ယူကရိန်းအရေးထဲသို့ တရုတ်ကိုဆွဲခေါ်ခဲ့ခြင်း မရှိဟု ရုရှားပြော
လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခတွင် တရုတ်နိုင်ငံကိုဆွဲခေါ်ခဲ့ခြင်း မရှိကြောင်း၊ တရုတ်နိုင်ငံသည် မည်သည့်ဘက်ကိုမျှမလိုက်သည့် နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ရုရှားသမ္မတရုံးက ဧပြီ လ ၁၀ ရက်တွင်ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခ အတွင်းသို့ ဆွဲခေါ်ခံနေရသည်ဟု ယူကရိန်း သမ္မတဇီလန်စကီ၏ ပြောဆိုမှုကို ရုရှား အစိုးရက ယခုကဲ့သို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသား အနည်းဆုံး ၁၅၅ ဦး သည် ယူကရိန်းပဋိပက္ခအတွင်း ရုရှားနိုင်ငံ ဘက်မှ ပါဝင်တိုက်ခိုက်နေသည်ဟု ယူကရိန်းထောက်လှမ်းရေးက သိရှိထားသည်ဟု ယူကရိန်းသမ္မတကထုတ်ဖော်ပြောလာမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ယူကရိန်းအစိုးရကို ကန့်ကွက်ထားသည်။
ရုရှားအစိုးရသည် လူမှုကွန်ရက်မှတစ်ဆင့် တရုတ်နိုင်ငံသားများကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖိတ်ခေါ်နေသည်ကိုလည်း တရုတ်အစိုးရက သိရှိကြောင်း ယူကရိန်းသမ္မတက စွပ်စွဲထားသည်။
တရုတ်နိုင်ငံသည် ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန်သာ အားပေးထောက်ခံသူဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားများကိုလည်း ပြည်ပပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် အမြဲတစေ တိုက်တွန်းလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
Source: https://myawady.net.mm/