Mercedes-Benz အလာဘားမားစက်ရုံတွင် ကားထုတ်လုပ်မှု တိုးချဲ့ သွားမည်
Mercedes-Benz ကုမ္ပဏီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကားအကောက်ခွန်များကြောင့် အလာဘားမားပြည်နယ်ရှိ စက်ရုံတွင် အခြေခံအဆင့် ကားမော်ဒယ်အသစ်တစ်မျိုးကို ၂၀၂၇ ခုနှစ်မတိုင်မီ ထုတ်လုပ်သွားမည်ဟု ကြေညာလိုက်ပါသည်။
ကုမ္ပဏီသည် Tuscaloosa အနီးရှိ စက်ရုံတွင် ကား၏ အဓိက အစိတ်အပိုင်း (core segment) ကို ထုတ်လုပ်မည်ဖြစ်သော်လည်း အတိအကျ သတင်းများ ဖော်ပြထားခြင်း မရှိသေးပါ။ ယခုစက်ရုံသည် အဓိကအားဖြင့် Mercedes-Benz SUV များ (GLE, GLS) ကို ထုတ်လုပ်လျက်ရှိပါသည်။
Mercedes-Benz ၏ မြောက်အမေရိက အမှုဆောင်အရာရှိချုပ် Jason Hoff က “Tuscaloosa တွင် အခြေခံအဆင့်မော်ဒယ်တစ်ခုကို ဒေသတွင်း ထုတ်လုပ်ခြင်းဖြင့် အမေရိကန်ဝယ်ယူသူများနှင့် ပိုမိုနီးစပ်လာပြီး မြောက်အမေရိကဈေးကွက်ကို ပိုမိုခိုင်မာစေမည်” ဟု ပြောကြားခဲ့ ပါသည်။
Mercedes-Benz ၏ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်း ရောင်းချရန် ဒေသတွင်းထုတ်လုပ်သည့် မဟာဗျူဟာ (local-for-local strategy) ကြောင့် ဟု ဆိုထားသော်လည်း ထရမ့်၏ ကားနှင့် ကားအစိတ်အပိုင်းကို ၂၅ ရာခိုင်နှုန်းအကောက်ခွန်များ မေ ၃ ရက် (စနေနေ့)မှ စတင်မည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ယူဆရပါသည်။
Tuscaloosa စက်ရုံသည် Mercedes-Benz SUV များ၏ ကမ္ဘာ့တင်ပို့မှု ဗဟိုဌာနအဖြစ် ရပ်တည်နေပြီး ကုမ္ပဏီက ထုတ်လုပ်သော SUV များ၏ ၆၀ % ကို တင်ပို့ပေးလျက်ရှိပါသည်။
ကိုးကား- CNBC
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃