သမ္မတရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ ဖုန်းဖြင့် ဆွေးနွေး
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဇန်နဝါရီ ၁၇ ရက် (သောကြာနေ့)က ဖုန်းဆက်သွယ်ပြောကြားခဲ့ပါသည်။ ထိုဖုန်းပြောဆိုမှုသည် ၎င်းတို့နှစ်ဦး၏ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖုန်းတိုက်ရိုက် ပြောဆိုကြခြင်း ဖြစ်ပါသည်။
ဒေါ်နယ်ထရမ့် သမ္မတကျမ်းသစ္စာဆိုပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် ထရမ့်နှင့် ရှီတို့က TikTok ကိစ္စ၊ fentanyl နှင့် Taiwan ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
“ယခုလိုဖုန်းပြောမှုသည် တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံလုံးအတွက် အလွန်ကောင်းမွန်မှုရှိပါကြောင်း၊ ပြဿနာများကို အတူဖြေရှင်းရန် စတင်နိုင်တော့မည် ဖြစ်သည်ဟု မျှော်လင့်ပါကြောင်း၊ သမ္မတရှီနှင့် မိမိတို့သည် ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းလာပြီး ဘေးကင်းစေရန်အတွက် တတ်နိုင်သမျှလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း” ထရမ့်က ၎င်း၏ Truth Social တွင် ရေးသားထား ပါသည်။
ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၀ တွင် ပြုလုပ်မည့် ၎င်း၏ သမ္မတကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြား ခဲ့သော်လည်း သမ္မတရှီကျင့်ဖျင်က ၎င်းကိုယ်စား ဒုတိယသမ္မတ Han Zheng ကို အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက် (သောကြာနေ့)က ပြောကြားထားပါသည်။
ကိုးကား -AP