ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းက ဆိုဗီယက်နှင့် ရုရှားလူမျိုးတို့၏ အောင်ပွဲဆွတ်ခူးမှုကို ကိုယ်စားပြုကြောင်း ရုရှားသမ္မတပြောကြား
ကြီးမြတ်သော မိမိနိုင်ငံအတွက် စစ်ပွဲ (Great Patriotic War) ၏ အောင်ပွဲသည် ဆိုဗီယက်နှင့် ရုရှားလူမျိုးတို့၏ အောင်ပွဲဖြစ်သည် ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁ရက်နေ့တွင် ပြုလုပ်သည့် ပညာရေးညီလာခံတစ်ခုတွင် ပြောကြားလိုက်ပါသည်။
“ဆိုဗီယက်ခေတ်က လူများသည် ဤအောင်ပွဲနေ့ကို သီချင်းများဖြင့်ဖော်ညွှန်းလေ့ရှိကြပါတယ်၊ အဆိုပါနေ့သည် မျက်ရည်ကျရသည့်နေ့လည်း ဖြစ်ပါကြောင်း၊ သို့သော် ပထမဆုံးအနေဖြင့် ထိုအရာသည် အောင်ပွဲနေ့ပါပဲ။ ဒုတိယကမ္ဘာစစ် သို့မဟုတ် “ကြီးမြတ်သော မိမိနိုင်ငံအတွက် စစ်ပွဲအတွင်းက ဖြစ်ရပ်တွေအားလုံးသည် မိမိတို့ ဆိုဗီယက်လူမျိုးများနှင့် ရုရှားလူမျိုးများ၏ အောင်မြင်မှုပါ” ဟု ရုရှားသမ္မတက ပြောခဲ့ပါသည်။
မေလ ၉ ရက် အောင်ပွဲနေ့သည် ရုရှားနိုင်ငံအတွက်သာမက မိသားစုတိုင်းအတွက်ပါ အထူးအရေးပါသောနေ့ဖြစ်ကြောင်း” ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။
Great Patriotic War သည် ရုရှားတို့က ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၁-၁၉၄၅) ဂျာမနီနှင့် တိုက်ခိုက်ခဲ့သော အဓိကစစ်ပွဲများကို ရည်ညွှန်းပါသည်။ ရုရှားနိုင်ငံတွင် မေ ၉ ရက်ကို နှစ်စဉ် Victory Day အဖြစ် ကြီးကျယ်စွာ ကျင်းပလေ့ရှိပြီး စစ်အတွင်း အသက်ပေးခဲ့သူများအား ဂုဏ်ပြုလေ့ရှိပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃