တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက် ထိန်းသိမ်းရန် အလွန်အရေးကြီးဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
တရုတ်-ဂျပန်ဆက်ဆံရေး တိုးတက်မှုအရှိန်အဟုန်ကို လွယ်လင့်တကူ ရရှိခဲ့ခြင်းမဟုတ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆက်လက်ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ် ၂၂ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တိုကျိုမြို့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကဲရှိ အိဝါယနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နီးကပ်သော အိမ်နီးချင်းများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ နှစ်နိုင်ငံဆက်ဆံရေး နယ်ပယ်ထက်ပင် ကျော်လွန်သည့် အရေးပါမှုရှိကြောင်း၊ နှစ်ဖက်အနေဖြင့် သမိုင်းကြောင်းကို ရင်ဆိုင်ပြီး အနာဂတ်ကိုမျှော်တွေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး၏ မှန်ကန်သင့်မြတ်သောလမ်းကြောင်းကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ နယ်ပယ်အသီးသီးတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများ နက်နက် ရှိုင်းရှိုင်း ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်၍ ရေရှည်တည်တံ့သော အပြန်အလှန်ဆက်ဆံမှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအတွက်သာမက အာရှဒေသ၏ငြိမ်းချမ်းမှု၊ သာယာဝပြောမှုအတွက်လည်း ပံ့ပိုးထောက်ကူရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။
သမိုင်းကြောင်းကို မှန်ကန်စွာနားလည်ပြီးသုံးသပ်ခြင်းက ဂျပန်နိုင်ငံအနေဖြင့် စစ်ပြီးခေတ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ပေါင်းစည်းခြင်းအတွက် အရေးပါသော မရှိမဖြစ်လိုအပ်ချက်ဖြစ်သလို အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရေးအတွက်လည်း နိုင်ငံရေး အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး ဂျပန်အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိကဝတ်ပြုမှုကို လိုက်နာစောင့်ထိန်းခြင်းရှိ၊မရှိ စမ်းသပ်အကဲဖြတ်မည့် အရေးပါသော မှတ်ကျောက်တစ်ခုလည်း ဖြစ်ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား နိုင်ငံရေးဆိုင်ရာ ကြေညာချက်လေးရပ်၌ သမိုင်းကြောင်း၊ ထိုင်ဝမ်အရေးကိစ္စတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြတ်သားသော ပြဋ္ဌာန်းချက်များ ပါဝင်ကာ ယင်းပြဋ္ဌာန်းချက်များကို တိတိကျကျ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။
ကိုးကား- ဆင်ဟွာ