တိုးတက်မှုမရှိပါက အမေရိကန်သည် ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ရက်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားမည်ဟု Rubio သတိပေး

News Image

  • တိုးတက်မှုမရှိပါက အမေရိကန်သည် ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ရက်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားမည်ဟု Rubio သတိပေး

“တိုးတက်မှုလက္ခဏာမရှိပါက အမေရိကန်သည် ရက်ပိုင်းအတွင်း ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် ၎င်း၏ကြိုးပမ်းမှုများကို ရပ်တန့်သွားနိုင်ကြောင်း”အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့ (ဧပြီ ၁၈) တွင် သတိပေးလိုက်သည်။

ပါရီမြို့မှ မထွက်ခွာမီ ၎င်းက “ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် မဖြစ်နိုင်ပါက ကျွန်ုပ်တို့ အခြားရွေးချယ်စရာများကို လုပ်ဆောင်ရမည်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ “ပဋိပက္ခပြီးဆုံးရေးအတွက် ညှိနှိုင်းမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါက အခြားနည်းလမ်းများကို ဆက်လက်လုပ်ဆောင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။

ရူဘီယို၏ ထုတ်ဖော်ပြောဆိုချက်များသည် သုံးနှစ်ကြာစစ်ပွဲကို ရပ်တန့်ရန် တိုးတက်မှုမရှိခြင်းအား ထရမ့် ဦးဆောင်သောအစိုးရအဖွဲ့အတွင်း တိုးပွားလာနေသော စိတ်ပျက်မှုကို ညွှန်းဆိုနေသည်။ မော်စကိုသည် ညှိနှိုင်းမှုများတွင် အချိန်ဆွဲနေပြီး ကိယက်ဗ်မှ သဘောတူထားသော စစ်ရေးရပ်စဲရေး အဆိုကို ပယ်ချခဲ့သည်။ စစ်ပွဲကိုရက်ပိုင်းအတွင်း အဆုံးသတ်ရန် ကတိပြုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “ရုရှားအနေဖြင့် အရှိန်မြှင့်လုပ်ဆောင်ရမည်” ဟု မကြာသေးမီက ပြောကြားခဲ့သည်။

အမေရိကန်အရာရှိများက ကိယက်ဗ်နှင့် ဥရောပသံတမန်များနှင့် ပူးတွဲဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး (နိုင်ငံခြားရေးဌာနက “အလွန်ကောင်းမွန်သော အပြန်အလှန်ဆွေးနွေးမှု” ဟု ဂုဏ်တင်ခဲ့သည်) ဝါရှင်တန်နှင့် ကိယက်ဗ် အကြား သတ္တုတွင်းထွက်သဘောတူညီချက်ဆိုင်ရာ ညှိနှိုင်းမှုများတွင် တိုးတက်မှုရှိသော်လည်း ငြိမ်းချမ်းရေးသည် ဝေးကွာနေဆဲဖြစ်သည်။ ထိုအတောအတွင်း အမေရိကန်မှ ညှိနှိုင်းပေးခဲ့သော စွမ်းအင် အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း စစ်ရပ်စဲမှုသည် သောကြာနေ့(ဧပြီ ၁၈)တွင် ကုန်ဆုံးသွားခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို နှစ်ဖက်စလုံးက မကြာခဏချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

ရူဘီယို၏ ပြောကြားချက်များအပြီး နာရီပိုင်းအတွင်း ဒုတိယသမ္မတ JD ဗန့်စ် က ထရမ့် ဦးဆောင်သော အစိုးရအဖွဲ့သည် “ရုရှား-ယူကရိန်း စစ်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း” ပြောကြားခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃