တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ငြိမ်ခိုင်မာသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်သည်ကို မြင်တွေ့လိုကြောင်း BNP ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် Mirza Fakhrul Islam Alamgir က ဧပြီ ၂၆ တွင် ပြောကြား
“၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တည်ငြိမ်မှုကို တွေ့မြင်လိုပါကြောင်း၊ ခိုင်မာ ကြွယ်ဝသည့် ဒီမိုကရေစီ အသိုက်အဝန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့မြင်လိုပါကြောင်း” တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအပြီးတွင် Mirza Fakhrul Islam Alamgir က ပြောကြားခဲ့ပါသည်။
ဒေသစံတော်ချိန် ၆း၃၀ နာရီတွင် စတင်ခဲ့သော နှစ်နာရီကြာမြင့်သည့် တွေ့ဆုံပွဲကို မြို့တော်၏ Westin Hotel တွင် ပြုလုပ်ခဲ့ပါသည်။
Fakhrul က BNP နှင့် CPC ပါတီ နှစ်ပါတီအကြား တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ကာလရှည်ကြာခဲ့သည့် ဆက်ဆံရေးတစ်ခုရှိခြင်းကြောင့် ဖြစ်ပါသည်ဟု ပြောကြားခဲ့ပါသည်။
“Awami League ပါတီ၏ ၁၅ နှစ်ကျော် အုပ်ချုပ်မှုကြောင့် နှစ်ပါတီအကြား ဆက်ဆံရေးသည် အနှောက်အယှက်ဖြစ်စေမည်မဟုတ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“မိမိတို့အနေဖြင့် ထိုဆက်ဆံရေးကို ပြန်လည်မွမ်းမံနေကြပါကြောင်း၊ ထို့အတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် ဆက်ဆံရေးသည် တဖြေးဖြေး နက်ရှိုင်းလာပါကြောင်း၊ အနာဂတ်တွင်လည်း ဆက်လက်တည်မြဲ စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” BNP ပါတီ၏ ခေါင်းဆောင်က ပြောကြားခဲ့ပါသည်။
“ရွေးကောက်ပွဲများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း” Fakhrul က မေးခွန်းတစ်ခု ကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။
သို့သော် ၎င်းက နိုင်ငံ၏ ရွေးကောက်ပွဲနှင့် နိုင်ငံရေးအခြေအနေများအကြောင်း တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်များကို အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen က BNP ကိုယ်စားလှယ်များနှင့် ကောင်းမွန်သည့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
“မိမိတို့အနေဖြင့် ပါတီနှစ်ပါတီအကြား ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြပြီး တရုတ်ကွန်မြူနစ် ပါတီ (CPC)နှင့် BNP တို့ နှစ်နိုင်ငံအကြား အတူတကွ တိုးမြှင့်ပူးပေါင်းဆောင်ရွက်မည့်အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။
“လာမည့်ရွေးကောက်ပွဲအတွက် BNP ပါတီ၏ ရှုမြင်သုံးသပ်ချက်အကြောင်း BNP ပါတီ၏ အတွင်းရေးမှူးချုပ် က ရှင်းလင်းတင်ပြခဲ့သည်” ဟု တရုတ်ကိုယ်စားလှယ်က မေးခွန်းတစ်ခုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။
၎င်းက “ရွေးကောက်ပွဲများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ဆုံးဖြတ်ကြမည်ဖြစ်သည်” ဟု ထပ်တလဲလဲ ပြောကြားခဲ့ပါသည်။
အတွင်းရေးမှူးချုပ် Mirza Fakhrul Islam Alamgir ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးပါဝင်သည့် BNP ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်များအဖြစ် အမြဲတမ်းကော်မတီ၊ အဖွဲ့ဝင် Nazrul Islam Khan ၊ ဥက္ကဋ္ဌ၏ အကြံပေးကောင်စီ အဖွဲ့ဝင် Ismail Zabiullah၊ ဥပဒေရေးရာ အတွင်းရေးမှူး Kaiser Kamal ၊ ဥက္ကဋ္ဌ၏ နိုင်ငံခြားရေးရာအကြံပေးကော်မတီ၊အဖွဲ့ဝင် Humayun Kabir၊ မီဒီယာလုပ်ငန်းအဖွဲ့ဝင် Mahmuda Habiba နှင့် BNP ဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိ ABM Abdus Sattar တို့ပါဝင်ပါသည်။
CPC ကိုယ်စားလှယ်အဖွဲ့ကို CPC ဗဟိုကော်မတီ၏ ပြည်ပရေးရာဌာနအောက်ရှိ အရှေ့တောင်အာရှနှင့် တောင် အာရှရေးရာဗျူရိုဌာန၊ ညွှန်ကြားရေးမှူးချုပ် Peng Xiubin ဦးဆောင်ပါသည်။ အဖွဲ့ဝင်များအဖြစ် ဒုတိယညွှန်ကြားရေးမှူး Chen Xuanbo၊ တတိယအတွင်းဝန် Chen Yongpei နှင့် သံမှူး Zhang Guyu တို့ ပါဝင်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen သည်လည်း နိုင်ငံရေးရာဌာန၊ ညွှန်ကြားရေးမှူး Zhang Jing နှင့် နိုင်ငံရေးရာဌာန သံမှူး Liu Hongru တို့လိုက်ပါလျက် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၇ ရက်နေ့တွင် ဂျာမတ်အီအစ္စလာမ် ပါတီနှင့်လည်း တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဘင်္ဂလားဒေ့ရှ်ပါတီဘက်က ဘင်္ဂါလီ၁ဒသမ ၂သန်း (၁၂သိန်း) အတွက် ရခိုင်ပြည်နယ်တွင် လွတ်လပ်သည့်ပြည်နယ် ထူထောင်ပေးရန် တောင်းဆိုထားသည့်အချက်လည်း ပါဝင်ကြောင်း သိရှိရပါသည်။
“တရုတ်အစိုးရသည် မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသောကြောင့် ဘင်္ဂါလီများအတွက် ရခိုင် ပြည်လွတ်မြောက်ရန် အရေးပါသော အခန်းကဏ္ဍကဆောင်ရွက်ပေးနိုင်သည်” ဟု ၎င်းကပြောကြားခဲ့သည်။
ဂျာမတ်ပါတီခေါင်းဆောင် Syed Abdullah Md Taher က ဒေသတွင်းလုံခြုံရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ ပါသည်။
အဆိုပါဒေသတွင် မည်သူကမျှ အခြားတစ်ဦးအပေါ် ရန်လိုသည့်သဘောထား မရှိဟု ဆိုပါသည်။
Taher က ပါတီအချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းသည် CCP နှင့် ဆက်ဆံရေးတိုးမြှင့်ရန် Jamaat အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။
၎င်းက ရေနက်ဆိပ်ကမ်းနှင့် ဒုတိယမြောက် ပဒ္ဒမာတံတား Teesta Barrage တည်ဆောက်ရေးလုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ပါသည်။
ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ရေချိုသယံဇာတစီးပွားရေးကို မြှင့်တင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျောင်းသားများကို ပညာသင်ဆုများ ထောက်ပံ့ပေးရန်အတွက်လည်း တောင်းဆိုခဲ့ပါသည်။
ရွေးကောက်ပွဲများနှင့် ပြန်လည်ပြုပြင်ရေးအပေါ် Taher က တရုတ်ကိုယ်စားလှယ်များသည် မည်သည့် အချိန်နှင့် မည်သို့ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ကိုသိရှိလိုကြကြောင်းနှင့် အကြံပေးချုပ်အနေဖြင့် ပါတီက ဆောင်ရွက်ရမည့် အချိန်ကာလကန့်သတ်ချက်ကို ချမှတ်ပေးထားခြင်းရှိမရှိ သိရှိလိုကြပါသည်။
တရုတ်နိုင်ငံကိုယ်စားလှယ်များက “ပေကျင်းသည် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကိုမဆို ဝင်ရောက် စွက်ဖက်ခြင်းမပြုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍လည်း အလားတူပင် ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
CCP ကိုယ်စားလှယ်အဖွဲ့ကို CCP ဗဟိုကော်မတီ၏ ပြည်ပရေးရာဌာနအောက်ရှိ အရှေ့တောင်အာရှနှင့် တောင်အာရှရေးရာဗျူရိုဌာနက Peng Jiubin ဦးဆောင်ပါသည်။
Jamaat ကိုယ်စားလှယ်အဖွဲ့တွင် လက်ထောက်အတွင်းရေးမှူးချုပ် Rafiqul Islam Khan နှင့် Ehsanul Mahbub Zobayer၊ ပြည်သူ့ဆက်ဆံရေးဌာန၊ အတွင်းရေးမှူး Matiur Rahman Akand ၊ အမှုဆောင် ကောင်စီအဖွဲ့ဝင် Muhammad Selim Uddin နှင့် Nurul Islam Bulbul တို့ပါဝင်ပါသည်။
Source: The Business Standard