နျူကလီးယားဆွေးနွေးပွဲများအတွက် တရုတ်နိုင်ငံသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

News Image

  • နျူကလီးယားဆွေးနွေးပွဲများအတွက် တရုတ်နိုင်ငံသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

အမေရိကန်နိုင်ငံနှင့် နျူကလီးယားဆွေးနွေးပွဲများ မလုပ်ဆောင်မီ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီသည် ဧပြီလ ၂၃ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုများအတွက် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရှိ ရပါသည်။ 

အမေရိကန်နှင့် အီရန်တို့သည် အီရန်၏နျူကလီးယားအရေးနှင့် ပတ်သက်၍ သုံးကြိမ်မြောက်ဆွေးနွေးပွဲကို လာမည့်ရက်ပိုင်းအတွင်း အိုမန် နိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်းလည်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲ သို့ အာဘတ်စ် အာဂရာချီနှင့် အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန်စတိဗ်ဝစ်အော့ဖ်တို့က ဦးဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အာဘတ်စ်အာဂရာချီက “တရုတ်နိုင်ငံသည် တိုးတက်မှုများအား အသိပေးရန်နှင့် တိုင်ပင်မှုများ လုပ်ဆောင်ရန်အတွက် အီရန်အတွက် အရေးကြီးပါသည်” ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အီရန်၏ နျူကလီးယားအစီအစဉ်များကို ထိန်းချုပ်ထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်တွင် ပါဝင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း လည်း သိရှိရသည်။ အာဘတ်စ်အာဂရာချီက “အတိတ်ကာလက တရုတ် နိုင်ငံသည် အီရန်၏ နျူကလီးယားအရေးနှင့်ပတ်သက်၍ အရေးကြီးပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး လာမည့်အနာဂတ်တွင်လည်း တရုတ်၏ အခန်းကဏ္ဍက သေချာပေါက် လိုအပ်ပါသည်”ဟု ပြောကြားခဲ့ပါသည်။

ကိုးကား-NSS