမ်းရှည်သီး၊ အဖြူရောင်ရှိသော ဆင်စွယ်ခရမ်း၊ အဖြူရောင်နှင့်ခရမ်းရောင်ရှိသော ခရမ်းကြွပ်သီး၊ ခရမ်းခါး၊  ခရမ်းကစော့သီး၊ ခရမ်းခေါင်းသီး၊ အစုလိုက်အပြုံလိုက်သီးသည့် ခရမ်းပဒေသာသီးနှင့် ထောပတ်ခရမ်းဟူ၍အမျိုးမျိုးရှိသည်။ ဒေသ အလိုက်ခေါ်ဝေါ်သည့်အခေါ်အဝေါ်များလည်းရှိနိုင်သေးသည်။ အများအားဖြင့်ခရမ်းကိုအရှည်မျိုးနှင့်  အဝိုင်းမျိုးသာ  အကြမ်းအားဖြင့်သတ်မှတ်ထားသည်။ အရှည်မျိုးမှာ အလုံးသေးမျိုးနှင့်အလုံးကြီး မျိုး ဟူ၍လည်းကောင်း၊ အဝိုင်းမျိုးမှာလည်း အဝိုင်းအလုံးကြီးမျိုးနှင့် အဝိုင်းအလုံးသေးမျိုးဟူ၍ လည်းကောင်း ခွဲထားသည်။ အရောင်အားဖြင့်မူ ခရမ်းရောင်၊ အဖြူရောင်နှင့် အစိမ်းရောင်တို့ရှိကြသည်။

ခရမ်းစိုက်ပျိုးသင့်သည့်မြေနှင့်စိုက်နည်းစနစ်

ခရမ်းစိုက်ပျိုးသင့်သည့်မြေနှင့်စိုက်နည်းစနစ်ခရမ်းပင်စိုက်ပျိုးမည်ဆိုလျှင်  စိုက်ပျိုးသူများအနေဖြင့် သိထားသင့်သည့် စိုက်ပျိုးရေးနည်းစနစ်များကိုတင်ပြလိုသည်။ ခရမ်းပင်ကို မြန်မာနိုင်ငံ တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသများတွင်စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ခရမ်းပင်သည် ရေသွင်း ရေထုတ်လွယ်ကူပြီး မြေဆီသြဇာကြွယ်ဝသော သဲနုန်းမြေကိုကြိုက်နှစ်သက်သည်။ အာဟာရဓာတ်ကို အလွန်နှစ်သက်သောအပင်မျိုးဖြစ်သဖြင့်  အထူးသဖြင့်မြေသြဇာကောင်းသော  မြေမျိုးဖြစ်ရန်လိုသည်။ မြေချဉ်ငန်ကိန်းတွင်၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်းဖြစ်ရမည်။ ခရမ်းပင်ကြိုက်နှစ်သက်သော ရာသီဥတုတွင်အပူချိန်အားဖြင့် ၁၃ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်သည် အကောင်းဆုံး ဖြစ်သည်။

စီးပွားဖြစ်စိုက်ပျိုးလိုသူများအနေဖြင့် တစ်ဧကလျှင်မျိုးစေ့ ၃၀ ကျပ်သားနှုန်းစိုက်ပျိုးရသည်။  ခရမ်းကို မစိုက်ပျိုးခင် မြေပြင်ဖို့လိုသည်။  မြေပြင်ရာတွင် ထယ်သုံးစပ်မှလေးစပ်ထိုး၍ ထွန်ရေးညက်အောင် ထွန်ပေးရသည်။ ခရမ်းပင်ကိုပျိုးထောင်စိုက်ပျိုးသည်ကများသည်။ စာရေးသူတို့ဒေသမှာလည်း ပျိုးထောင်စိုက်ပျိုးကြသည်။  ပျိုးထောင်ရာတွင်  မြေဆွေး၊နွားချေးဆွေး၊ သစ်ရွက်ဆွေးတို့ဖြင့်  ၃ ပေအကျယ်၊အရှည်ပေ ၃၀ ပျိုးပေါင်ပြုလုပ်ကာ  မျိုးစေ့များကို တစ်တန်းနှင့်တစ်တန်း  ၄  ပေခန့်ခြားကာ  အစေ့ချပျိုးထောင်ရသည်။ ပြီးလျှင် ကောက်ရိုးပါးပါးအုပ်ပေးပြီး ရေပန်းကရားဖြင့်ရေပါးပါး လောင်းပေး ရသည်။

ကောက်ရိုးအုပ်ပေးခြင်းသည် အစိုဓာတ်ရရှိစေရန်နှင့်အစိုဓာတ်ကိုထိန်းပေးနိုင်စေရန်ဖြစ်သည်။ အပင် ပေါက်လာပါက   မဖွံ့ထွားသောအပင်  သို့မဟုတ်လှီသောအပင်များကိုနုတ်ပေးရသည်။ ပျိုးထောင်ပြီး အပင်ပေါက်ကာ ပျိုးပင်အရွက်ငါးရွက်ခန့်ရရှိလာလျှင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ပင်ကြား၂ ပေ၊ တန်းကြား ၃ ပေ သို့မဟုတ် ၄ ပေခြား စိုက်ပျိုးနိုင်သည်။   ကျင်းတူး၍စိုက်ပျိုးလေ့ရှိသည်။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် သတိပြုရမည့်အချက်တွင်  ပျိုးပင်များကို  နုတ်ယူရာတွင် ညနေခင်းမှနုတ်ယူရမည်။ နုတ်ယူပြီးပျိုးပင်များကို မြေချစိုက်ပျိုးရာတွင် အမြစ်ဖြောင့် တန်းအောင်ချစိုက်ရမည်။ စိုက်ပျိုးချိန်၌ အစိုဓာတ်လုံလောက်စွာရရှိရမည်။ ခြောက်သွေ့သောဒေသ ဖြစ်ပါက စိုက်ပျိုးပြီးအပင်ငယ်များ နေပူဒဏ်ကာကွယ်ရန် စီမံပေးရမည်။ တချို့က သစ်ကိုင်းများအုပ် ပေးခြင်း၊ အလင်းဖောက်မိုးကာများမိုးပေးခြင်းပြုလုပ်ကြသည်။ ပျိုးပင်များအမြစ်စွဲသွားမှ အကာအကွယ် များကိုဖယ်ပေးရမည်။ တချို့က မြေဧရိယာမရှိသဖြင့် မိသားစုတစ်နိုင်စားသုံးနိုင်ရန် စိုက်ပျိုးကြသည်။ 

အပင်ပြုစုခြင်းနှင့်မြေသြဇာကျွေးခြင်း

စိုက်ပျိုးပြီးခရမ်းပင်များကို  အပင်ပြုစုခြင်း၊မြေသြဇာကျွေးခြင်းတို့ကို   ပြုလုပ်ပေးရသည်။အချိန်မှန်ပေါင်းရှင်းခြင်း၊ မိုးခရမ်းဖြစ်ပါက စိုက်ခင်းကိုရေမဝပ်စေရန်ပြုလုပ်ပေးရမည်။ မြေတောင်မြှောက်ပေးခြင်းတို့ပြုလုပ်ပေးရမည်။ ဆောင်းစိုက်ခင်းဖြစ်ပါက အစိုဓာတ်ကိုထိန်းပေးနိုင်စေရန် ကောက်ရိုး၊မြက်ခြောက်များအုပ်ပေးခြင်း၊ မြေတောင်မြှောက်ချိန်တွင် ယူရီးယားမြေသြဇာကိုထပ်မံထည့်သွင်းပေးရသည်။ မြေသြဇာအနေဖြင့် တစ်ဧကလျှင် သဘာဝမြေသြဇာဖြစ်သည့်နွားချေး ၁၀ တန်၊ ဓာတ်မြေသြဇာအနေဖြင့် ယူရီးယား ၅၀ ကီလို နှစ်အိတ်၊ ပိုတက် ၅၀ ကီလို နှစ်အိတ်ကျွေးပေးရသည်။ ယူရီးယားဓာတ်မြေသြဇာကို မြေပြင်စဉ် ၅၀ ကီလိုတစ်အိတ်ထည့်ပေးရပြီး စိုက်ပျိုးပြီး တစ်လနှင့်နှစ်လအကြာတွင်၅၀ ကီလိုကိုထပ်ထည့်ပေးရသည်။  အသီးသီးချိန်ရောက်လျှင်သတိပြုရမည့်အချက်ရှိသည်။ ထိုအချက်မှာအသီး၏အလေးချိန်ကြောင့် အပင်ယိုင်လဲခြင်းဖြစ်သည်။ အပင်ယိုင်လဲခြင်းမရှိအောင် တိုင်ထောင်ပေးခြင်းပြုလုပ်ရသည်။ ပိုးမွှားရောဂါအနေဖြင့် ခရမ်းခေါင်ညွန့်ထိုးပိုးကျတတ်သည်။ ထိုအခါ ခရမ်းပင်၏ခေါင်ညွန့်များညှိုးခြောက်လာတတ်သည်။ သီးလုံးဖောက်ပိုးလည်း ကျရောက်တတ်သည်။ ထိုအခါပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ရောဂါအနေဖြင့် ပင်ညှိုးရောဂါဖြစ်တန်သည်ကိုသတိပြုသင့်သည်။

ခရမ်းစိုက်ပျိုးအပိုဝင်ငွေတိုး

ခရမ်းသီးခူးဆွတ်မည်ဆိုပါက အသီး၏ပုံပန်းသဏ္ဌာန်ကိုကြည့်၍ ခူးဆွတ်နိုင်သည်။  အဝိုင်းသီးများကို ပန်းပွင့်ပြီး ၂၅ ရက်မှ ရက် ၃၀ အတွင်းခူးဆွတ်နိုင်သည်။ လုံးရှည်မျိုးကို ပန်းပွင့်ပြီး ရက် ၃၀ တွင်လည်းကောင်း၊  အလုံးရှည်နှင့်  အလွန်ရှည်သောအသီးမျိုးများကို ၃၅ ရက်မှ ၄၀ ရက်အကြာတွင်လည်းကောင်း  ခူးဆွတ်နိုင်သည်။ အသီးအရောင်တောက်နေသောအချိန်သည် ခူးဆွတ်စားသုံးရန်အကောင်းဆုံးဖြစ်ပြီး အရောင်မှိုင်းပြီး အသီးရင့်သွားပါက စားသုံးရန်မသင့်တော့ပေ။ အသီးကိုရက်ပတ်ဖြင့် ပုံမှန်ခူးပေးနိုင်သည်။ တစ်ဧကတွင် ပိဿာချိန် ၆၀၀၀ မှ ၈၀၀၀ အထိထွက်သည်။ ခရမ်းသီးကိုတချို့ဒေသများတွင် အလေးချိန်ဖြင့်ရောင်းကြသလို တချို့ဒေသများတွင် တစ်လုံးကိုသတ်မှတ်စျေးနှုန်းဖြင့် တစ်လုံးချင်းရောင်းကြသည်။ ခရမ်းသီးခူးဆွတ်ပြီးအသီးထွက်နှုန်းကျဆင်းသွားပါက လမိုင်းထားခြင်းဖြင့်အသီးထပ်မံရရှိနိုင်သည်။ ပင်ခြေမှ သုံးဆစ်ခန့်ချန်၍  ၆ လက်မ မှ ၈ လက်မအမြင့်မှအပင်ကိုဖြတ်၍  အာဟာရထပ်မံကျွေးခြင်းဖြင့် တစ်လခန့်အကြာတွင် အသီးထပ်မံခူးဆွတ်နိုင်သည်။ ခရမ်းသီးအထွက်နှုန်း ပိဿာ ၈၀၀၀  ထွက်လျှင် အမြတ်ငွေ ၁၀ သိန်းအထိရရှိနိုင်သည်။ စာရေးသူဆို အိမ်နောက်ဖေးစျေးဆိုင်တည်ဟူသောစကားအရ အိမ်နောက်ဖေး၌ ခရမ်းပင် ၄-၅ ပင်စိုက်ပျိုးထားရာ  စျေးမှဝယ်မစားရပေ။  မိသားစုတစ်နိုင်စိုက်ပျိုးထားခြင်းဖြစ်သည်။ခရမ်းသီး သုံး၊ လေးလုံးကိုကြိုးစည်း၍လည်း ရောင်းကြသည်။ 

စာရေးသူအသိတစ်ယောက်ဆို   နောက်ဖေးခြံအတွင်း၌   ခရမ်းပင်များစိုက်ပျိုးထားရာ မိသားစုစားသုံးပြီး ပိုလျှံသည်များကို ရောင်းချနိုင်သဖြင့် မိသားစုအပိုဝင်ငွေရရှိသည်ကိုတွေ့ရသည်။

တစ်ခါတစ်ရံဝယ်သူရှိသော်လည်း အသီးနည်းသဖြင့်မရောင်းချရပေ။ ထို့ကြောင့်ခရမ်းသီးသည် စားသုံးသူများသောအသီးဖြစ်ကြောင်းသိနိုင်သည်။ ထို့ကြောင့်ခရမ်းပင်ကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်သော်လည်းကောင်း၊ အကျိုးအမြတ်များများရရှိရန်အတွက် စီးပွားဖြစ်သော်လည်းကောင်းစိုက်ပျိုးသင့်သည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံအနေဖြင့် မိသားစုအပိုဝင်ငွေအတွက်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း သီးပင်စားပင်များကို စိုက်ပျိုးသင့်သည်။

ထိုအခါ  အခြားမှဝယ်ယူမစားရသဖြင့်  ငွေကုန်သက်သာသလို  ပိုလျှံသည်များကိုရောင်းချခြင်းအားဖြင့် အပိုဝင်ငွေကိုရရှိစေသည်။ ခရမ်းသီးသည်ကျန်းမာရေးကိုလည်း အကျိုးပြုသည်။  မိသားစုအတွက် အပိုဝင်ငွေကိုလည်းရရှိစေသည်။ ထို့ကြောင့်စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်သည်။ ယခုအခါ ခရမ်းမျိုးစေ့များကိုစိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံနှင့် ဇီဝဌာနကလည်း ခရမ်းမျိုးများကိုသုတေသနပြုလုပ်၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် နိုင်ငံတော်မျိုးစေ့ကော်မတီမှ မှတ်ပုံတင်ခွင့်ရရှိထားသော မျိုးစေ့ထုတ်ကုမ္ပဏီများကလည်း ရောင်းချပေးလျက်ရှိသဖြင့် မိမိကြိုက်နှစ်သက်ရာမျိုးများကိုရွေးချယ်ဝယ်ယူစိုက်ပျိုးခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိစေဖို့   ခရမ်းစိုက်ပျိုးကြပါစို့ဟုသာတိုက်တွန်းလိုက်ချင်ပါသည်။     ။

Source: https://myawady.net.mm/stories

 

ကိုကျော်စွာ(ကျိုက်ပိ)