အစ္စရေးနှင့်ဟားမက်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်ခြင်းအပေါ် ကြိုဆိုဟု တရုတ်နှင့်အိန္ဒိယပြော
အစ္စရေးနှင့်ပါလက်စတိုင်းမှ ဟားမက်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချမှတ်နိုင်ခြင်းအပေါ် ကြိုဆိုကြောင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။
ယခုချမှတ်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား ထိရောက်စွာ ဖော်ဆောင်ခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်ကြား ပြည့်စုံကျယ်ပြန့်သည့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ထပ်မံချမှတ်နိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကော့ကျာကွမ်က ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားသည်။
အလားတူပင် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက် ထုတ်ပြန်နိုင်ခြင်းအပေါ် အိန္ဒိယနိုင်ငံက ကြိုဆိုကြောင်း၊ ယခုကဲ့သို့ သဘောတူညီချက်ချမှတ်နိုင်ခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို ဘေးကင်းစွာထောက်ပံ့ပေးနိုင်မည်ဟုအိန္ဒိယအစိုးရကမျှော်လင့်ကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ဓားစာခံများအားပြန်လွှတ်ပေးရန်၊ နှစ်ဦးနှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရန်နှင့် သံတမန်နည်းလမ်းအရတွေ့ဆုံဆွေးနွေးကြရန် အစဉ်အမြဲတိုက်တွန်းခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးနှင့် ဟားမက်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံတို့၏ ကြားဝင်ဖျန်ဖြေမှုဖြင့် ဇန်နဝါရီလ ၁၅ ရက်တွင် ချမှတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီချက်သည် ဇန်နဝါရီလ ၁၉ ရက်မှစတင်အသက်ဝင်လာမည်ဖြစ်သည်။
သဘောတူညီချက်အရ အစ္စရေးအနေဖြင့် ၎င်းတို့၏တပ်များကို လူနေထူထပ်သည့်ဒေသများမှ ဂါဇာဒေသ၏ ဆင်ခြေဖုံးသို့ ဆုတ်ခွာမည်ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများတင် ဆောင်ထားသည့် ကုန်တင်ယာဉ် အစီးပေါင်း ၆၀၀ ခန့်ကို နေ့စဉ် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
Source: Myawady Web Portal