အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရုရှားအမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်မည်ဟု ရုရှားမျှော်လင့်
ဆိုဗီယက်ပြည်ထောင်စုက ၁၉၄၅ ခုနှစ်တွင် နာဇီဂျာမနီကို အနိုင်ရခဲ့သည့် နှစ် ၈၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကို ဂုဏ်ပြုဧည့်သည်တစ်ဦးအနေဖြင့်မော်စကိုက ကြိုဆိုရန်မျှော်လင့်ထားသည်ဟု ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Andrey Rudenko ကပြောကြားချက်အရသိရှိရပါသည်။
ရုရှားနိုင်ငံသည် မေလ ၉ ရက်နေ့တွင်ကျင်းပမည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်ရန် မိတ်ဖက်နိုင်ငံများ၏ ခေါင်းဆောင်များကို ဖိတ်ကြားထားခဲ့ခြင်းဖြစ်သည်။
နှစ်စဉ် မေလ ၉ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုက နာဇီဖက်ဆစ် ဝါဒကို အနိုင်ရရှိခဲ့သည့် အထိမ်းအမှတ်အောင်ပွဲအခမ်းအနားကို ကျင်းပ လေ့ရှိသည်။
အဆိုပါအခမ်းအနားသို့ မိုဒီ တက်ရောက်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု အိန္ဒိယကာကွယ်ရေးဌာနသတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ TASS သတင်း ဌာနက ဖော်ပြခဲ့သည်။
နယူးဒေလီနှင့်မော်စကိုတို့သည် ရင်ပြင်နီတွင်ကျင်းပပြုလုပ်မည့် စစ်ရေးပြ အခမ်းနားသို့ အိန္ဒိယတပ်ဖွဲ့ဝင်များ ပါဝင်ချီတက်နိုင်ရေး ဆွေးနွေးခဲ့ကြ ကြောင်း သတင်းအေဂျင်စီများက အစောပိုင်းတွင် ဖော်ပြခဲ့ကြသော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဖေဖော်ဝါရီလတွင် ရုရှားနှင့် အိန္ဒိယတို့သည် BRICS နိုင်ငံများ၏ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ရန် ကာကွယ်ရေး ဆိုင်ရာ လက်တွေ့ဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြားပူးပေါင်း ဆောင်ရွက်မှုပုံစံများကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်သည် နိုင်ငံတော်အဆင့်ခရီးစဉ်အနေဖြင့် အဆိုပါအခမ်းအနားသို့ တက်ရောက် မည်ဟု လွန်ခဲ့သောသတင်းပတ်က ပြောကြားခဲ့ပြီး ရှီကလည်း ပူတင်အား စက်တင်ဘာလတွင်ကျင်းပမည့် နယ်ချဲ့ဂျပန်အား အောင်မြင်မှု အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းသိရှိရပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂