ကနေဒါနိုင်ငံဝန်ကြီးချုပ် ရာထူးနေရာအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း၏ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွင် ပါလက်စတိုင်းထောက်ခံသူများက ဆန္ဒပြ

News Image

  • ကနေဒါနိုင်ငံဝန်ကြီးချုပ် ရာထူးနေရာအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း၏ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းတွင် ပါလက်စတိုင်းထောက်ခံသူများက ဆန္ဒပြ

ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Chrystia Freeland သည် လာမည့် လစ်ဘရယ်ပါတီခေါင်းဆောင်နှင့် ၀န်ကြီးချုပ်ရာထူးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရန် မဲဆွယ်စည်းရုံးရေးကမ်ပိန်းများ ပြုလုပ်လျက်ရှိသည်။

ဗဟိုဘဏ်အကြီးအကဲဟောင်းဖြစ်သူ Mark Carney အား နောက်လာမည့် လစ်ဘရယ်ပါတီခေါင်းဆောင်နှင့် ၀န်ကြီးချုပ်အဖြစ် ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး Mélanie Joly ၏ ပြောကြားခဲ့မှုနှင့် ပါလက်စတိုင်း ထောက်ခံသူများ၏ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဇန်နဝါရီ ၁၉ ရက် (တနင်္ဂနွေနေ့)တွင် ပြုလုပ်ခဲ့သည့် Freeland ၏ မဲဆွယ်စည်းရုံးရေးကမ်ပိန်း ပျက်ပြားခဲ့ရသည်။

ကနေဒါနိုင်ငံတွင် အမေရိကန်နှင့်ကုန်သွယ်ရေးတင်းမာမှုများ တိုးမြင့်လာကာ နိုင်ငံရေးအကြပ်အတည်းများ ပိုမိုပြင်းထန်လာခြင်းကြောင့် ပြီးခဲ့သည့်လတွင် ဘဏ္ဍာရေးဝန်ကြီး Freeland က Trudeau အစိုးရအဖွဲ့မှ ရုတ်တရက်နုတ်ထွက်သွားပြီး မကြာမီ လစ်ဘရယ်ပါတီခေါင်းဆောင်၊ ကနေဒါဝန်ကြီးချုပ်ဖြစ်သူ Justin Trudeau လည်း နုတ်ထွက်သွားခဲ့ရသည်။ ယခုအခါ Freeland သည် လစ်ဘရယ်ပါတီ ခေါင်းဆောင်သစ်နှင့် ကနေဒါ၀န်ကြီးချုပ်ရာထူးနေရာများတွင် အရွေးချယ်ခံနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

လစ်ဘရယ်ပါတီခေါင်းဆောင်သစ်ကို လာမည့် မတ်လ ၉ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ပြီး ထိုအချိန်အထိ Trudeau က ၀န်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူ သွားမည်ဖြစ်သည်။

Mark Carney သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်အတိုက်အခံခေါင်းဆောင် Pierre Poilievre ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ကနေဒါထုတ်ကုန်များအပေါ်တွင် ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ Donald Trump ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံး သမ္မတလောင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က ပြောကြားခဲ့သည်။

ကိုးကား-AP News