အီရန်နှင့်ပတ်သက်နေသောနိုင်ငံများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်းများကို ဆက်လက်ဝယ်ယူနေသော နိုင်ငံများသည် ဒုတိယအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန် နှင့် အီရန်အကြားဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ဒေါ်နယ်ထရမ့်၏ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်က “အီရန်နှင့် ရေနံကုန်သွယ်မှုများ လုပ်ဆောင်နေသည့် မည်သည့် နိုင်ငံကိုမဆို အမေရိကန်နိုင်ငံနှင့် စီးပွားရေးလုပ်ရန် ခွင့်ပြုမည် မဟုတ်ပါ။ အီရန်ရေနံ သို့မဟုတ် ရေနံဓာတုပစ္စည်းများ ဝယ်ယူမှု အားလုံး ကို ချက်ချင်းရပ်တန့်ရပါမည်” ဟု ပြောဆိုခဲ့ပါသည်။ အီရန်ရေနံနှင့် ရေနံ ဓာတုပစ္စည်းများ တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေသော ကုမ္ပဏီ(၇)ခုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာ၌ အဆိုပါထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပိတ်ဆို့ အရေးယူမှုစာရင်း၌ ယူအေအီးနိုင်ငံအခြေစိုက် အဖွဲ့အစည်း(၆)ခုအပြင် တူရကီကုမ္ပဏီတစ်ခုနှင့် အီရန်ကုမ္ပဏီတစ်ခုတို့ ပါဝင်ကြောင်း သိရှိ ရပါသည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှု အသစ်များအပေါ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ကိုးကား-NP News