ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ လျာထားချက်ထက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

News Image

  • ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံစုံ  လျာထားချက်ထက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ်   ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက် ၅၇၇ ဧက စိုက်ပျိုးရန်လျာထားသော်လည်း ၁၀၆၇ ဧက စိုက်ပျိုးနိုင်သည့်အတွက်လျာထားချက်ထက်    ပိုမိုစိုက်ပျိုးနိုင်ပြီး  ဟင်းသီးဟင်းရွက်စိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ချောင်းရေတင်ပြီး ပန်းမုန်လာ၊ မုန်လာထုပ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊  ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံများစိုက်ပျိုးထားပါတယ်။ ခရမ်း၊ ကိုက်လန်သီးနှံများ  သီးနှံပေါ်ချိန်  ဈေးကောင်းရရှိပြီးအကျိုးအမြတ်ရရှိပါတယ်။  တိုးချဲ့စိုက်ပျိုးဖို့ ပြင်ဆင်လျက်ရှိပါတယ်” ဟု  မန်ကျည်းအင်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးချစ်မိုးကပြောသည်။

ကျွန်းလှမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနကဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအားသဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်သုံးစွဲရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

စိုက်ပျိုးသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးနိုင်မည်ဆိုပါက နိုင်ငံအတွင်းစားသုံးမှုဖူလုံစေရုံမျှမက ပြည်ပပို့ကုန်အဖြစ်ပါတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့်ဈေးကွက်လိုအပ်ချက်ဖြစ်သည့်  ဝယ်လိုအားမျှတလာပါက  ကုန်ဈေးနှုန်းတည်ငြိမ်၍လူမှုစီးပွားဘဝလည်းမြင့်မားတိုးတက်လာမည်ဖြစ်သဖြင့်  စိုက်ပျိုးသီးနှံများအထွက်နှုန်းတိုးတက်စေရေး    ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal