အိမ်မဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၁၀၈၁ ဧက စိုက်ပျိုးပြီးစီး

News Image

  • အိမ်မဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၁၀၈၁ ဧက စိုက်ပျိုးပြီးစီး

မြောင်းမြ    ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၁၀၈၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အိမ်မဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၁၀၈၁ ဧက စိုက်ပျိုးရန်လျာထားပြီ ယခုနှစ် မေလပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ ဧကအားလုံး ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးပြီးဖြစ်သော စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်၊ ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန်၊ သဘာဝဘေးနှင့် အခြားအကြောင်းများကြောင့် ပျက်စီးလေလွင့်မှုမရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စိုက်ခင်းများထိ ကွင်းဆင်းသွားရောက် ကင်းထောက်မှတ်တမ်းယူပြီး တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ စားဖိုဆောင်သီးနှံ ၁၀၈၁ ဧက စိုက်ပျိုးဖို့ လျာထားခဲ့ပါတယ်။ လက်ရှိ လျာထားဧကအားလုံး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးဖြစ်ပါတယ်။ စိုက်ပျိုးထားတဲ့ အသီးအနှံတွေ ပိုးမွှားအန္တရာယ်ကင်းရှင်းစေဖို့၊ စားဖိုဆောင်သီးနှံတွေ လျာထားပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ဖို့၊ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်ဖို့၊ ဈေးကွက်ဝင် အသီးအနှံတွေဖြစ်စေဖို့နဲ့ စိုက်ပျိုးရေးနည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို မိုးသီးနှံမစိုက်မီ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ ဈေးကွက်ဝင်တဲ့ သီးနှံနဲ့ မျိုးကောင်းမျိုးသန့်တွေကို အများဆုံး စိုက်ပျိုးတာဖြစ်ပါတယ်” ဟု မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြသည်။

အိမ်မဲမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် ပန်းဂေါ်ဖီ၊ နံနံ၊ မုန်လာ၊ ဘူးသီး၊ တိုင်ထောင်ပဲ၊ ခရမ်းသီး၊ သင်္ဘောသီး၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ ပဲပုစွန်၊ ဆလပ်ရွက်၊ ငရုတ်ကောင်း၊ ချဉ်ပေါင်ရွက် စသည့် သီးနှံများကို အများဆုံး စိုက်ပျိုးထားကြောင်း သိရသည်။

စားဖိုဆောင်သီးနှံများကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စားဖိုဆောင်သီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြ၍ သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ