ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှု စတင်ခြင်းအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကြိုဆို

News Image

  • ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှု စတင်ခြင်းအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ကြိုဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအားလွှတ်ပေးခြင်းအပေါ်ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇန်နဝါရီ ၁၉ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ဖော် ရေးသားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ် ရပ်စဲမှုစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများအား လွှတ်ပေးခြင်းအပေါ် ကုလသမဂ္ဂက အချိန်မရွေး ထောက်ခံအားပေးကြောင်း၊ အခက် အခဲကြုံတွေ့နေရဆဲဖြစ်သော ပါလက်စတိုင်း ပြည်သူများစွာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ လက်ရှိအရေးကြီးဆုံးမှာ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ရာတွင် ရင်ဆိုင်ရသည့် ကြီးမားသော လုံခြုံရေးနှင့် နိုင်ငံရေးအတားအဆီးများကို အပစ်အခတ်ရပ်စဲမှုက ဖယ်ရှားပေးရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။ အစ္စရေးနှင့်ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ပြီးဖြစ်ကြောင်း ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammed bin Abdulrahman bin Jassim Al Thani က ဇန်နဝါရီ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်၏ ပထမအဆင့်ကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကာ အစ္စရေးမှလွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ပါလက်စတိုင်းများနှင့် လဲလှယ်ရန်အတွက် ဟားမက်စ်သည် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသူ ၃၃ ဦးကို လွှတ်ပေးသွားမည်ဖြစ်သည်။ ဟားမက်စ် ဘက်မှပေးပို့သော ဇန်နဝါရီ ၁၉ ရက်တွင် လွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၃ ဦး၏ အမည်စာရင်းကို လက်ခံရရှိပြီးဖြစ်ကာ ဂါဇာ အပစ်အခတ်ရပ်စဲ၍ အကျဉ်းသားလဲလှယ်သည့် စာချုပ်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်အသက်ဝင်မည်ဟု အစ္စရေး ဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကိုးကား- ဆင်ဟွာ

Photo: www.aa.com.tr