ဖင်လန်နှင့် ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် ဒေါ်နယ်ထရမ့် တောင်းဆိုလာနိုင်ဟု ကျွမ်းကျင်သူပြောကြား

News Image

  • ဖင်လန်နှင့် ဆွီဒင်ကို နေတိုးအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရန် ဒေါ်နယ်ထရမ့် တောင်းဆိုလာနိုင်ဟု ကျွမ်းကျင်သူပြောကြား

ရုရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး တိုးတက်လာစေရန် ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့ကို မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့(နေတိုး)မှ ဖယ်ရှားရန် ဒေါ်နယ်ထရမ့်က ဖိအားပေး တောင်းဆိုလာနိုင်ကြောင်း ဖင်လန်နိုင်ငံ နိုင်ငံတကာရေးရာကျွမ်းကျင်သူ Jussi Lassila က ပြောကြားလိုက်ပါသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက် ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့သည် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ကြရာ ယူကရိန်းစစ်ပွဲဖြစ်ပွားရသည့် အခြေခံ အကြောင်းအရင်းကို ဖယ်ရှားပေးရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်ကို ကရင်မလင်ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ ဒေါ်နယ် ထရမ့်သည် ရုရှားနှင့်ဆက်ဆံရေးတိုးတက်လာစေရန် ၁၉၉၇ ခုနှစ် နောက်ပိုင်း နေတိုးအဖွဲ့၏အနေအထား ရောက်ရှိအောင် လုပ်ဆောင်လာနိုင်ကြောင်း၊ မိမိတို့အနေဖြင့် လက်ရှိအခြေအနေတွင် သည်းခံမှုကို ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ကျွမ်းကျင်သူက ပြောကြားခဲ့ပါသည်။

ဖင်လန်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် နေတိုးအဖွဲ့ဝင်ဖြစ်လာပြီး၊ ဆွီဒင်နိုင်ငံသည် ၂၀၂၃ ခုနှစ်၊ မေလတွင် နေတိုးအဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။               

၁၉၉၇ ခုနှစ်၊ မေလ ၅ ရက်တွင် နေတိုးနှင့် ရုရှားအကြား NOTO- Russia Founding Act စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်မှာ နေတိုးနှင့် ရုရှားအကြား အငြင်းပွားမှုများကို စုပေါင်းဖြေရှင်းရန်နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်ခဲ့ရာ ဥရောပလုံခြုံရေးအတွက် လွန်စွာအရေးပါလှပါသည်။ 

“ထိုစာချုပ်အရ နေတိုးသည် အဖွဲ့ဝင် တိုးချဲ့ခွင့် ရရှိခဲ့ကြသည်။ အမှန်တကယ်တွင် နေတိုး၏ အဖွဲ့ဝင်တိုးချဲ့မှုမှာ ရုရှားအတွက် ခံယူရန် မလွယ်ကူခဲ့ပေ။ နောက်ပိုင်းတွင် နေတိုးအဖွဲ့ဝင်ဖြစ်လာကြသည့် ပိုလန်၊ ဟန်ဂေရီနှင့် ချက်ကိုစလိုဗက်ကီးယားတို့သည် ရုရှားအတွက် လုံခြုံရေးအန္တရာယ်ဖြစ်လာမည်” ဟု ရုရှားက မျှော်မှန်းခဲ့သည်။ စာချုပ်အရ ၁၉၉၇ ခုနှစ်က နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခဲ့ခြင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် နေတိုးအဖွဲ့ဝင်များ တိုးချဲ့လာမှုမှာ ရုရှားအတွက် နာကျင်စရာ ဖြစ်လာခဲ့ပါတော့သည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃