ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံတစ်ခုတည်းကိုသာမက တစ်ကမ္ဘာလုံးကိုပါ အုပ်ချုပ်နေဟုဆို

News Image

  • ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံတစ်ခုတည်းကိုသာမက တစ်ကမ္ဘာလုံးကိုပါ အုပ်ချုပ်နေဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုဆိုလျှင် ၎င်း၏နိုင်ငံ တစ်ခုတည်း ကိုသာမက တစ်ကမ္ဘာလုံးကိုပါ အုပ်ချုပ်နေပြီး ၎င်း၏ ဒုတိယသက်တမ်း အာဏာသက်ရောက်မှုကို “အလွန်ပျော်ရွှင်စွာ လုပ်ကိုင်နေသည်” ဟု ပြောကြားခဲ့ပါသည်။

သမ္မတထရမ့်က The Atlantic မဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဒုတိယသက်တမ်း ပထမ (၁၀၀) ရက်အတွေ့အကြုံကို မျှဝေခဲ့ပါသည်။ ၎င်းအနေဖြင့် ပထမသက်တမ်း အစောပိုင်းကထက် ယခုအချိန်တွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နေသည် ဟုလည်း ဆိုပါသည်။

“ပထမတစ်ကြိမ်မှာတော့ နိုင်ငံကိုအုပ်ချုပ်ရင်းဖြင့် အသက်ရှင် ကျန်ရစ်ရန် နှစ်မျိုးဆောင်ရွက်ရကြောင်း၊ သစ္စာဖောက်များနှင့် ရုန်းကန်ခဲ့ရကြောင်း” ဟု ၎င်းက ရှင်းပြခဲ့ပြီး “ဒုတိယအကြိမ်တွင် နိုင်ငံကိုရော ကမ္ဘာကြီးကိုပါ အုပ်ချုပ်နေကြောင်း” ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့အပြင် အစိုးရအကြီးအကဲများနှင့် နီးစပ်သူတချို့က သမ္မတထရမ့်သည် အားလုံးထက် ပိုပျော်နေပြီး “မျက်လုံးထဲ၌ တောက်ပနေသည်” ဟု The Atlantic ကို ပြောပြခဲ့ကြရာ ထရမ့်က ဤသည်မှာ မှန်ကန်သည့်အချက် ဖြစ်ပြီး ၎င်းအနေဖြင့် “အရေးကြီးသည့်အလုပ်များ” လုပ်ဆောင်ရခြင်းကို အလွန်နှစ်သက်ကြောင်း အတည်ပြုခဲ့ပါသည်။

“မိမိလုပ်ဆောင်နေသည့်အရာများကို ကြည့်ရင်း အရမ်းပျော်နေပါသည်၊ မိမိဆောင်ရွက်ရသည့်အရာများက တကယ့်ကို အရေးကြီးသည့်အရာများ ဖြစ်ပါသည်” ဟု ၎င်းက ဆိုပါသည်။ ထို့အပြင် ၎င်းအား တတိယ သက်တမ်း ထပ်မံရပ်တည်နိုင်မလားဆိုသည့် မေးခွန်းလည်း မေးမြန်းခံရပါသည်။ တရားဝင်အားဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန် ဥပဒေအရ အခွင့်အရေး မရှိ သော်လည်း ၎င်းက အဆိုပါကိစ္စအကြောင်းကို မကြာခဏ ပြောဆိုလေ့ ရှိသည်။ ယခင်က ၎င်း၏ပြောဆိုချက်များကြောင့် ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲပြီး အာဏာဆက်လက် ရယူ ထားရန် ကြိုးစားနိုင်သည်ဆိုသည့် စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ သို့သော် ရီပတ်ပလီကန် ပါတီထိပ်တန်းခေါင်းဆောင်အချို့က ဤသည်မှာ ထရမ့်၏ နောက်ပြောင်သည့်ပြောဆိုမှုသာဖြစ်သည်ဟု ဆိုခဲ့ကြပါသည်။ ထို့အပြင် ၎င်း၏တရားဝင် အွန်လိုင်းစတိုးတွင် “Trump 2028” ဆိုသည့် ပစ္စည်းများပေါ်လာခြင်းကလည်း အဆိုပါ စိုးရိမ်မှုများကို ပိုမိုအားကောင်း စေခဲ့သည်။

သို့သော် ထရမ့်က ၎င်းသည် ဒုတိယသက်တမ်းအပြီးတွင် အာဏာ ဆက်လက် ရယူရန် တကယ့်အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့ပြီး ဤသည်မှာ လွန်စွာ ရှုပ်ထွေးသည့် ကိစ္စဖြစ်သည်ဟု ဝန်ခံခဲ့ပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂