အမေရိကန်က USAID အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့
အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) အဖွဲ့အတွက် ၉ နှစ်ကျော်အတွင်း ဒေါ်လာ ၃၃၀ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း မီဒီယာတစ်ခုက ဖေဖော်ဝါရီလ ၆ ရက်တွင် ဖော်ပြသည်။
အမေရိကန်အစိုးရသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အဆိုပါငွေကြေးများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏသည် ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတော် အသုံးစရိတ်၏ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်သမ္မတများအနက် ဒီမိုကရက်များသည် ရီပတ်ဘလစ်ကန်များနှင့် နှိုင်းယှဉ်ပါက USAID အဖွဲ့အား ငွေကြေးထောက်ပံ့မှု ပိုမိုလုပ်ဆောင်ခဲ့ပြီး ယခင်သမ္မတဟောင်း ဘားရက်အိုဘားမား လက်ထက်၂၀၁၆ ခုနှစ်တွင် USAID အတွက်အသုံးစရိတ်အဖြစ် ဒေါ်လာ ၅၀ ဒသမ ၃ ဘီလီယံ၊ ဂျိုးဘိုင်ဒင်လက်ထက်တွင်မူ တစ်နှစ်လျှင် ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံမှ ၅၀ ဘီလီယံအထိ အသုံးပြုခဲ့သော်လည်း ဒေါ်နယ်ထရမ့် လက်ထက်တွင် ဒေါ်လာ ၂၅ဒသမ ၅ ဘီလီယံမှ ၂၆ ဒသမ ၇ ဘီလီယံ အထိသာ အသုံးပြုခဲ့ကြောင်း သိရသည်။
USAID အဖွဲ့သည် အမေရိကန်ပြည်သူများ၏ အခွန်ဘဏ္ဍာများကို အသုံးပြု၍ ဇီဝလက်နက်များ ထုတ်လုပ်ရန် သုတေသန လုပ်ဆောင်လျက်ရှိသည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အငြင်းပွားဖွယ် အကြောင်းရင်းများကြောင့် USAID အဖွဲ့၏လုပ်ဆောင်ချက်များကို ထရမ့် အစိုးရက ဖေဖော်ဝါရီလ ၃ရက်မှစ၍ ရပ်ဆိုင်းခဲ့ပြီး ဝါရှင်တန်မြို့ရှိ ရုံးချုပ်ကိုလည်း ပိတ်ပစ်ခဲ့သည်။ ထို့ပြင် USAID အဖွဲ့က လုပ်ဆောင်နေသည့် အစီအစဉ်များကိုလည်း သမ္မတထရမ့်က ရက်ပေါင်း ၉၀ ကြာရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal